YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 1

1
ဟန္န၏အဓိဋ္ဌာန်
1ဧဖရိမ်​တောင်ပေါ်ဒေသ​၊ ရာမသိမ်​ဇုဖိမ်​မြို့​တွင် ဧလကာန​အမည်​ရှိ​သော လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဧဖရိမ်​အမျိုး ဇုဖ​၏​တီ​၊ တောဟူ​၏​မြစ်​၊ ဧလိဟု​၏​မြေး​၊ ယေရောဟံ​၏​သား​ဖြစ်​၏​။ 2ထို​သူ​၌ မယား​နှစ်​ယောက်​ရှိ​၏​။ တစ်​ယောက်​၏​အမည်​မှာ ဟန္န​ဖြစ်ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ပေနိန္န​ဖြစ်​၏​။ ပေနိန္န​၌ သားသမီး​ရှိ​၏​။ ဟန္န​၌ကား သားသမီး​မ​ရှိ​ချေ​။ 3ဧလကာန​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရန်​နှင့် ယဇ်ပူဇော်​ရန်​အတွက် မိမိ​နေထိုင်​ရာ​မြို့​မှ ရှိလော​မြို့​သို့ နှစ်စဉ်​သွား​လေ့​ရှိ​၏​။ ထို​မြို့​တွင် ဧလိ​၏​သား​နှစ်​ယောက်​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​သည် ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏​။
4ဧလကာန​သည် မိမိ​ယဇ်ပူဇော်​ရာ​နေ့​ရောက်​တိုင်း မယား​ပေနိန္န​နှင့် သူ​၏​သား​သမီး​အားလုံး​ကို ဝေစု​များ​ခွဲဝေ​ပေး​လေ့​ရှိ​၏​။ 5သူ​သည် ဟန္န​ကို​ချစ်​သောကြောင့် ဝေစု​နှစ်ဆ​ခွဲဝေ​ပေး​၏​။ သို့သော် ထာဝရဘုရား​သည် ဟန္န​ကို​သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ#1:5 တိုက်ရိုက်ပြန်ဆိုလျှင် “ဟန္န၏သားအိမ်ကိုပိတ်ထား၏”။​။ 6ထိုသို့ ထာဝရဘုရား​သည် ဟန္န​အား သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သောကြောင့် သူ​၏​ပြိုင်ဖက်​သည် ဟန္န​စိတ်ဆိုး​အောင် ဒေါသစိတ်​ကို ဆွ​လေ့​ရှိ​၏​။ 7ဟန္န​သည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​သည့်အခါ​တိုင်း ပြိုင်ဖက်​သည် သူ့​ကို ဒေါသ​ထွက်​အောင် ဆွ​လေ​၏​။ ထို့ကြောင့် သူ​သည် အစာ​မ​စား​ဘဲ ငို​၍​သာ​နေ​ရ​၏​။ 8သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​ဟန္န​၊ အဘယ်ကြောင့် ငိုကြွေး​နေ​သနည်း​။ အဘယ်ကြောင့် မ​စား​မ​သောက်​ဘဲ​နေ​သနည်း​။ အဘယ်ကြောင့် စိတ်ဆင်းရဲ​နေ​သနည်း​။ ငါ​သည် သင့်​အပေါ် သား​ဆယ်​ယောက်​ထက် ပို၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ဆို​၏​။
9သူ​တို့​သည် ရှိလော​မြို့​တွင် စား​သောက်​ကြ​ပြီးနောက် ဟန္န​သည် ထသွား​လေ​၏​။ ထိုစဉ် ယဇ်ပုရောဟိတ်​ဧလိ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးတိုင်​အနီး​ရှိ ထိုင်ခုံ​ပေါ်တွင် ထိုင်​နေ​၏​။ 10ဟန္န​သည် စိတ်နှလုံး​ကြေကွဲ​စွာ​ဖြင့် ထာဝရဘုရား​ထံ ငိုယို​လျက် 11“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။
12ထိုသို့ ထာဝရဘုရား​ထံ အဆက်မပြတ်​ဆုတောင်း​နေ​စဉ် ဧလိ​သည် သူ့​နှုတ်​ကို ကြည့်​လျက်​နေ​၏​။ 13ဟန္န​သည် စိတ်​ထဲ၌​ဆုတောင်း​နေ​သောကြောင့် နှုတ်ခမ်း​သာ​လှုပ်​ပြီး အသံ​မ​ထွက်​။ ထို့ကြောင့် ဧလိ​က ဟန္န ယစ်မူး​နေ​သည်​ဟု ထင်​၍ 14ဧလိ​က သူ့​အား “​သင်​သည် မည်မျှ​ကြာ​အောင်​ယစ်မူး​နေ​မည်နည်း​။ စပျစ်ဝိုင်​ကို ရှောင်​ပါ​လော့​”​ဟု ဆို​၏​။
15ဟန္န​က​လည်း “​သခင်​၊ ထိုသို့​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် စိတ်သောက​ရောက်​နေ​သော​မိန်းမ ဖြစ်​ပါ​၏​။ စပျစ်ဝိုင် မ​သောက်​ပါ​။ သေရည်သေရက်​ကို​လည်း မ​သောက်​ပါ​။ ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​စိတ်ခံစားချက်​ကို ဖွင့်ပြ​နေ​ခြင်း​သာ​ဖြစ်​ပါ​၏​။ 16သခင့်​ကျွန်မ​ကို ဆိုးညစ်​သော​မိန်းမ​ဟု မ​ထင်​ပါ​နှင့်​။ အကျွန်ုပ်​၌ ပူဆွေး​ဝမ်းနည်းမှု များလွန်း​သဖြင့် အဆက်မပြတ်​ဆုတောင်း​နေ​ခြင်း​သာ ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​သော်
