YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 13

13
အာဏာပိုင်များကိုပြုအပ်သောဝတ်
1အထက်​အာဏာပိုင်​များ​ကို လူ​တိုင်း​နာခံ​စေ။ အကြောင်းမူကား ဘုရားသခင်​ထံမှ​မ​ဟုတ်​သော​အာဏာ​ဟူ၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာဏာ​များ​သည် ဘုရားသခင်​ခန့်အပ်​တော်မူ​ရာ​ဖြစ်​၏။ 2ထို့ကြောင့် အာဏာပိုင်​ကို​ဆန့်ကျင်​သော​သူ​သည် ဘုရားသခင်​၏​ပြဋ္ဌာန်း​တော်မူ​ချက်​ကို ဆန့်ကျင်​ရာ​ရောက်​၏။ ထိုသို့​ဆန့်ကျင်​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ကိုယ်တိုင်​ခံရ​ကြ​လိမ့်မည်။ 3အဘယ်ကြောင့်​ဆိုသော် အုပ်ချုပ်​သူ​များ​သည် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက် ကြောက်​စရာ​မ​ဟုတ်​ဘဲ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက်​သာ ကြောက်​စရာ​ဖြစ်​၏။ သင်​သည် အာဏာပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အမှု​ကို​ပြု​လော့။ ထိုသို့ပြုလျှင် သူ​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။ 4အကြောင်းမူကား သူ​သည် သင့်​အား ကောင်းကျိုး​ပြု​သော ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ရာတွင် မကောင်း​သော​အမှု​ကို​သင်​ပြု​လျှင် ကြောက်ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အကြောင်းမဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မကောင်း​သော​အမှု​ကို​ပြုကျင့်​သော​သူ​အား အမျက်​တော်​အတွက် အပြစ်​ဒဏ်​ပေး​သည့် ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ 5သို့ဖြစ်၍ အမျက်​တော်​ကြောင့်​သာ​မ​ဟုတ်​ဘဲ အသိစိတ်​အတွက်​ကြောင့်​လည်း နာခံ​ရ​မည်။ 6ဤ​အကြောင်း​ကြောင့် အခွန်​များ​ကို​လည်း သင်​တို့​ပေးဆောင်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​အမှု​ကို​ထမ်းဆောင်​သူ​များ​ဖြစ်​ကြ​ပြီး ထို​အမှု​ကို အစဉ်တစိုက်​ဆောင်ရွက်​နေ​ကြ​၏။ 7သို့ဖြစ်၍ လူ​အသီးသီး​တို့​အား ပေး​သင့်​သည်​ကို ပေးဆောင်​ကြ​လော့။ အခွန်​ပေး​သင့်​သော​သူ​အား အခွန်​ကို​လည်းကောင်း၊ အကောက်​ပေး​သင့်​သော​သူ​အား အကောက်​ကို​လည်းကောင်း ပေးဆောင်​ကြ​လော့။ ကြောက်ရွံ့​သင့်​သော​သူ​ကို​ကြောက်ရွံ့​၍ ရိုသေ​သင့်​သော​သူ​ကို​ရိုသေ​ကြ​လော့။
ပညတ်တရား၏ပြည့်စုံရာဖြစ်သောချစ်ခြင်းမေတ္တာ
8အချင်းချင်း​ချစ်​ခြင်း​မှတစ်ပါး မည်သည့်​အကြွေး​မျှ မ​တင်​စေ​ကြ​နှင့်။ သူတစ်ပါး​ကို​ချစ်​သော​သူ​သည် ပညတ်​တရား​ကို​ပြည့်စုံ​စေ​ပြီ။ 9အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုးယူ​ရ၊ တပ်မက်​သော​စိတ်​မ​ရှိ​ရ”#ထွ 20:13-17၊ ဝတ် 19:18၊ တရား 5:17-21။​ဟူသော​ပညတ်ချက်​များ​မှစ၍ အခြား​မည်သည့်​ပညတ်​ချက်​မဆို “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော ဤ​မိန့်​တော်မူ​ချက်​၌ ပေါင်းခြုံ​ထား​၏။ 10ချစ်​ခြင်း​မေတ္တာ​သည် ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​အပေါ် မကောင်း​သော​အမှု​ကို​မ​ပြု​တတ်။ ထို့ကြောင့် ချစ်​ခြင်း​မေတ္တာ​သည် ပညတ်​တရား​၏​ပြည့်စုံ​ရာ​ဖြစ်​၏။
11သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။ 12ည​အချိန်​ကုန်​လု​၍ နေ့​အချိန်​ရောက်​တော့မည်။ ထို့ကြောင့် ငါ​တို့​သည် မှောင်မိုက်​ခြင်း​၏​အကျင့်​များ​ကို ဖယ်ရှား​လျက် အလင်း​၏​လက်နက်​များ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​ကုန်စို့။ 13အပျော်ကြူး​ခြင်း​နှင့်​သောက်စား​မူးယစ်​ခြင်း​တို့​၌​လည်းကောင်း၊ ကိလေသာ​ရှုပ်ထွေး​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​၌​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့်​မနာလို​ခြင်း​တို့​၌​လည်းကောင်း မ​ကျင်လည်​ကြ​ဘဲ နေ့​အချိန်​၌​လျှောက်လှမ်း​သကဲ့သို့ တင့်တယ်​လျောက်ပတ်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ကုန်စို့။ 14သခင်​ယေရှု​ခရစ်တော်​ကို ဝတ်ဆင်​ကြ​လော့။ သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို​ဖြည့်ဆည်း​ရန် မ​ကြံစည်​ကြ​နှင့်။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။