YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 7

7
တရားမျှတစွာစီရင်ပေးတော်မူရန် ဆုတောင်းခြင်း
ဗင်္ယာမိန်​အမျိုးသား​ကုရှ​၏​အပြုအမူ​ကြောင့် ထာဝရဘုရား​ထံသို့ ဒါဝိဒ်​သီကျူး​သော​ရှိဂျောနုတ်​သီချင်း
1အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။
အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​၍
အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။
2သို့မဟုတ်လျှင် ကယ်နုတ်​သူ​မ​ရှိ​စဉ် သူ​တို့​သည် ခြင်္သေ့​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆုတ်ဖြဲ​၍
အပိုင်းပိုင်း​ကိုက်ဖြတ်​ကြ​လိမ့်မည်​။
3အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကယ်၍ အကျွန်ုပ်​သည် ဤ​အမှု​တို့​ကို​ပြု​ခဲ့​သည်​ဆိုလျှင်
တစ်နည်း​အားဖြင့် အကျွန်ုပ်​လက်​၌ မတရားမှု​ရှိ​ခဲ့​သည်​ဆို​လျှင်​၊
4အကျွန်ုပ်​နှင့်​သင့်မြတ်​သော​သူ​အပေါ် မကောင်းမှု​ပြု​ခဲ့​၍
အကျွန်ုပ်​ရန်သူ​၏​ဥစ္စာ​ကို အကြောင်းမဲ့​လုယူ​ခဲ့​သည်​ဆို​လျှင်
5ရန်သူ​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို လိုက်​၍​မီ​ပါစေ​။ အကျွန်ုပ်​၏​အသက်​ကို မြေ​ပေါ်မှာ​နင်းချေ​ပါစေ​။
အကျွန်ုပ်​၏​ဘုန်းအသရေ​ကို​လည်း မြေမှုန့်​ထဲမှာ​ချ​ထား​ပါစေ​။(​စေလာ#7:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6အို ထာဝရဘုရား​၊ အမျက်​တော်​နှင့်​ထ​တော်မူ​ပါ​။ အကျွန်ုပ်​ရန်သူ​တို့​၏​ဒေါသ​ကို​ဆန့်ကျင်​လျက် ရပ်​တော်မူ​ပါ​။
အကျွန်ုပ်​အတွက် နိုးကြွ​တော်မူ​ပါ​။ ကိုယ်တော်​သည် တရားစီရင်​ခြင်း​ကို​စီမံ​တော်မူ​ပြီ​။
7လူမျိုး​တို့​၏​အစုအဝေး​သည် ကိုယ်တော်​ကို​ဝိုင်းရံ​ကြ​ပါစေ​။
ထို​သူ​တို့​အထက် မြင့်သောအရပ်​သို့ ပြန်ကြွ​တော်မူ​ပါ​။
8ထာဝရဘုရား​သည် လူမျိုးတကာ​တို့​ကို စစ်ကြောစီရင်​တော်မူ​၏​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​၊ အကျွန်ုပ်​၏​တည်ကြည်​ခြင်း​နှင့်အညီ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။
9ဆိုးယုတ်​သော​သူ​တို့​၏​မကောင်းမှု​သည် ပပျောက်​သွား​ပါစေ​။ သို့သော် ဖြောင့်မတ်​သော​သူ​ကို​တည်မြဲ​စေ​တော်မူ​ပါ​။
ဖြောင့်မတ်​တော်မူ​သော​ဘုရားသခင်​သည် စိတ်နှလုံး​အတွင်းသဘော​ကို စစ်ဆေး​တော်မူ​၏​။#ဗျာ 2:23။
10စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
11ဘုရားသခင်​သည် ဖြောင့်မတ်​စွာ​တရားစီရင်​သော​အရှင်​ဖြစ်​တော်မူ​ပြီး
ဆိုးယုတ်​သော​သူ​ကို နေ့စဉ်​နှင့်အမျှ​အမျက်ထွက်​တော်မူ​ရ​ပါ​၏​။
12သူ​သည် နောင်တ​မ​ရ​လျှင်
ကိုယ်တော်​သည် ဓား​တော်​ကို​သွေး​ထား​လိမ့်မည်​။ လေး​တော်​ကို​တင်​၍ ချိန်ရွယ်​ထား​လိမ့်မည်​။
13သေ​စေ​တတ်​သော​လက်နက်​တို့​ကို​လည်း ထို​သူ​အတွက်​ပြင်ဆင်​၍
မီး​မြား​တို့​ကို ပြင်ဆင်​ထား​တော်မူ​မည်​။
14ကြည့်ရှု​လော့​။ ထို​သူ​သည် အပြစ်ဒုစရိုက်​ကို​သန္ဓေလွယ်​၍
အခက်အခဲ​ပြဿနာ​ကို ကိုယ်ဝန်ဆောင်​ကာ မုသား​ကို​မွေးဖွား​လေ​ပြီ​။#ယာ 1:15။
15သူ​သည် တွင်း​တူး​၍ ၎င်း​ကို​ယက်ထုတ်​ကာ
မိမိ​တူး​ထား​သော​တွင်း​ထဲသို့ ကျ​လိမ့်မည်​။
16သူ​ဖန်တီး​သော​အခက်အခဲ​ပြဿနာ​သည် သူ့​ခေါင်း​ပေါ်​ပြန်ရောက်​၍
သူ​၏​ရက်စက်ကြမ်းကြုတ်မှု​သည် သူ​၏​ဦးခေါင်းထိပ်​ပေါ်​ကျ​လိမ့်မည်​။
17ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​ခြင်း ရှိ​သည့်​အတိုင်း ငါ​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍
အမြင့်ဆုံး​သော​ထာဝရဘုရား​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။