YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 73

73
အပိုင်း (၃)
ဆာလံကျမ်း ၇၃-၈၉
ဘုရားသခင်၏အလိုတော်လမ်းကို သက်သေထူခြင်း
အာသပ်​၏​ဆာလံ
1အကယ်စင်စစ် ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အပေါ်​၊
စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။
2သို့သော် ငါ​မူကား ခြေ​ချော်​လုမတတ်​၊
ခြေလှမ်း​လွဲ​လုမတတ်​ဖြစ်​ခဲ့​၏​။
3အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​ကောင်းစား​ကြ​သည်​ကို​ငါ​မြင်​၍
ဝါကြွား​တတ်​သော​သူ​တို့​ကို ငါ​ငြူစူ​မိ​သောကြောင့်​ဖြစ်​၏​။
4အကြောင်းမှာ ထို​သူ​တို့​သည် သေ​သည့်​အချိန်​အထိ ဝေဒနာ​ကို မ​ခံစား​ကြ​ရ​ပေ​။
သူ​တို့​၏​ကိုယ်ခန္ဓာ​သည်​လည်း ဝဖြိုး​လျက်​ရှိ​၏​။
5လူ​တို့​ကြုံ​ရ​သည့်​အခက်အခဲ​ပြဿနာ​မျိုး သူ​တို့​၌​မ​ရှိ​။
အခြားသောသူ​များ​ကဲ့သို့ ထိပါး​နှောင့်ယှက်​ခြင်း​ကို​လည်း မ​ခံရ​။
6ထို့ကြောင့် မာန်မာန​သည် သူ​တို့​၏​လည်ဆွဲ​ဖြစ်​၏​။
ရက်စက်ကြမ်းကြုတ်မှု​အဝတ်​သည် သူ​တို့​ကို​လွှမ်းခြုံ​ထား​၏​။
7သူ​တို့​၏​မျက်စိ​သည် အဆီ​ဖြင့်​မို့မောက်​လျက်​ရှိ​၏​။
သူ​တို့​၏​စိတ်အာရုံ​သည် အထိန်းအကွပ်မဲ့​လျက်​ရှိ​၏​။
8သူ​တို့​သည် ပြက်ရယ်​ပြု​၍ ဆိုးညစ်​စွာ​ပြောဆို​တတ်​ကြ​၏​။
ထောင်လွှား​သော​စိတ်​ဖြင့် ဖိနှိပ်ချုပ်ချယ်မှု​အကြောင်း​ကို ပြောဆို​တတ်​ကြ​၏​။
9သူ​တို့​၏​နှုတ်​သည် ကောင်းကင်​နှင့်​ဆန့်ကျင်ဘက်​ပြု​၍
သူ​တို့​၏​လျှာ​သည်​လည်း ကမ္ဘာမြေကြီး​ကို လှည့်လည်​တတ်​၏​။
10ထို့ကြောင့် ကိုယ်တော်​၏​လူမျိုး​တော်​တို့​သည် သူ​တို့​ဘက်​သို့​လှည့်သွား​၍
သူ​တို့​၏​ချမ်းသာကြွယ်ဝ​ခြင်း​ရေ​ကို သောက်​ကြ​၏​။
11သူ​တို့​က “​ဘုရားသခင်​သည် မည်သို့​သိ​မည်နည်း​။
အမြင့်ဆုံး​သော​အရှင်​၌ အသိပညာ​ရှိ​ပါ​မည်လော​”​ဟု ဆို​တတ်​ကြ​၏​။
12ကြည့်ရှု​လော့​။ ဤသည်ကား အစဉ်အမြဲ​အေးချမ်း​စွာ​နေ​ရ​သည့် ဆိုးယုတ်​သော​သူ​တို့​ပေတည်း​။
သူ​တို့​သည် ဥစ္စာပစ္စည်း​တိုးပွား​တတ်​ကြ​၏​။
13အကယ်စင်စစ် ငါ​သည် ငါ​၏​စိတ်နှလုံး​ကို​သန့်ရှင်းစင်ကြယ်​စေ​၍
ငါ​၏​လက်​ကို အပြစ်ကင်း​ခြင်း​ထဲ၌ ဆေးကြော​ခဲ့​သည်​မှာ အချည်းနှီး​သာ​ဖြစ်​၏​။
14ငါ​သည် ထိပါး​နှောင့်ယှက်​ခြင်း​ကို တစ်နေ့လုံး​ခံရ​၏​။
ဆိုဆုံးမ​ခြင်း​ကို​လည်း နံနက်တိုင်း​ခံရ​၏​။
15“​ဤသို့​ပြောဆို​မည်​”​ဟု အကျွန်ုပ်​ဆို​ခဲ့​လျှင်
ကိုယ်တော့်​သားသမီး​များ​၏​မျိုးဆက်​အပေါ် သစ္စာဖောက်​ရာ​ရောက်​ပါ​လိမ့်မည်​။
16ဤ​အမှု​ကို​နားလည်​ရန် အကျွန်ုပ်​စဉ်းစား​သောအခါ
အကျွန်ုပ်​အမြင်​၌ ခက်ခဲ​သော​အမှု​ဖြစ်​ပါ​၏​။
