YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 14

14
သိုးသငယ်တော်နှင့်လူတစ်သိန်းလေးသောင်းလေးထောင်
1ထို့နောက် ငါ​ကြည့်​လိုက်​ရာ သိုးသငယ်​တော်​သည် ဇိအုန်​တောင်​ပေါ်တွင်​ရပ်​နေ​၏။ သိုးသငယ်​တော်​၏​နာမ​နှင့် ခမည်းတော်​၏​နာမ​တို့​ကို မိမိ​တို့​နဖူး​၌​ရေး​ထား​သော​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်အတူ​ရှိ​ကြ​၏။ 2ထို့နောက် များစွာ​သော​ရေ​ဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ကျယ်လောင်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သည့် ကောင်းကင်​မှ​အသံ​ကို ငါ​ကြား​ရ​၏။ ငါ​ကြား​ရ​သော​ထို​အသံ​သည် စောင်းသမား​များ မိမိ​တို့​စောင်း​များ​တီးခတ်​နေ​သည့်​အသံ​နှင့်​လည်း​တူ​၏။ 3သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်းကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌​လည်းကောင်း သီချင်း​သစ်​ကို​သီဆို​ကြ​၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​မှတစ်ပါး မည်သူ​က​မျှ ထို​သီချင်း​ကို​မ​သင်ယူ​နိုင်​ပေ။ 4ထို​သူ​တို့​သည် မိန်းမ​များ​အားဖြင့် ညစ်ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူပျို​စစ်စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုးသငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘုရားသခင်​နှင့်​သိုးသငယ်​တော်​တို့​အတွက် အသီးဦး​အဖြစ် လူ​တို့​အထဲမှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။ 5သူ​တို့​၏​နှုတ်​၌ မုသား​မ​ရှိ။ သူ​တို့​သည် အပြစ်​အနာအဆာ​ကင်း​သော​သူ​များ​ဖြစ်​ကြ​၏။#ဇေ 3:13။
ကောင်းကင်တမန်သုံးပါး၏ကြွေးကြော်သံများ
6ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​အလယ်​၌​ပျံသန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​ကြ​သူ​များ​တည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အသီးသီး​တို့​အား ဟောပြော​ရန် ထာဝရ​တည်​သည့်​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​လာ​၏။ 7ထို​ကောင်းကင်တမန်​က “ဘုရားသခင်​တရား​စီရင်​တော်မူ​ရာ​အချိန် ကျရောက်​လာ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့်​စမ်းရေ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ကို ကိုးကွယ်​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။
8ထို့နောက် ဒုတိယ​ကောင်းကင်​တမန်​သည် လိုက်​လာ​၍ “မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့် သက်ရောက်​သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို လူမျိုး​တကာ​တို့​အား​တိုက်​သော ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ”​ဟု ကြွေးကြော်​၏။#ဗျာ 18:2၊ ဟေရှာ 21:9၊ ယေ 51:7-8။
9တစ်ဖန် တတိယ​ကောင်းကင်​တမန်​သည် သူ​တို့​နောက်​မှ​လိုက်​လာ​၍ “သားရဲ​နှင့်​သူ​၏​ရုပ်တု​ကို​ကိုးကွယ်​လျက် မိမိ​နဖူး​ပေါ်တွင်​ဖြစ်စေ၊ မိမိ​လက်​ပေါ်တွင်​ဖြစ်စေ သူ​၏​အမှတ်တံဆိပ်​ကို​ခံယူ​သော​သူ​သည် 10ဘုရားသခင်​၏​အမျက်​တော်​ခွက်​၌ မည်သည့်​အရာ​မျှ​မရောစပ်​ဘဲ​လောင်းထည့်​သည့် ကိုယ်တော်​၏​ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်မည်။ ထို​သူ​သည် သန့်ရှင်း​သော​ကောင်းကင်​တမန်​များ​နှင့် သိုးသငယ်​တော်​၏​ရှေ့မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ၌ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။ 