YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 11

11
ကျေးဇူးတော်နှင့်ဆိုင်သောရွေးကောက်ခြင်း
1သို့ဖြစ်လျှင် ငါ​မေး​လို​သည်​မှာ ဘုရားသခင်​သည် မိမိ​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​ပြီ​လော။ လုံးဝ​ပစ်ပယ်​တော်​မ​မူ။ ငါ​ကိုယ်တိုင်​လည်း အစ္စရေး​လူမျိုး၊ အာဗြဟံ​မှ​ဆင်းသက်​လာ​သူ၊ ဗင်္ယာမိန်​အနွယ်ဝင်​ဖြစ်​၏။ 2ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော မိမိ​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်​မ​မူ။#ဆာ 94:14။ ပရောဖက်​ဧလိယ​က အစ္စရေး​လူမျိုး​ကို ဘုရားသခင်​ထံ တိုင်ကြား​သောအခါ ကျမ်းစာ​၌ ထို​အကြောင်း​နှင့်​ပတ်သက်၍ မည်သို့​ဆို​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ 3သူ​က “အို ထာဝရ​ဘုရား၊ သူ​တို့​သည် ကိုယ်တော်​၏​ပရောဖက်​များ​ကို​သတ်​လျက် ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​ဖြိုဖျက်​ကြ​ပါ​ပြီ။ အကျွန်ုပ်​တစ်ဦးတည်း​ကျန်ရစ်​ခဲ့​၍ အကျွန်ုပ်​၏​အသက်​ကို​လည်း ရန်ရှာ​နေ​ကြ​ပါ​၏”#၃ရာ 19:10၊ 19:14။​ဟု လျှောက်​လေ​၏။ 4သို့ရာတွင် ဘုရားသခင်​သည် သူ့​ကို မည်သို့ ပြန်​၍​မိန့်​တော်မူ​သနည်း။ “ငါ​သည် ဗာလ​ရှေ့၌​ဒူး​မ​ထောက်​သော လူ​ခုနစ်ထောင်​ကို ငါ့​အတွက်​ချန်ထား​၏”#၃ရာ 19:18။​ဟု မိန့်​တော်မူ​၏။ 5ထိုနည်းတူ ယခု​အချိန်အခါ​၌​လည်း ကျေးဇူး​တော်​အားဖြင့် ရွေးကောက်​ခံရ​သည့်​ကြွင်းကျန်​သော​သူ​ရှိ​သေး​၏။ 6သို့သော် ကျေးဇူး​တော်​အားဖြင့်​ဖြစ်​လျှင် အကျင့်​အားဖြင့်​မ​ဟုတ်​တော့​ပေ။ သို့မဟုတ်​လျှင် ကျေးဇူး​တော်​သည် ကျေးဇူး​တော်​ဖြစ်​တော့မည်​မ​ဟုတ်။
7သို့ဖြစ်လျှင် မည်သို့​နည်း။ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​ကြိုးစား​ရှာဖွေ​သော​အရာ​ကို မ​ရရှိ​ကြ။ ရွေးကောက်​တော်မူ​သော​သူ​တို့​သာ ရရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာကျော​ခက်ထန်​သော​သဘော​ရှိ​ကြ​၏။ 8“ဘုရားသခင်​သည် သူ​တို့​အား ယနေ့​ထိ​တိုင်အောင် ထိုင်းမှိုင်း​သော​စိတ်သဘော​ကို​လည်းကောင်း၊ မ​မြင်​နိုင်​သော​မျက်စိ​ကို​လည်းကောင်း၊ မ​ကြား​နိုင်​သော​နား​ကို​လည်းကောင်း ပေး​တော်မူ​၏”#မ 13:13-15၊ မာ 4:12၊ လု 8:10၊ တရား 29:4၊ ဟေရှာ 6:9-10၊ 29:10။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ 9ဒါဝိဒ်​က​လည်း “သူ​တို့​၏​စားပွဲ​သည် သူ​တို့​အတွက် ကျော့ကွင်း​သော်လည်းကောင်း၊ ထောင်ချောက်​သော်လည်းကောင်း၊ မှားယွင်း​စေ​သော​အရာ​သော်လည်းကောင်း၊ လက်တုံ့ပြန်​စရာ​သော်လည်းကောင်း ဖြစ်​ပါစေ။ 10သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါစေ။ သူ​တို့​၏​ကျော​သည်​လည်း အစဉ်​ကုန်း​ပါစေ”#ဆာ 69:22-23။​ဟု ဆို​ထား​၏။
လူမျိုးခြားတို့ထံသက်ရောက်သောကယ်တင်ခြင်း
