YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 6

6
စာလိပ်ပေါ်မှ ပထမတံဆိပ်
1ထို့နောက် သိုးသငယ်​တော်​သည် တံဆိပ်​ခုနစ်​ခု​ထဲမှ တစ်​ခု​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လျှင် သတ္တဝါ​လေး​ပါး​တို့​ထဲမှ​တစ်​ပါး​က မိုးချုန်းသံ​ကဲ့သို့သော​အသံ​ဖြင့် “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ 2ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​၌ လေး​တစ်​လက်​ပါ​၏။ သူ​သည် သရဖူ​တစ်​ခု​ကို​ရရှိ​ပြီး အောင်မြင်​ခြင်း​အပေါ်၌ ဆက်၍​အောင်မြင်​ရန် ထွက်ခွာ​သွား​၏။
ဒုတိယတံဆိပ်
3သိုးသငယ်​တော်​သည် ဒုတိယ​တံဆိပ်​ကို​ဖွင့်​သောအခါ ဒုတိယ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ 4ထိုအခါ နီရဲ​သော​အခြား​မြင်း​တစ်​ကောင်​ထွက်လာ​၏။ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် လူ​တို့​အား အချင်းချင်း​သတ်ဖြတ်​ကြ​စေရန် မြေကြီး​ပေါ်မှ ငြိမ်းချမ်း​မှု​ကို​ရုပ်သိမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။ ကြီးမား​သော​ဓား​တစ်​လက်​ကို​လည်း သူ့​အား​ပေး​လေ​၏။
တတိယတံဆိပ်
5သိုးသငယ်​တော်​သည် တတိယ​တံဆိပ်​ကို​ဖွင့်​သောအခါ တတိယ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​နက်​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် မိမိ​လက်​၌ ချိန်ခွင်​ကို ကိုင်​ထား​၏။ 6ထို့နောက် သတ္တဝါ​လေး​ပါး​တို့​အလယ်​မှ​ထွက်ပေါ်​လာ​သော စကားသံ​နှင့်​တူ​သည့်​အသံ​က “ဂျုံဆန်​တစ်​ခွက်​လျှင် ဒေနာရိ​တစ်​ပြား၊ မုယော​ဆန်​သုံး​ခွက်​လျှင်​လည်း ဒေနာရိ​တစ်​ပြား​ဖြစ်​၏။ ဆီ​နှင့်​စပျစ်​ဝိုင်​ကို မ​ပျက်​စေ​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။
စတုတ္ထတံဆိပ်
7သိုးသငယ်​တော်​သည် စတုတ္ထ​တံဆိပ်​ကို​ဖွင့်​သောအခါ စတုတ္ထ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည့်​အသံ​ကို ငါ​ကြား​ရ​၏။ 8ထိုအခါ ငါ​ကြည့်​လိုက်​ရာ​စိမ်းဖန့်ဖန့်​မြင်း​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် သေ​ခြင်း​ဟု​နာမည်​တွင်​၏။ သူ​၏​နောက်​မှ မရဏာ​နိုင်ငံ​သည်​လိုက်​လာ​၏။ သူ​တို့​သည် ဓား​ဘေး​ဖြင့်​လည်းကောင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ဖြင့်​လည်းကောင်း၊ သေ​ဘေး​ဖြင့်​လည်းကောင်း၊ မြေကြီး​ပေါ်ရှိ​သားရဲ​တိရစ္ဆာန်​ဘေး​ဖြင့်​လည်းကောင်း လူ​တို့​ကို​သတ်ဖြတ်​ရန် ကမ္ဘာ​မြေကြီး​၏​လေးပုံတစ်ပုံ​အပေါ် အခွင့်​အာဏာ​ကို​ရ​ကြ​၏။
ပဉ္စမတံဆိပ်