17ဧလိ​က “​ငြိမ်ဝပ်​စွာ​သွား​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် သင်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါစေသော​”​ဟု ဆို​၏​။
18ထိုအခါ ဟန္န​က “​သခင့်​ကျွန်မ​သည် သခင့်​ရှေ့​၌​မျက်နှာရ​ပါစေသော​”​ဟု ဆို​ပြီး သူ​သည် ထွက်သွား​၍ စားသောက်​လေ​၏​။ သူ​၏​မျက်နှာ​သည်​လည်း ယခင်က​ကဲ့သို့ မ​ညှိုး​တော့​ပေ​။
ရှမွေလမွေးဖွားခြင်းနှင့်ဆက်ကပ်အပ်နှံခြင်း
19သူ​တို့​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ပြီးလျှင် မိမိ​တို့​အိမ်​ရှိ​ရာ ရာမ​မြို့​သို့ ပြန်​လာ​ကြ​၏​။ ထို့နောက်တွင် ဧလကာန​သည် မိမိ​၏​မယား​ဟန္န​နှင့်​ဆက်ဆံ​၏​။ ထာဝရဘုရား​သည်​လည်း ဟန္န​ကို အောက်မေ့​တော်မူ​သဖြင့် 20အချိန်တန်​သောအခါ ဟန္န​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​လေ​၏​။ ဟန္န​က​လည်း “ဤ​သား​သည် ထာဝရဘုရား​ထံ ဆုတောင်း​၍ ရ​သော​သား​ဖြစ်​၏”​ဟု ဆို​ပြီး သူ​၏​အမည်​ကို ရှမွေလ ဟု​မှည့်ခေါ်​လေ​၏​။ 21ဧလကာန​သည် ထာဝရဘုရား​ထံ နှစ်စဉ်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရန်​နှင့် ကတိသစ္စာဝတ်​ကို​ပြု​ရန် သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​နှင့်အတူ သွား​ကြ​၏​။ 22သို့သော် ဟန္န​က လိုက်​မ​သွား​ဘဲ သူ့​ခင်ပွန်း​အား “​သူငယ်​နို့ပြတ်​ပြီးမှ သူ့​ကို ခေါ်သွား​မည်​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်​၍ ထို​နေရာ​တွင် အစဉ်အမြဲ​နေ​ရ​မည်​”​ဟု ဆို​၏​။
23သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​သင်​ကောင်း​သည်​ဟု​ထင်​သည့်​အတိုင်း ပြု​ပါ​။ သူငယ်​နို့ပြတ်​သည်​အထိ နေ​ပါ​။ ထာဝရဘုရား​သည် ကတိ​ထား​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ထို့ကြောင့် ဟန္န​နေ​ခဲ့​၍ မိမိ​၏​သား​ကို နို့ပြတ်​သည်​အထိ​ပြုစု​စောင့်ရှောက်​လေ​၏​။ 24သူငယ်​နို့ပြတ်​ပြီးမှ ဟန္န​သည် နွားထီး​သုံး​ကောင်#1:24 အချို့မူကွဲကျမ်းများ၌ “သုံးနှစ်သားနွားထီးတစ်ကောင်”။​၊ မုန့်ညက်​တစ်​ဧဖာ#1:24 “22 လီတာ”။​၊ စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​ပြီးလျှင် သူငယ်​ကို ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ရာ ရှိလော​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ သူငယ်​ကား အလွန်​နုနယ်​သေး​၏​။ 25သူ​တို့​သည် နွား​ကို​သတ်​ပြီး သူငယ်​ကို ဧလိ​ထံသို့ ခေါ်ဆောင်​လာ​ကာ
26ဟန္န​က “​အို အကျွန်ုပ်​၏​သခင်​၊ သခင် အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​သည် ယခင်​က ဤ​နေရာ အရှင့်​အနား​တွင်​ရပ်​လျက် ထာဝရဘုရား​ထံ​ဆုတောင်း​ခဲ့​သော​မိန်းမ ဖြစ်​ပါ​၏​။ 27ဤ​သား​ကို​ရ​ဖို့ ဆုတောင်း​ခဲ့​ရာ ထာဝရဘုရား​သည် အကျွန်ုပ်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါ​ပြီ​။ 28ထို့ကြောင့် ယခု အကျွန်ုပ်​သည် ဤ​သူငယ်​ကို ထာဝရဘုရား​ထံ ဆက်ကပ်​ပါ​၏​။ သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို ထာဝရဘုရား​ထံ အပ်နှံ​ပါ​ပြီ​”​ဟု ဆို​ပြီး ထို​နေရာ​တွင် ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။