11သို့ဖြစ်လျှင် သူ​တို့​ခလုတ်တိုက်​ကြ​သည်​မှာ သူ​တို့​လဲကျ​စေရန်​လော​ဟု ငါ​မေး​၏။ လုံးဝ​မ​ဟုတ်​ပေ။ အမှန်​အားဖြင့် သူ​တို့​ကျူးလွန်​သော​အပြစ်​ကြောင့် လူမျိုးခြား​တို့​ထံ ကယ်တင်​ခြင်း​ကျေးဇူး​သက်ရောက်​၍ ဤ​အမှု​အားဖြင့် အစ္စရေး​လူမျိုး​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေရန်​ဖြစ်​၏။ 12သို့သော် သူ​တို့​ကျူးလွန်​သော​အပြစ်​သည် လောကီသား​တို့​၏​ကြွယ်ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံးနိမ့်​ခြင်း​သည် လူမျိုးခြား​တို့​၏​ကြွယ်ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်စုံ​ခြင်း​သည် မည်မျှ​ပို၍​များ​သော​အကျိုး​ကို ဖြစ်​စေ​လိမ့်မည်​နည်း။
13ထို့ကြောင့် လူမျိုးခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူမျိုးခြား​နှင့်ဆိုင်သော တမန်တော်​ဖြစ်​သည့်​အလျောက် ငါ​၏​အမှု​တော်​လုပ်ငန်း​ကို ဂုဏ်ယူ​လျက် 14တစ်နည်းနည်း​ဖြင့် ငါ​၏​အမျိုးသား​ချင်း​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ သူ​တို့​ထဲမှ အချို့​တို့​ကို​ကယ်တင်​နိုင်​ရန် ငါ​မျှော်လင့်​နေ​၏။ 15အကြောင်းမူကား သူ​တို့​ပစ်ပယ်​ခံရ​ခြင်း​သည် လောကီသား​တို့​အတွက် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်ခံ​ခြင်း​သည် သေလွန်​သော​သူ​တို့​အသက်​ပြန်ရှင်​ခြင်း​ဖြစ်​လိမ့်မည်​မ​ဟုတ်​လော။ 16အသီးဦး​အဖြစ်​ပူဇော်​သော​မုန့်ညက်​သည် သန့်ရှင်း​လျှင် မုန့်ညက်​တစ်ပုံလုံး​သည်​လည်း သန့်ရှင်း​၏။ အမြစ်​သည် သန့်ရှင်း​လျှင် အကိုင်းအခက်​များ​သည်​လည်း သန့်ရှင်း​ကြ​၏။
17သို့သော် အကိုင်းအခက်​အချို့​တို့​သည် ခုတ်ဖြတ်​ခြင်း​ခံရ​၍ သံလွင်​ပင်​အရိုင်း​ဖြစ်​သော​သင်​သည် ထို​အကိုင်းအခက်​များ​ကြား​၌ ကိုင်းဆက်ကူး​ခံရ​ပြီး သံလွင်​ပင်​အမြစ်​မှ​အဆီအနှစ်​ကို မျှဝေ​ခံစား​သူ​ဖြစ်လာ​လျှင် 18ထို​အကိုင်းအခက်​များ​အပေါ် ဝါကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါကြွား​လျှင်​လည်း သင်​သည် အမြစ်​ကို​ထောက်မ​သည်​မ​ဟုတ်။ အမြစ်​က​သာ သင့်​ကို​ထောက်မ​၏။ 19ထိုအခါ သင်​က “ငါ့​ကို ကိုင်းဆက်ကူး​ရန်​အတွက် အကိုင်းအခက်​များ​သည် ခုတ်ဖြတ်​ခြင်း​ခံရ​ကြ​သည်”​ဟု ဆို​လိမ့်မည်။ 20မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် ခုတ်ဖြတ်​ခြင်း​ခံရ​ပြီး သင်​မူကား ယုံကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ ကြောက်ရွံ့​ခြင်း​ရှိ​လော့။ 21အကြောင်းမူကား ဘုရားသခင်​သည် မူလ​အကိုင်းအခက်​များ​ကို ညှာတာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာတာ​တော်မူ​လိမ့်မည်​မ​ဟုတ်။ 22ထို့ကြောင့် ဘုရားသခင်​၏​ပြင်းထန်​သော​စီရင်​တော်မူ​ခြင်း​နှင့်​ကျေးဇူးပြု​တော်မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်းထန်​သော​စီရင်​တော်မူ​ခြင်း​သည် လဲကျ​သော​သူ​တို့​ပေါ်၌​ရှိ​၍ ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​မူကား သင်​သည် ထို​ကျေးဇူးပြု​တော်မူ​ခြင်း​၌ ဆက်၍​တည်​နေ​လျှင် သင့်​အပေါ်၌​ရှိ​၏။ ဆက်၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်ဖြတ်​ခြင်း​ခံရ​လိမ့်မည်။ 23သူ​တို့​သည်​လည်း မ​ယုံကြည်​မှု​ကို​စွန့်ပယ်​လျှင် ကိုင်းဆက်ကူး​ခြင်း​ခံရ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​ကို နောက်တစ်ဖန်​ကိုင်းဆက်ကူး​ရန် ဘုရားသခင်​တတ်နိုင်​တော်မူ​၏။ 24အဘယ်ကြောင့်​ဆိုသော် သင်​သည် သဘာဝ​အတိုင်း ရိုင်း​သည့်​သံလွင်​ပင်​မှ ခုတ်ဖြတ်​ခံရ​၍ ကောင်း​သည့်​သံလွင်ပင်​၌ သဘာဝ​နှင့်​ဆန့်ကျင်​လျက် ကိုင်းဆက်ကူး​ခြင်း​ခံရ​သည်​မှန်​လျှင် သဘာဝ​အတိုင်း ကောင်း​သည့်​သံလွင်​ပင်​၏​အကိုင်း​များ​ကို​မူကား မူရင်း​သံလွင်​ပင်​၌ မည်မျှ​ပို၍​လွယ်ကူ​စွာ ကိုင်းဆက်ကူး​နိုင်​လိမ့်မည်​နည်း။