9သိုးသငယ်​တော်​သည် ပဉ္စမ​တံဆိပ်​ကို​ဖွင့်​သောအခါ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကြောင့်​လည်းကောင်း၊ မိမိ​တို့​ရရှိ​ထား​သော​သက်သေခံ​ချက်​ကြောင့်​လည်းကောင်း အသေ​သတ်​ခြင်း​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​ကို ယဇ်ပလ္လင်​အောက်​တွင် ငါ​မြင်​ရ​၏။ 10ထို​သူ​တို့​က “သန့်ရှင်း​၍ ဖြောင့်မှန်​တော်မူ​သော​သခင်၊ အကျွန်ုပ်​တို့​၏​သွေး​အတွက် ကမ္ဘာ​မြေကြီး​ပေါ်မှာ​နေထိုင်​သော​သူ​တို့​ကို တရား​မ​စီရင်၊ လက်တုံ့​လည်း​မ​ပြန်​ဘဲ မည်မျှ​ကြာအောင်​နေ​တော်မူ​မည်နည်း”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။ 11ထိုအခါ သူ​တို့​တစ်ဦးစီ​အား ဖြူ​သော​ဝတ်လုံ​ကို​ပေး​တော်မူ​ပြီးလျှင် သူ​တို့​နည်းတူ အသေ​သတ်​ခြင်း​ခံရ​ရန်​ရှိ​သည့် သူ​တို့​၏​အစေအပါး​ချင်း​များ​နှင့် သူ​တို့​ညီအစ်ကို​များ​၏​အရေအတွက် ပြည့်စုံ​သည့်​တိုင်အောင် နောက်ထပ် ခဏ​အနားယူ​ကြ​ရန် သူ​တို့​အား မိန့်​တော်မူ​၏။
ဆဋ္ဌမတံဆိပ်
12သိုးသငယ်​တော်​သည် ဆဋ္ဌမ​တံဆိပ်​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လိုက်​ရာ ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် နေ​သည် ဆိတ်​မွေး​နှင့်​လုပ်​သော​အထည်ကြမ်း​ကဲ့သို့ မည်း​သွား​၍ လ​တစ်ခုလုံး​သည် သွေး​ကဲ့သို့​ဖြစ်​သွား​လေ​၏။ 13ကောင်းကင်​မှ​ကြယ်​များ​သည် လေ​ပြင်း​လှုပ်ခါ​သောအခါ သဖန်းပင်​မှ​အသီးစိမ်း​များ​ကြွေကျ​သကဲ့သို့ မြေကြီး​ပေါ်သို့​ကျ​ကြ​၏။ 14ကောင်းကင်​သည်​လည်း စာလိပ်​ကို​လိပ်​လိုက်​သကဲ့သို့ ပျောက်လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိသမျှ​တို့​သည် မိမိ​တို့​နေရာ​မှ​ရွေ့​သွား​ကြ​၏။
15ထိုအခါ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ၊ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ၊ ချမ်းသာ​သော​သူ​များ၊ ခွန်အား​ကြီး​သော​သူ​များ​မှစ၍ ကျွန်​နှင့်​လွတ်လပ်​သူ​ရှိသမျှ​တို့​သည် လိုဏ်ဂူ​တို့​၌​လည်းကောင်း၊ တောင်​များ​ပေါ်ရှိ ကျောက်ဆောင်​တို့​ကြား​၌​လည်းကောင်း ပုန်းအောင်း​ကြ​ပြီးလျှင်#ဟေရှာ 2:19,21။ 16တောင်​များ​နှင့်​ကျောက်ဆောင်​များ​အား “ငါ​တို့​အပေါ်သို့​ပြိုကျ​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​မျက်နှာ​တော်​နှင့် သိုးသငယ်​တော်​၏​အမျက်​တော်​မှ ငါ​တို့​ကို​ဖုံးကွယ်​ကြ​ပါ။#လု 23:30၊ ဟော 10:8။ 17အကြောင်းမူကား အမျက်​တော်​ထင်ရှား​ရာ​နေ့ရက်​ကြီး​ကျရောက်​လာ​ပြီ​ဖြစ်၍ မည်သူ​သည် ခံရပ်​နိုင်​မည်နည်း”#ယောလ 2:11၊ မာလ 3:2။​ဟု ပြောဆို​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။