YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 14

14
ယုံကြည်သူအချင်းချင်း၏ဆက်ဆံမှု
1ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။ 2အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။ 3စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။ 4သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။
5အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။ 6နေ့ရက်​ကို​စောင့်ထိန်း​သော​သူ​သည် သခင်​ဘုရား​အတွက်​စောင့်ထိန်း​၏။ စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​စား​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ မ​စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​မ​စား​ဘဲ​နေ​၍ ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ 7ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။ 8အကြောင်းမူကား ငါ​တို့​သည် အသက်ရှင်​လျှင် သခင်​ဘုရား​အတွက်​အသက်ရှင်​၍ သေ​လျှင် သခင်​ဘုရား​အတွက်​သေ​၏။ ထို့ကြောင့် ငါ​တို့​သည် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ သခင်​ဘုရား​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​ကြ​၏။ 9အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။
10သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို စီရင်​သနည်း။ အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို မထီမဲ့မြင်​ပြု​သနည်း။ ငါ​တို့​အားလုံး​သည် ဘုရားသခင်​၏​တရားပလ္လင်​တော်​ရှေ့၌ ရပ်​ကြ​ရ​လိမ့်မည်။ 11အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ ငါ​သည် အသက်ရှင်​သည်​ဖြစ်၍ လူ​တိုင်း ငါ့​ရှေ့၌ ဒူး​ထောက်​လိမ့်မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​လိမ့်မည်”#ဖိ 2:10-11၊ ဟေရှာ 45:23။​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ 12သို့ဖြစ်၍ ငါ​တို့​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိမိ​အကြောင်း​ကို မိမိ​ဖြေရှင်း​ရ​လိမ့်မည်။
မေတ္တာဖြင့်ပြုမူဆောင်ရွက်ခြင်း
13ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အချင်းချင်း​မ​စီရင်​ဘဲ​နေ​ကြ​ကုန်စို့။ ထိုမျှမက ညီအစ်ကို​အတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်း​စေ​သော​အရာ​ကို​မ​ထား​ရန် စီရင်​ကြ​လော့။ 14ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။ 15အစားအစာ​ကြောင့် သင်​၏​ညီအစ်ကို​ကို ဝမ်းနည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အသက်ရှင်​လျှောက်လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​တော်မူ​သော သင့်​ညီအစ်ကို​ကို သင်​၏​အစားအစာ​ကြောင့် မ​ပျက်စီး​စေ​နှင့်။ 16သင်​တို့​အတွက်​ကောင်း​သော​အရာ​ကို​လည်း ပြစ်တင်​ပြောဆို​စရာ​မ​ဖြစ်​စေ​ကြ​နှင့်။ 17အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။ 18ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။
19သို့ဖြစ်၍ ငြိမ်သက်​ခြင်း​ကို​ဖြစ်စေ​သော​အမှုအရာ​များ​နှင့် အချင်းချင်း​တည်ဆောက်​မြှင့်တင်​ပေး​သော​အမှုအရာ​များ​ကို ကြိုးစား​ပြု​ကြ​ကုန်စို့။ 20အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။ 21အသား​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီအစ်ကို​အား ခလုတ်တိုက်​စေ​သော​အရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။
22သင်​သည် မိမိ​၌​ရှိ​သော​ယုံကြည်​ခြင်း​ကို ဘုရားသခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်ခံ​ထား​သော​အမှုအရာ​၌ မိမိ​၏​ဩတ္တပ္ပစိတ်​ကြည်လင်​သော​သူ​သည် မင်္ဂလာရှိ​၏။ 23သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။