YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 74

74
အစ္စရေးအမျိုးသားတို့အတွက် ဆုတောင်းခြင်း
အာသပ်​၏​အလိမ္မာ​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​ငြင်းပယ်​တော်မူ​သနည်း​။
ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​အပေါ်
အဘယ်ကြောင့်​တငွေ့ငွေ့​လောင်​တော်မူ​သနည်း​။
2ရှေးကာလ​က ကိုယ်တော်​ဝယ်ယူ​ထား​သော ကိုယ်တော်​၏​လူမျိုး​တော်​၊
အမွေ​တော်​အဖြစ် ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​အမျိုးအနွယ်​နှင့်
ကိုယ်တော်​ကိန်းဝပ်​တော်မူ​ခဲ့​ရာ ဇိအုန်​တောင်​ကို အောက်မေ့​တော်မူ​ပါ​။
3ထာဝရ​ပျက်စီး​ဆိတ်သုဉ်း​သော​အရပ်​သို့ ခြေဦးလှည့်​တော်မူ​ပါ​။
ရန်သူ​တို့​သည် သန့်ရှင်းရာဌာန​တော်​ထဲ၌ ရှိသမျှ​တို့​ကို ဖျက်ဆီး​ကြ​ပါ​ပြီ​။
4ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏ တွေ့ဆုံစည်းဝေးရာ​နေရာ​တွင် အော်ဟစ်​ကြ​ပါ​၏​။
သူ​တို့​၏​အောင်လံ​များ​ကို အမှတ်လက္ခဏာ​အဖြစ်​စိုက်ထူ​ကြ​ပါ​ပြီ​။
5သူ​တို့​သည် သစ်ပင်​ထူထပ်​သော​အရပ်​တွင်
ပုဆိန်​ကို​ဝှေ့ယမ်း​သော​သူ​ကဲ့သို့​ဖြစ်​ပြီး
6ယခုတွင် ဗိမာန်တော်​ထဲမှ​ပန်းပုရုပ်​အားလုံး​တို့​ကို
ပုဆိန်​နှင့်​တူ​တို့​ဖြင့် ရိုက်ချိုး​ကြ​ပါ​၏​။
7သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို မီးရှို့​ကြ​ပါ​၏​။
ကိုယ်တော်​၏​နာမ​တော်​တည်ရာအရပ်​ကို မြေ​သို့​ကျ​သည့်​တိုင်အောင် ရှုတ်ချ​ကြ​ပါ​၏​။
8“​သူ​တို့​ကို အပြီးတိုင်​ချေမှုန်း​ကြ​မည်​”​ဟု မိမိ​တို့​စိတ်​ထဲ၌ ဆို​ကြ​ပါ​၏​။
ပြည်​တော်​အတွင်း​ရှိ ဘုရားသခင်​၏​တွေ့ဆုံစည်းဝေးရာ​နေရာ​ရှိသမျှ​တို့​ကို မီးရှို့​ကြ​ပါ​၏​။
9အကျွန်ုပ်​တို့​၏​အမှတ်လက္ခဏာ​များ​ကို အကျွန်ုပ်​တို့​မ​မြင်​ရ​ပါ​။ ပရောဖက်​လည်း​မ​ရှိ​တော့​ပါ​။
မည်မျှ​အထိ ဤသို့​ဖြစ်​မည်​ကို​သိ​သော​သူ​လည်း အကျွန်ုပ်​တို့​ထဲတွင်​မ​ရှိ​ပါ​။
10အို ဘုရားသခင်​၊ ရန်ဖက်ပြု​သော​သူ​သည် မည်မျှ​ကြာ​အောင် ကဲ့ရဲ့ပြစ်တင်​လျက်​နေ​လိမ့်​မည်နည်း​။
ရန်သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်​မထီလေးစား​ပြု​မည်လော​။
11ကိုယ်တော်​၏​လက်​တော်​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ကို​ပင်
အဘယ်ကြောင့်​ရုပ်သိမ်း​တော်မူ​သနည်း​။
လက်​တော်​ကို လျှိုထား​ရာ​မှ​ထုတ်​၍ သူ​တို့​ကို အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။
12သို့သော် ဘုရားသခင်​သည် ရှေးကာလ​မှစ၍ အကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​သည် ကမ္ဘာမြေ​အလယ်​၌ ကယ်တင်​ခြင်း​အမှု​ကို​ပြု​တော်မူ​၏​။
