YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 5

5
စာလိပ်နှင့်သိုးသငယ်တော်
1ထို့နောက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​လက်ယာ​လက်​၌ အတွင်း​အပြင်​နှစ်ဖက်​စလုံး​တွင် စာ​များ​ရေး​ထား​ပြီး တံဆိပ်​ခုနစ်​ခု​ဖြင့်​ခတ်နှိပ်​ထား​သော စာလိပ်​တစ်လိပ်​ရှိ​သည်​ကို ငါ​မြင်​ရ​၏။ 2ထိုအခါ ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​က “မည်သူ​သည် စာလိပ်​ကို​ဖွင့်​၍ ၎င်း​၏​တံဆိပ်​များ​ကို​ခွာ​ထိုက်​သနည်း”​ဟု ကျယ်လောင်​သော​အသံ​နှင့် ကြွေးကြော်​နေ​သည်​ကို ငါ​မြင်​ရ​၏။ 3သို့သော် ကောင်းကင်​၌​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ဖြစ်စေ၊ မြေကြီး​အောက်၌​ဖြစ်စေ စာလိပ်​ကို​ဖွင့်​ရန်​၊ သို့မဟုတ် ကြည့်​ရန် တတ်နိုင်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ 4ထို​စာလိပ်​ကို​ဖွင့်​ရန်​၊ သို့မဟုတ် ကြည့်​ရန် ထိုက်တန်​သူ​တစ်စုံတစ်ဦး​မျှ​မ​တွေ့​ရ​သောကြောင့် ငါ​သည် သည်းထန်​စွာ​ငိုကြွေး​၏။ 5ထိုအခါ သက်ကြီးဝါကြီး​များ​ထဲမှ​တစ်​ပါး​က “မ​ငိုကြွေး​နှင့်။ ကြည့်ရှု​လော့။ ယုဒ​အနွယ်​မှ​ပေါ်ထွန်း​သော​ခြင်္သေ့၊ ဒါဝိဒ်​၏​အမြစ်​ဖြစ်​တော်မူ​သော​အရှင်​သည် အောင်မြင်​သဖြင့် ထို​စာလိပ်​နှင့်​တံဆိပ်​ခုနစ်​ခု​ကို​ဖွင့်​နိုင်​၏”​ဟု ငါ့​အား​ပြောဆို​၏။
6ထို့နောက် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​ပုံ​ပေါ်​သော သိုးသငယ်​တော်​သည် ပလ္လင်​တော်​နှင့်​သတ္တဝါ​လေး​ပါး​တို့​၏​အကြား၊ သက်ကြီးဝါကြီး​တို့​၏​အလယ်​၌ ရပ်​လျက်​နေ​သည်​ကို ငါ​မြင်​ရ​၏။ ထို​သိုးသငယ်​တော်​၌ ဦးချို​ခုနစ်​ချောင်း​နှင့် မျက်စိ​ခုနစ်​လုံး​ရှိ​၏။ ထို​မျက်စိ​တို့​သည် မြေကြီး​တစ်ပြင်လုံး​သို့​စေလွှတ်​ခြင်း​ခံရ​သော ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​ကြ​၏။ 7သိုးသငယ်​တော်​သည် လာ​၍ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​လက်ယာ​လက်​မှ စာလိပ်​ကို​ယူ​လေ​၏။
ထိုက်တန်တော်မူသောသိုးသငယ်တော်
8ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။ 9ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး 10သူ​တို့​ကို အကျွန်ုပ်​တို့​၏​ဘုရားသခင်​အတွက် နိုင်ငံ​တော်​တစ်​ခု​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သဖြင့် သူ​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင် အုပ်စိုး​ရ​ကြ​လိမ့်မည်”​ဟု ဆို​ကြ​၏။
11ထို့နောက် ငါ​ကြည့်​လိုက်​ရာ ပလ္လင်​တော်၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ပတ်ဝန်းကျင်​မှ များစွာ​သော​ကောင်းကင်​တမန်​တို့​၏​အသံ​ကို​ကြား​ရ​၏။ သူ​တို့​၏​အရေအတွက်​သည် သိန်းသန်း​ကုဋေ​ရှိ​၏။#ဒံ 7:10။ 12သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အသေ​သတ်​ခြင်း​ခံရ​သော​သိုးသငယ်​တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် ကောင်းချီး​မင်္ဂလာ​တို့​ကို​ခံယူ​ထိုက်​သော​အရှင်​ဖြစ်​ပါ​၏”​ဟု ကြွေးကြော်​ကြ​၏။
13ထို့ပြင် ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်​နှင့်​ပင်လယ်​ထဲ၌​လည်းကောင်း ရှိ​ကြ​သော သတ္တဝါ​အပေါင်း​တို့​နှင့် ခပ်သိမ်း​သော​အရာ​တို့​က “ကောင်းချီး​မင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် တန်ခိုး​အရှိန်အဝါ​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​နှင့် သိုးသငယ်​တော်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော”​ဟု ကြွေးကြော်​ကြ​သည်​ကို ငါ​ကြား​ရ​၏။ 14ထိုအခါ သတ္တဝါ​လေး​ပါး​တို့​က “အာမင်”​ဟု ဆို​ကြ​၏။ သက်ကြီးဝါကြီး​တို့​သည်​လည်း ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။