11သူ​တို့​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​၏​မီးခိုး​သည် ကမ္ဘာ​အဆက်ဆက်​တက်​လျက်​နေ​၏။ သားရဲ​နှင့်​သူ​၏​ရုပ်တု​ကို​ကိုးကွယ်​၍ သူ့​အမည်​၏​အမှတ်တံဆိပ်​ကို​ခံယူ​သော​သူ​သည် နေ့​ရော​ည​ပါ သက်သာ​ရာ​ရ​လိမ့်မည်​မ​ဟုတ်”#ဟေရှာ 34:10။​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။ 12ဤ​နေရာ​တွင် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လည်းကောင်း၊ ယေရှု​၌​ယုံကြည်​ခြင်း​ကို​လည်းကောင်း စောင့်ထိန်း​သော သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​ရှိ​၏။
13ထို့နောက် ကောင်းကင်​မှ​အသံ​က “ရေး​ထား​လော့။ ယခု​မှစ၍ သခင်​ဘုရား​၌​သေဆုံး​သည့် သေလွန်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း “မှန်​ပေ​၏။ သူ​တို့​သည် မိမိ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​မှ အနားယူ​ခွင့်​ရ​ကြ​လိမ့်မည်။ သူ​တို့​ပြု​သော​အမှု​များ​သည်​လည်း သူ​တို့​နှင့်​လိုက်​ပါလာ​၏”​ဟု မိန့်​တော်မူ​၏။
မြေကြီးပေါ်မှရိတ်သိမ်းစရာများကိုရိတ်သိမ်းခြင်း
14တစ်ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုးတိမ်​ရှိ​၍ ထို​မိုးတိမ်​ပေါ်တွင် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံစဉ်​ကို​ကိုင်​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။ 15ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ဗိမာန်​တော်​ထဲမှ​ထွက်​လာ​၍ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​အား “မြေကြီး​ပေါ်မှ​ရိတ်သိမ်း​စရာ​သည် မှည့်​ပြီ​ဖြစ်၍ ရိတ်သိမ်း​ရန်​အချိန်​ကျရောက်​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​၏​တံစဉ်​ကို​လွှတ်​၍ ရိတ်သိမ်း​တော်မူ​ပါ”#ယောလ 3:13။​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။ 16ထိုအခါ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​သည် မိမိ​၏​တံစဉ်​ကို မြေကြီး​ပေါ်သို့​ဝှေ့ယမ်း​လိုက်​ရာ မြေကြီး​သည် ရိတ်သိမ်း​ခြင်း​ကို​ခံရ​လေ​၏။
17တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​ရှိ ဗိမာန်​တော်​ထဲမှ​ထွက်လာ​၏။ သူ​၌​လည်း ထက်​သော​တံစဉ်​ပါ​၏။ 18ထို့နောက် မီး​အပေါ်​အခွင့်​အာဏာ​ရှိ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ယဇ်ပလ္လင်​ထဲမှ​ထွက်လာ​၍ ထက်​သော​တံစဉ်​ပါ​သော​သူ​အား “စပျစ်သီး​များ​မှည့်​ပြီ​ဖြစ်​သောကြောင့် သင်​၏​ထက်​သော​တံစဉ်​ကို​လွှတ်​၍ မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​များ​ကို ရိတ်သိမ်း​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။ 19ထို​ကောင်းကင်​တမန်​သည်​လည်း သူ​၏​တံစဉ်​ကို မြေကြီး​ပေါ်သို့​ဝှေ့ယမ်း​လျက် မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​ကို​ရိတ်သိမ်း​ကာ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​နှင့်ဆိုင်သည့် ကြီးမား​သော​စပျစ်သီး​နယ်ရာ​ကျင်း​ထဲသို့ သွန်ချ​လိုက်​၏။ 20၎င်း​တို့​ကို မြို့​ပြင်​ရှိ စပျစ်သီး​နယ်ရာ​ကျင်း​၌​နင်းနယ်​သောအခါ သွေး​သည် ထို​စပျစ်သီး​နယ်ရာ​ကျင်း​မှ​စီးထွက်​လာ​၍ မြင်း​၏​ဇက်ကြိုး​အထိ​မြင့်​ပြီး တစ်ရာရှစ်ဆယ့်လေး​မိုင်​ခန့်​ပြန့်​သွား​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