17အကျွန်ုပ်​သည် ဘုရားသခင်​၏ သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​သည့်အခါမှသာ
သူ​တို့​၏​နိဂုံး​ကို သိရှိနားလည်​ရ​ပါ​၏​။
18အကယ်စင်စစ် ကိုယ်တော်​သည် ချော​သော​နေရာ​များ​တွင် သူ​တို့​ကို​ထား​၍
ပျက်စီး​ဆိတ်သုဉ်း​သော​အရပ်​သို့ သူ​တို့​ကို​ကျ​စေ​တော်မူ​၏​။
19သူ​တို့​သည် ချက်ချင်းပင် ကြီးစွာ​သော​ပျက်စီး​ခြင်း​သို့​ရောက်​၍
ထိတ်လန့်ဖွယ်​ရာ​များ​ဖြင့် အကုန်အစင် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​ပါ​သည်​တကား​။
20အိပ်မက်​မှ နိုးလာ​သကဲ့သို့
အို ဘုရားရှင်​၊ ကိုယ်တော်​နိုး​တော်မူ​သောအခါ
သူ​တို့​၏​ရုပ်သွင်​ကို မေ့ပျောက်​တော်မူ​လိမ့်မည်​။
21အကျွန်ုပ်​၏​စိတ်နှလုံး​သည် မခံချိမခံသာ​ဖြစ်​၍
အကျွန်ုပ်​၏​အတွင်းသဘော​သည် ထိုးဆွ​ခြင်း​ခံရ​သောအခါ
22အကျွန်ုပ်​သည် အသိတရားမဲ့​၍ မည်သည့်​အရာ​မျှ​မ​သိ​။
ကိုယ်တော်​၏​ရှေ့​တော်​၌ တိရစ္ဆာန်​ကဲ့သို့​ဖြစ်​ခဲ့​ပါ​၏​။
23သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ အစဉ်မပြတ်​ရှိ​ခဲ့​ပါ​၏​။
ကိုယ်တော်​သည် အကျွန်ုပ်​၏​လက်ယာ​လက်​ကို ကိုင်​ထား​တော်မူ​၏​။
24ကိုယ်တော်​၏​အကြံဉာဏ်​အားဖြင့် အကျွန်ုပ်​ကို​ရှေ့ဆောင်​လမ်းပြ​တော်မူ​ပြီးနောက်
ဘုန်းအသရေ​တော်​ထဲသို့ ခေါ်ဆောင်​တော်မူ​လိမ့်မည်​။
25ကောင်းကင်ဘုံ​၌ ကိုယ်တော်​မှတစ်ပါး အကျွန်ုပ်​တွင် မည်သူ​ရှိ​သနည်း​။
မြေကြီး​ပေါ်၌​လည်း ကိုယ်တော်​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ အကျွန်ုပ်​အလို​မ​ရှိ​ပါ​။
26အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားအင်ကုန်ခန်း​သော်လည်း
ဘုရားသခင်​သည် အစဉ်အမြဲ အကျွန်ုပ်​စိတ်နှလုံး​၏​အစွမ်းသတ္တိ​၊
အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။
27အကယ်စင်စစ် ကိုယ်တော်​နှင့်​ဝေးကွာ​သော​သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။
ကိုယ်တော်​အပေါ်​သစ္စာ​မ​ရှိ​၊ ဖောက်ပြန်မှားယွင်း​သော​သူ​ရှိသမျှ​တို့​ကို
ကိုယ်တော်​သည် ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။
28အကျွန်ုပ်​အတွက်​မူကား ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ခြင်း​သည် ကောင်းမြတ်​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​အမှု​တော်​ရှိသမျှ​တို့​ကို ပြောကြား​ရန်
ဘုရားရှင်​ထာဝရဘုရား​ကို အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​စေ​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 73: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