YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရုသဝတ္ထု 4

4
ရုသနှင့်ဗောဇ ထိမ်းမြားခြင်း
1ဗောဇ​သည် မြို့​တံခါးဝ​သို့​သွား​၍​ထိုင်​နေ​စဉ် သူ​ပြော​ခဲ့​ဖူး​သည့် ရွေးနုတ်​ခွင့်​ရှိ​သူ ဖြတ်လာ​သည်​ကို​မြင်​၏​။ ထိုအခါ ဗောဇ​က​“​မိတ်ဆွေ​၊ လာ​ထိုင်​ပါ​ဦး​”​ဟု ဖိတ်ခေါ်​သဖြင့် ထို​သူ​လည်း လာ​ထိုင်​လေ​၏​။ 2သူ​သည် မြို့​၏​သက်ကြီးဝါကြီး​ဆယ်​ယောက်​ကို​လည်း ခေါ်​၍ “​ထိုင်​ကြ​ပါ​ဦး​”​ဟု ဆို​လျှင် သူ​တို့​လည်း ထိုင်​ကြ​၏​။ 3ထိုအခါ ဗောဇ​က ရွေးနုတ်​ခွင့်​ရှိ​သော​သူ​အား “​မောဘ​ပြည်​မှ ပြန်လာ​သော နောမိ​သည် ငါ​တို့​၏​ညီအစ်ကို​ဧလိမလက် ပိုင်​သော​မြေ​တစ်​ကွက်​ကို ရောင်း​လို​သည်​ဖြစ်၍ 4သင့်​ကို ပြောပြ​သင့်​သည်​ထင်​ပါ​၏​။ ယခု ဤ​နေရာ​တွင်​ထိုင်​နေ​သော​သူ​တို့​နှင့် မြို့သား​သက်ကြီးဝါကြီး​တို့​ရှေ့​တွင် ဝယ်​ပါ​။ သင်​ရွေးနုတ်​လို​လျှင် ရွေးနုတ်​ပါ​။ မ​ရွေးနုတ်​လို​လျှင် အကျွန်ုပ်​ကို​ပြော​ပါ​။ သင်​နှင့် ကျွန်ုပ်​မှလွဲ၍ ရွေးနုတ်ပိုင်​သူ​မ​ရှိ​။ သင်​အလျင် ရွေးနုတ်ပိုင်ခွင့်​ရှိ​သည်​။ သင်​မ​ရွေးနုတ်​လျှင် ကျွန်ုပ်​ရွေးနုတ်​မည်​”​ဟု ဆို​လျှင် ထို​သူ​က “​ကျွန်ုပ်​ရွေးနုတ်​ပါ​မည်​”​ဟု ဆို​၏​။
5ဗောဇ​က​လည်း “​နောမိ​လက်​မှ မြေကွက်​ကို​ဝယ်​မည်​ဆို​လျှင် သေလွန်​သူ​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​ပါ ဝယ်ယူ​ရ​မည်​။ သို့မှ သေလွန်​သူ​၏​အမွေမြေ​ကို သူ့​အမည်​ဖြင့် ဆက်လက်​တည်​စေ​မည်​ဖြစ်​သည်​”​ဟု ဆို​လျှင်
6ရွေးနုတ်​ခွင့်​ရှိ​သူ​က​လည်း “​ကျွန်ုပ်​ပိုင်​သော​အမွေမြေ​အတွက် အန္တရာယ်​ဖြစ်​မည်​ကို စိုး​သောကြောင့် ကျွန်ုပ်​မ​ရွေးနုတ်​တော့​ပါ​။ ကျွန်ုပ်​မ​ရွေးနုတ်​နိုင်​သောကြောင့် သင်​သာ ရွေးနုတ်​ပါ​”​ဟု ပြန်ပြော​၏​။
7ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် ရွေးနုတ်​ခြင်း​အမှု​၊ လဲလှယ်​ခြင်း​အမှု​တို့​ကို အတည်ပြု​ရန် တစ်ဦး​က အခြား​တစ်ဦး​အား မိမိ​၏​ဖိနပ်​ကို ချွတ်ပေး​ရ​လေ့​ရှိ​သည်​မှာ အစ္စရေး​လူမျိုး​တို့​၏​ဓလေ့ထုံးတမ်း ဖြစ်​၏​။
8ထို့ကြောင့် ရွေးနုတ်​ခွင့်​ရှိ​သူ​က ဗောဇ​အား “​သင်​သာ ဝယ်ယူ​ပါ​”​ဟု ဆို​ပြီးလျှင် မိမိ​၏​ဖိနပ်​ကို ချွတ်​၏​။
9ထိုအခါ ဗောဇ​က သက်ကြီးဝါကြီး​နှင့် လူ​အပေါင်း​တို့​အား “​ဧလိမလက်​ပိုင်​သမျှ​၊ ခိလျုန်​နှင့် မဟာလုန်​ပိုင်​သမျှ​ကို ယနေ့ နောမိ​လက်​မှ အကျွန်ုပ်​ဝယ်ယူ​ကြောင်း သင်​တို့​သည် သက်သေ​များ​ဖြစ်​ကြ​၏​။ 10ကွယ်လွန်​သူ​၏​အမွေ​သည် သူ့​အမည်​ဖြင့် ဆက်ရှိ​စေရန်​၊ သူ့​ညီအစ်ကို​ကြား​၊ သူ့​နေရင်းမြို့​တံခါး​တို့​တွင် နာမည်​ပယ်ဖျက်​မ​ခံရ​စေရန် မဟာလုန်​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​လည်း အကျွန်ုပ်​၏​မယား​အဖြစ် ဝယ်ယူ​မည်​။ ဤသည်မှာ​လည်း သင်​တို့​သည် သက်သေ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏​။
