YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 10

10
ယုံကြည်ခြင်းအားဖြင့်ရရှိသောကယ်တင်ခြင်း
1ညီအစ်ကို​တို့၊ ငါ့​စိတ်နှလုံး​၏​လိုအင်​ဆန္ဒ​နှင့် အစ္စရေး​လူမျိုး​တို့​အတွက် ဘုရားသခင်​ထံ ငါ​ဆုတောင်း​သော​အရာ​မှာ သူတို့​ကယ်တင်​ခြင်း​ရရှိ​ရန်​ဖြစ်​၏။ 2သူ​တို့​သည် ဘုရားသခင်​အတွက် ထက်သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။ သို့သော် ထို​ထက်သန်​သော​စိတ်​သည် စစ်မှန်​သော​အသိပညာ​အားဖြင့်​မ​ဟုတ်။ 3အကြောင်းမှာ သူ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​မ​သိ​ဘဲ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​တည်​စေရန် ရှာကြံ​လျက် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို မ​နာခံ​သောကြောင့်​ဖြစ်​၏။ 4ခရစ်တော်​သည် ယုံကြည်​သော​သူ​တိုင်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် ပညတ်​တရား​၏​အဆုံးသတ်​ရာ​ဖြစ်​တော်မူ​၏။
5မောရှေ​က​လည်း ပညတ်​တရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​ပတ်သက်၍ “ဤ​အရာ​များ​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​လိမ့်မည်”#ဝတ် 18:5။​ဟု ရေး​ထား​၏။ 6ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​မူကား “သင်​၏​စိတ်နှလုံး​ထဲ၌ ကောင်းကင်​သို့ မည်သူ​တက်​မည်နည်းဟု မ​ပြော​နှင့်​။ (ဤသည်ကား ခရစ်တော်​ကို အောက်​သို့​ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏။) 7သို့မဟုတ် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့ မည်သူ​ဆင်း​မည်နည်းဟူ၍​လည်း မ​ပြော​နှင့် (ဤသည်ကား ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။ 8ထို့ပြင် မည်သို့​ဆို​ထား​သနည်း။ “တရား​စကား​သည် သင်​၏​အနီး​၌​ရှိ​၏။ သင်​၏​နှုတ်​၌​လည်းကောင်း၊ သင်​၏​စိတ်နှလုံး​၌​လည်းကောင်း ရှိ​၏”#တရား 30:14။​ဟု ဆို​ထား​၏။ ဤသည်ကား ငါ​တို့​ဟောပြော​သည့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော တရား​စကား​ဖြစ်​၏။ 9သင်​သည် မိမိ​နှုတ်​ဖြင့် ယေရှု​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​၍ သင်​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ပြီ​ဟု ယုံကြည်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ 10အကြောင်းမူကား လူ​သည် စိတ်နှလုံး​ဖြင့်​ယုံကြည်​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ပြီး နှုတ်​ဖြင့်​ဝန်ခံ​၍ ကယ်တင်​ခြင်း​ခံရ​၏။ 11အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​က “ထို​ကျောက်​ကို​ယုံကြည်​သမျှ​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်”#ရော 9:33၊ ၁ပေ 2:6၊ ဟေရှာ 28:16။​ဟု ဆို​ထား​၏။ 12ဤတွင် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကြား​၌ ခြားနား​မှု​မ​ရှိ။ အကြောင်းမူကား တစ်ပါးတည်း​သော​အရှင်​သည် လူ​အပေါင်း​တို့​၏​အရှင်​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​အား ကြွယ်ဝ​စေ​တော်မူ​၏။ 13“ထာဝရ​ဘုရား​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​သော​သူ​တိုင်း ကယ်တင်​ခြင်း​ခံရ​မည်”#ယောလ 2:32။​ဖြစ်​၏။
ကောင်းမြတ်သောသတင်းကိုကြားနာ၍ယုံကြည်ခြင်း
14သို့ရာတွင် မိမိ​မ​ယုံကြည်​သော​အရှင်​ထံ မည်သို့​ပတ္ထနာ​ပြု​နိုင်​မည်နည်း။ မိမိ​မ​ကြား​ဖူး​သော​အရှင်​ကို မည်သို့​ယုံကြည်​နိုင်​မည်နည်း။ ဟောပြော​သော​သူ​မ​ရှိ​လျှင် မည်သို့​ကြား​နိုင်​မည်နည်း။ 15စေလွှတ်​ခြင်း​မ​ခံရ​လျှင် မည်သို့​ဟောပြော​နိုင်​မည်နည်း။ “ကောင်းမြတ်​ခြင်း​နှင့်ဆိုင်သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ဟောပြော​သော​သူ​များ​၏​ခြေ​တို့​သည် အလွန်​တင့်တယ်​စွ​တကား”#ဟေရှာ 52:7၊ နာ 1:15။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
16သို့သော် ဤ​ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အားလုံး​နာခံ​ကြ​သည်​မ​ဟုတ်။ ပရောဖက်​ဟေရှာယ​က “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း”#ဟေရှာ 53:1။​ဟု ဆို​ထား​၏။ 17သို့ဖြစ်၍ ယုံကြည်​ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်​ပြီး ကြားနာ​ခြင်း​သည် ခရစ်တော်​၏​စကား​တော်​အားဖြင့်​ဖြစ်​၏။ 18သို့သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သလော။ အမှန်ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အသံ​သည် မြေကြီး​တစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်အဖျား​တိုင်အောင် ရောက်​လေ​၏။ ”#ဆာ 19:4။ 19တစ်ဖန် ငါ​မေး​လို​သည်​မှာ အစ္စရေး​လူမျိုး​တို့​သည် မ​သိ​ကြ​သလော။ ပထမ​ဦးစွာ မောရှေ​က “ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​အားဖြင့် သင်​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ အသိတရား​ကင်းမဲ့​သော​လူမျိုး​အားဖြင့် သင်​တို့​ကို မခံမရပ်နိုင်​ဖြစ်​စေ​မည်”#တရား 32:21။​ဟု ဆို​၏။ 20ပရောဖက်​ဟေရှာယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့ရှိ​ကြ​၏။ ငါ့​အကြောင်း​ကို​မ​မေးမြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်ရှား​ပြ​၏”#ဟေရှာ 65:1။​ဟု ရဲရင့်​စွာ​ဆို​ထား​၏။ 21အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍​မူကား “နာခံ​ခြင်း​မ​ရှိ၊ ဆန့်ကျင်​ပုန်ကန်​တတ်​သော​လူမျိုး​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏”#ဟေရှာ 65:2။​ဟု ဆို​၏။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။