YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 13

13
ပင်လယ်ထဲမှတက်လာသောသားရဲ
1ထို့နောက် ဦးချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခုနစ်​လုံး​ရှိ​သော​သားရဲ​တစ်​ကောင်​သည် ပင်လယ်​ထဲမှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦးချို​များ​ပေါ်တွင် သရဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်တွင် ဘုရားသခင်​ကို​စော်ကား​သော​အမည်​နာမ​များ​ရှိ​၏။ 2ငါ​မြင်​ရ​သော​ထို​သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်ဝံ​ခြေ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ပါးစပ်​သည် ခြင်္သေ့​ပါးစပ်​ကဲ့သို့​ဖြစ်​၏။ နဂါး​သည် မိမိ​၏​တန်ခိုး၊ မိမိ​၏​ပလ္လင်​နှင့် ကြီးမား​သော​အခွင့်​အာဏာ​ကို သူ့​အား​ပေးအပ်​လေ​၏။ 3ထို​သားရဲ​၏​ခေါင်း​တစ်​လုံး​သည် သေ​အောင်​သတ်ဖြတ်​ခြင်း​ခံရ​ပြီး​သကဲ့သို့​ဖြစ်​သော်လည်း ထို​သေ​စေ​သော​ဒဏ်ရာ​သည် ပျောက်ကင်း​သွား​လေ​၏။ ထိုအခါ တစ်ကမ္ဘာလုံး​သည်​အံ့ဩ​လျက် ထို​သားရဲ​နောက်သို့​လိုက်​ကြ​၏။ 4ထို့ပြင် နဂါး​သည် သားရဲ​အား အခွင့်​အာဏာ​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် နဂါး​ကို​ကိုးကွယ်​ကြ​၏။ သူ​တို့​က “မည်သူ​သည် သားရဲ​နှင့်​တူ​သနည်း။ မည်သူ​သည် သူ့​ကို တိုက်ခိုက်​နိုင်​သနည်း”​ဟု ဆို​လျက် သားရဲ​ကို​လည်း​ကိုးကွယ်​ကြ​၏။
5ထို​သားရဲ​သည် လေလုံးထွား​၍ ဘုရားသခင်​ကို​စော်ကား​ပြောဆို​တတ်​သော​နှုတ်​ကို​ရရှိ​လျက် လေးဆယ့်​နှစ်​လ​တိုင်တိုင် အာဏာ​လွှမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။ 6ထိုအခါ သူ​သည် မိမိ​နှုတ်​ကို​ဖွင့်​၍ ဘုရားသခင်​ကို​စော်ကား​သော​စကား​များ​ပြောဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​တဲ​တော်​ကို​လည်းကောင်း၊ ကောင်းကင်​၌​စံမြန်း​သော​သူ​တို့​ကို​လည်းကောင်း စော်ကား​ပြောဆို​လေ​၏။#ဒံ 7:25၊ 11:36။ 7သူ​သည် သန့်ရှင်း​သူ​တို့​ကို​စစ်တိုက်​၍ အောင်နိုင်​သော​အခွင့်​ကို​ရရှိ​ပြီး#ဒံ 7:21။ မျိုးနွယ်စု၊ လူမျိုး၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ​လူတို့​အား အုပ်စိုး​ရ​သော​အခွင့်​ကို​လည်း​ရရှိ​၏။ 8အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။ 9နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ 10ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။#ယေ 15:2၊ 43:11။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။
မြေကြီးထဲမှထွက်လာသောသားရဲ
11ထို့နောက် မြေကြီး​ထဲမှ​ထွက်​လာ​သော အခြား​သားရဲ​တစ်​ကောင်​ကို ငါ​မြင်​ရ​၏။ သူ​သည် သိုးသငယ်​၏​ဦးချို​နှင့်​တူ​သော ဦးချို​နှစ်​ချောင်း​ရှိ​၍ နဂါး​ကဲ့သို့​စကား​ပြော​၏။ 12ထို​သားရဲ​သည် ပထမ​သားရဲ​၏​အာဏာ​ရှိသမျှ​ကို သူ​၏​ရှေ့မှောက်​၌​သုံးစွဲ​ပြီး ကမ္ဘာ​မြေကြီး​မှစ၍ ၎င်း​ပေါ်တွင်​နေထိုင်​သော​သူ​တို့​အား သေ​စေ​သော​ဒဏ်ရာ​ပျောက်ကင်း​သွား​သည့် ပထမ​သားရဲ​ကို ကိုးကွယ်​စေ​၏။ 13ထိုမှတစ်ပါး ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် လူ​တို့​ရှေ့​တွင် ကောင်းကင်​မှ မြေကြီး​ပေါ်သို့ မီး​ကို​ပင် ကျ​လာ​စေ​၏။ 14သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။ 15တစ်ဖန် သားရဲ​၏​ရုပ်တု​သည် စကား​ပြော​နိုင်​ရန်​နှင့် သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်​သော​သူ​ရှိသမျှ​တို့​ကို သတ်ဖြတ်​စေရန် ထို​သားရဲ​၏​ရုပ်တု​အား အသက်​သွင်း​ပေး​နိုင်​သော​အခွင့်​ကို ရရှိ​လေ​၏။ 16ထို့ပြင် လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ချမ်းသာ​သော​သူ​ဖြစ်စေ၊ ဆင်းရဲ​သော​သူ​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လူ​အပေါင်း​တို့​အား သူ​တို့​၏​လက်ယာ​လက်​ပေါ်၌​၊ သို့မဟုတ် နဖူး​ပေါ်၌ အမှတ်တံဆိပ်​ကို​ရိုက်နှိပ်​စေ​၍ 17သားရဲ​၏​အမည်​၊ သို့မဟုတ် သူ့​အမည်​၏​ကိန်းဂဏန်း​ဖြစ်​သည့် ထို​အမှတ်တံဆိပ်​မ​ရှိ​လျှင် မည်သူမျှ အရောင်း​အဝယ်​မ​ပြု​နိုင်​ရန်​စီရင်​လေ​၏။
18ဤ​နေရာ​တွင် ဉာဏ်ပညာ​ရှိ​ရန်​လို​အပ်​၏။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် သားရဲ​၏​ကိန်းဂဏန်း​ကို​တွက်ချက်​ပါစေ။ အကြောင်းမူကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်းဂဏန်း​ဖြစ်​ပြီး ထို​ကိန်းဂဏန်း​မှာ ခြောက်ရာ​ခြောက်ဆယ့်​ခြောက်​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