11မြို့​တံခါးဝ​ရှိ​လူ​အပေါင်း​တို့​နှင့် သက်ကြီးဝါကြီး​တို့​က “​ငါ​တို့​သည် သက်သေ​များ​ဖြစ်​ကြ​သည် မှန်​ပါ​၏​။ အစ္စရေး​မျိုးနွယ်​ကို​ဖြစ်တည်​လာ​စေ​သူ​နှစ်​ဦး​ဖြစ်​သည့် ရာခေလ​နှင့်​လေအာ​ကို ထာဝရဘုရား ကောင်းချီးပေး​တော်မူ​သကဲ့သို့ သင့်​အိမ်သူ​ဖြစ်လာ​မည့်​အမျိုးသမီး​ကို​လည်း ကောင်းချီးပေး​ပါစေသော​။ သင်​သည် ဧဖရတ်​မြို့​၌ ဥစ္စာပစ္စည်း​တိုးပွား​၍ ဗက်လင်​မြို့​မှာ ကျော်ကြား​ပါစေသော​။ 12ထာဝရဘုရား​က ဤ​မိန်းမငယ်​အားဖြင့် သင့်​အား​ပေး​တော်မူ​မည့် သင့်​အမျိုးအနွယ်​သည် ယုဒ​နှင့်​တာမာ​မှ​ဆင်းသက်​သော ဖာရက်​အမျိုးအနွယ်​ကဲ့သို့​ဖြစ်​ပါစေသော​”​ဟု ဆို​ကြ​၏​။
13ဤသို့ဖြင့် ဗောဇ​သည် ရုသ​နှင့် ထိမ်းမြား​ပြီး လင်မယား​အဖြစ် အတူ​နေထိုင်​ကြ​၏​။ ထာဝရဘုရား ကောင်းချီးပေး​သဖြင့် ရုသ​သည် သန္ဓေတည်​၍ သားယောက်ျား​ကို ဖွားမြင်​လေ​၏​။ 14ထိုအခါ မိန်းမ​တို့​က နောမိ​အား “​ယနေ့ သင့်​အဖို့ ရွေးနုတ်​ခွင့်​ရှိ​သူ​ကို ပေါ်လာ​စေ​သော​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ ထို​သူငယ်​သည် အစ္စရေး​လူမျိုး​တို့​တွင် နာမည်​ကျော်စော​ပါစေသော​။ 15သင့်​ကို ချစ်​၍ သင့်​အဖို့ သား​ခုနစ်​ယောက်​ထက်​သာ၍​ကောင်း​သော သင့်​ချွေးမ​သည် ထို​သူငယ်​ကို မွေးဖွား​လေ​ပြီ​။ ထို​သူငယ်​သည် သင့်​စိတ်​ကို​ပြန်လည်​လန်းဆန်း​စေ​သူ​၊ သင်​အိုမင်းရင့်ရော်​သောအခါ သင့်​ကို ကြည့်ရှုစောင့်ရှောက်​သူ ဖြစ်​ပါစေ​”​ဟု ဆို​ကြ​၏​။ 16နောမိ​သည် သူငယ်​ကို ရင်ခွင်ပိုက်​ကြည့်ရှု​စောင့်ရှောက်​လေ​၏​။ 17အိမ်နီးချင်း​တို့​က​လည်း “​နောမိ​၌ သား​တစ်​ယောက်​ရ​ပြီ​”​ဟု ဆို​လျက် ထို​သူငယ်​ကို ဩဗက်​ဟု မှည့်ခေါ်​၏​။ ဩဗက်​သည် ဒါဝိဒ်​၏​အဖိုး​၊ ယေရှဲ​၏​ဖခင် ဖြစ်​သတည်း​။
ယုဒသားမြေးမှ ဒါဝိဒ်၏ဆွေစဉ်မျိုးဆက်
18ဖာရက်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​ကား ဤသို့​ဖြစ်​၏​။
ဖာရက်​၏​သား ဟေဇရုန်​၊
19ဟေဇရုန်​၏​သား ရာမ​၊ ရာမ​၏​သား အမိနဒပ်​၊
20အမိနဒပ်​၏​သား နာရှုန်​၊ နာရှုန်​၏​သား စာလမုန်​၊
21စာလမုန်​၏​သား ဗောဇ​၊ ဗောဇ​၏​သား ဩဗက်​၊
22ဩဗက်​၏​သား ယေရှဲ​၊ ယေရှဲ​၏​သား ဒါဝိဒ် ဖြစ်​သတည်း​။

လက်ရှိရွေးချယ်ထားမှု

ရုသဝတ္ထု 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။