YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 12

12
ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်း
1သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။ 2သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။
3ငါ့​အား​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ထဲတွင်​ရှိ​သော​သူ​အားလုံး​ကို ငါ​မှာကြား​လို​သည်​မှာ သင်​တို့​သည် မိမိကိုယ်ကို ထင်​သင့်​သည်​ထက် ပို၍​အထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အသီးသီး​အား ဘုရားသခင်​ခွဲဝေ​ပေး​တော်မူ​သော ယုံကြည်​ခြင်း​အတိုင်းအတာ​နှင့်အညီ သင့်တင့်​လျောက်ပတ်​စွာ ထင်မြင်​ကြ​လော့။ 4အကြောင်းမူကား ကိုယ်ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ထို​အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် တူညီ​သော​လုပ်ဆောင်​မှု​ကို လုပ်ဆောင်​ကြ​သည်​မ​ဟုတ်​သကဲ့သို့ 5အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ 6ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။ 7အမှု​တော်​ဆောင်​ဖြစ်လျှင် အမှု​တော်​ကို​ဆောင်ရွက်​စေ။ သွန်သင်​သော​သူ​ဖြစ်လျှင် သွန်သင်​ခြင်း​ကို​ပြု​စေ။ 8တိုက်တွန်း​နှိုးဆော်​သူ​ဖြစ်လျှင် တိုက်တွန်း​နှိုးဆော်​ခြင်း​ကို​ပြု​စေ။ ပေးကမ်း​ဝေမျှ​သော​သူ​သည် ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​စေ။ စီမံ​အုပ်ချုပ်​သော​သူ​သည် လုံ့လ​ဝီရိယ​ဖြင့်​စီမံ​အုပ်ချုပ်​စေ။ မစ​သနား​ခြင်း​အမှု​ကို​ပြု​သော​သူ​သည် ကြည်ဖြူ​သော​စိတ်​နှင့်​ပြု​စေ။
ခရစ်ယာန်တို့၏စိတ်သဘောထား
9ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။ 10ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​အားဖြင့် အချင်းချင်း​ချစ်ခင်​ကြင်နာ​ကြ​၍ ရိုသေသမှုပြုခြင်း​၌ သူတစ်ပါး​သည် မိမိ​ထက်​သာလွန်​သည်​ဟု မှတ်ယူ​ကြ​လော့။ 11လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။ 12မျှော်လင့်​ခြင်း​၌​ဝမ်းမြောက်​လျက် ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​ကာ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ 13သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။
14သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ 15ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။ 16အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။ 17မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။ 18သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။ 19ချစ်​ရ​သော​သူ​တို့၊ ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ အမျက်​တော်​လက်​သို့ အပ်နှံ​ထား​ကြ​လော့။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”#ဟေဗြဲ 10:30၊ တရား 32:35။​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ 20ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။#မ 5:44၊ လု 6:27-28၊ ရော 12:14၊ သု 25:21-22။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။” 21အဆိုး​၏​အနိုင်ယူ​ခြင်း​ကို​မ​ခံ​ဘဲ အကောင်း​အားဖြင့် အဆိုး​ကို​အနိုင်ယူ​လော့။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။