13ကိုယ်တော်​သည် အစွမ်းသတ္တိ​အားဖြင့် ပင်လယ်​ကို​ပိုင်းခြား​၍
ရေ​ထဲ​ရှိ​သတ္တဝါကြီး​တို့​၏​ဦးခေါင်း​ကို ခွဲ​တော်မူ​၏​။
14ကိုယ်တော်​သည် လဝိသန်#74:14 “အကောင်ကြီးသောရေသတ္တဝါတစ်မျိုး”။ ယောဘ 41:1 ကိုရှု။​၏​ဦးခေါင်း​တို့​ကို ကြေမွ​စေ​၍
ကန္တာရ​သတ္တဝါ​တို့​အား စားစရာ​အဖြစ်​ပေး​တော်မူ​၏​။
15ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍
အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူ​၏​။
16နေ့​ကို ကိုယ်တော်​ပိုင်​တော်မူ​သကဲ့သို့ ည​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။
ကိုယ်တော်​သည် အလင်းအိမ်​နှင့်တကွ နေ​ကို​တည်​စေ​တော်မူ​၏​။
17ကိုယ်တော်​သည် ကမ္ဘာမြေကြီး​၏ နယ်နိမိတ်​အားလုံး​ကို သတ်မှတ်​၍
နွေရာသီ​နှင့်​ဆောင်းရာသီ​ကို ဖြစ်ပေါ်​စေ​တော်မူ​၏​။
18အို ထာဝရဘုရား​၊ ရန်သူ​သည် ကိုယ်တော့်​ကို​ကဲ့ရဲ့ပြစ်တင်​သည်​ကို​လည်းကောင်း​၊
မိုက်မဲ​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို
မထီလေးစား​ပြု​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။
19ကိုယ်တော့်​ချိုးငှက်​၏​အသက်​ကို သားရဲတိရစ္ဆာန်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​၏​အဖိနှိပ်​ခံရ​သော​လူ​တို့​၏​အသက်​ကို အစဉ်​မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။
20ပဋိညာဉ်​တော်​ကို ကြည့်ရှုဆင်ခြင်​တော်မူ​ပါ​။
အကြောင်းမူကား ကမ္ဘာမြေကြီး​ပေါ်​ရှိ​မှောင်မိုက်​သော​အရပ်​တို့​သည်
ရက်စက်ကြမ်းကြုတ်မှု​ကျက်စား​ရာ​အရပ်​သက်သက် ဖြစ်​ပါ​၏​။
21ဖိနှိပ်ချုပ်ချယ်​ခြင်း​ခံရ​သော​သူ​သည် အသရေပျက်​၍ ပြန်လှည့်​လာ​ရ​ခြင်း မ​ရှိ​ပါစေ​နှင့်​။
အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​သည်
ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေသော​။
22အို ဘုရားသခင်​၊ ထ​တော်မူ​ပါ​။ ကိုယ်တော်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​တော်မူ​ပါ​။
မိုက်မဲ​သော​သူ​သည် ကိုယ်တော်​ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်​သည်​ကို အောက်မေ့​တော်မူ​ပါ​။
23ကိုယ်တော့်​ရန်သူ​တို့​၏​အသံ​တည်းဟူသော ကိုယ်တော်​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ထံမှ
အစဉ်မပြတ်​ထွက်ပေါ်​လာ​သည့် အုတ်အုတ်ကျက်ကျက်​အသံ​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 74: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