အစ္စရေးတစ်မျိုးသားလုံး၏ကယ်တင်ခြင်း
25ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး 26ဤသို့ဖြင့် အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ကယ်တင်​ခြင်း​ခံရ​မည်​ဟူ၍​ဖြစ်​၏။ “ကယ်နုတ်​သော​အရှင်​သည် ဇိအုန်​မှ​ကြွလာ​ပြီး ယာကုပ်​၏​အမျိုးအနွယ်​ထဲမှ ဘုရား​တရား​မဲ့​ခြင်း​များ​ကို ဖယ်ရှား​တော်မူ​လိမ့်မည်။ 27ဤသည်ကား သူ​တို့​၏​အပြစ်​များ​ကို ငါ​ဖယ်ရှား​သောအခါ သူ​တို့​အား ငါ​ပေး​မည့်​ပဋိညာဉ်​ပေ​တည်း”#ဟေဗြဲ 8:12၊ ဟေရှာ 27:9၊ 59:20-21၊ ယေ 31:31-34။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ 28ကောင်းမြတ်​သော​သတင်း​အရ သူ​တို့​သည် သင်​တို့​အတွက်​ကြောင့် ရန်သူ​များ​ဖြစ်​ကြ​သော်လည်း ရွေးကောက်​တော်မူ​ခြင်း​အရ ရှေး​ဘိုးဘေး​များ​အတွက်​ကြောင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၏။ 29အကြောင်းမူကား ဘုရားသခင်​၏​ဆု​ကျေးဇူး​များ​နှင့်​ခေါ်ယူ​တော်မူ​ခြင်း​သည် ပြောင်းလဲ​ခြင်း​မ​ရှိ။ 30သင်​တို့​သည် တစ်ချိန်က ဘုရားသခင်​ကို​မ​နာခံ​ခဲ့​ကြ​သော်လည်း ယခု​အခါ ထို​သူ​တို့​၏​မ​နာခံ​မှု​ကြောင့် ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​သကဲ့သို့ 31သူ​တို့​သည်​လည်း ထိုနည်းတူ ယခု​နာခံ​ခြင်း​မ​ရှိ​ကြ​ပေ။ ဤသည်ကား သင်​တို့​ခံရ​သော​ကရုဏာ​တော်​အားဖြင့် ယခု​အခါ သူ​တို့​သည်​လည်း ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​စေရန်​ဖြစ်​၏။ 32ဘုရားသခင်​သည် လူ​အပေါင်း​တို့​အပေါ်​ကရုဏာ​ထား​တော်မူ​ရန် လူ​အပေါင်း​တို့​ကို မ​နာခံ​မှု​အဖြစ်​၌​ချုပ်​ထား​တော်မူ​၏။
33ဘုရားသခင်​၏​အသိပညာ​နှင့်​ဉာဏ်ပညာ​တော်​တို့​၏​ကြွယ်ဝ​မှု​သည် နက်နဲ​လှ​ပါတကား။ စီရင်​တော်မူ​ချက်​တို့​ကို စူးစမ်း​လေ့လာ​၍​မ​ကုန်​နိုင်။ လမ်း​တော်​တို့​ကို​လည်း ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်။ 34“မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​သနည်း။ မည်သူ​သည် ကိုယ်တော်​၏​အတိုင်ပင်ခံ​ဖြစ်​ဖူး​သနည်း။#၁ကော 2:16၊ ဟေရှာ 40:13။ 35မိမိ​အပေါ် ကိုယ်တော်​ကျေးဇူး​တုံ့ပြန်​ရ​လေ​အောင် မည်သူ​သည် ကိုယ်တော်​အား ဦးစွာ​ကျေးဇူးပြု​ဖူး​သနည်း။”#ယောဘ 41:11။ 36အကြောင်းမူကား အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​လည်းကောင်း၊ ကိုယ်တော်​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​အတွက်​လည်းကောင်း ဖြစ်တည်​ကြ​၏။ ကိုယ်တော်ရှင်​၌ ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​တည်ရှိ​ပါစေသော။ အာမင်။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။