YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 69

69
ကယ်တင်တော်မူရန် တောင်းလျှောက်ခြင်း
ဂီတမှူး​အတွက်​၊ “​နှင်းပန်း​” သံစဉ်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
အကြောင်းမူကား ရေ​သည် အကျွန်ုပ်​၏​လည်မျို#69:1 သို့မဟုတ် “စိတ်ဝိညာဉ်”။​တိုင်အောင် ရောက်လာ​ပါ​ပြီ​။
2အကျွန်ုပ်​သည် နက်​သော​နွံ​ထဲ၌​နစ်​နေ​ပါ​ပြီ​။ ရပ်စရာမြေမာ​လည်း​မ​ရှိ​ပါ​။
အကျွန်ုပ်​သည် နက်ရှိုင်း​သော​ရေ​ထဲသို့​ရောက်​နေ​ပါ​ပြီ​။
လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​ပြီ​။
3အကျွန်ုပ်​သည် ဟစ်ခေါ်​ရ​၍ ပင်ပန်း​ပါ​ပြီ​။ အကျွန်ုပ်​၏​အာခေါင်​သည် ခြောက်​ပါ​ပြီ​။
အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ဘုရားသခင်​ကို​မျှော်ကြည့်​ရ​၍ အားအင်ကုန်ခန်း​ပါ​ပြီ​။
4အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည်
အကျွန်ုပ်​၏​ဦးခေါင်း​ပေါ်ရှိ​ဆံပင်​များ​ထက် ပို၍​များပြား​ကြ​ပါ​၏​။
အကျွန်ုပ်​ကို​ဖယ်ရှားသုတ်သင်​လို​သည့် လှည့်ဖြား​တတ်​သော အကျွန်ုပ်​၏​ရန်သူ​တို့​သည် အားကြီး​ကြ​ပါ​၏​။#ဆာ 35:19၊ ယော 15:25။
အကျွန်ုပ်​မ​လုယူ​ခဲ့​သည့်​အရာ​ကို အကျွန်ုပ်​ပြန်ပေး​ရ​ပါ​မည်လော​။
5အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မိုက်မဲမှု​ကို သိ​တော်မူ​၏​။
အကျွန်ုပ်​၏​အပြစ်​များ​ကို ကိုယ်တော့်​ရှေ့​မှ​ဖုံးကွယ်​ထား​၍​မ​ရ​ပါ​။
6ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊
ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​တို့​သည် အကျွန်ုပ်​ကြောင့် အရှက်​မ​ကွဲ​ကြ​ရ​ပါစေ​နှင့်​။
အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​သည်
အကျွန်ုပ်​ကြောင့် အသရေ​မ​ပျက်​ကြ​ရ​ပါစေ​နှင့်​။
7အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​အတွက် ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​ခံရ​ပါ​၏​။
အသရေပျက်​ခြင်း​သည် အကျွန်ုပ်​၏​မျက်နှာ​ကို ဖုံးလွှမ်း​ပါ​ပြီ​။
8အကျွန်ုပ်​သည် အကျွန်ုပ်​၏​ညီအစ်ကို​များ​အတွက် သူစိမ်း​ဖြစ်​သွား​၍
အကျွန်ုပ်​မိခင်​၏​သား​များ​အတွက် တစ်ပါးအမျိုးသား​ဖြစ်သွား​ပါ​ပြီ​။
9အကြောင်းမူကား ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။
ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​၏ ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ပါ​၏​။#ယော 2:17၊ ရော 15:3။
10အကျွန်ုပ်​သည် ငိုကြွေး​၍ စိတ်နှလုံး​ပါ​လျက်​အစာရှောင်​သောအခါ
ထို​အမှု​ကြောင့် ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ပါ​၏​။
11လျှော်တေအဝတ်​ကို ဝတ်​သောအခါ
လူ​တို့​အတွက် ပြောစရာ​ဖြစ်လာ​ပါ​၏​။
12မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။
အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။
13အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား နှစ်သက်​ဖွယ်​သော​အချိန်​၌ ကိုယ်တော့်​ထံ ဆုတောင်း​ပါ​၏​။
အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကြီးမား​သော​မေတ္တာကရုဏာ​နှင့်အညီ
ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော သမ္မာတရား​ဖြင့် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။
14အကျွန်ုပ်​ကို​ရွှံ့​ထဲမှ ကယ်နုတ်​တော်မူ​ပါ​။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ​လည်းကောင်း​၊ နက်ရှိုင်း​သော​ရေ​ထဲမှ​လည်းကောင်း
အကျွန်ုပ်​ကယ်နုတ်​ခြင်း​ခံရ​ပါစေသော​။
15ရေ​လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​မ​လွှမ်းမိုး​ပါစေ​နှင့်​။
နက်​သော​ရေ​သည်​လည်း အကျွန်ုပ်​ကို​မ​မျို​ပါစေ​နှင့်​။
တွင်း​ဝ​သည်​လည်း အကျွန်ုပ်​အပေါ်​၌ ပိတ်​မ​ထား​ပါစေ​နှင့်​။
16အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည်
ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။
ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။
17ကိုယ်တော်​၏​အစေအပါး​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။
18အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ထံသို့​ချဉ်းကပ်​၍ ရွေးနုတ်​တော်မူ​ပါ​။
အကျွန်ုပ်​၏​ရန်သူ​များ​ကြောင့် အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။
19အကျွန်ုပ်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​၊
အရှက်ကွဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​တို့​ကို ကိုယ်တော်​သိ​ပါ​၏​။
အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ရှေ့မှောက်​၌​ရှိ​ကြ​ပါ​၏​။
20ကဲ့ရဲ့ပြစ်တင်​ခြင်း​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ကျိုးပဲ့​စေ​၍
အကျွန်ုပ်​သည် အလွန်​စိတ်ပျက်​အားငယ်​လျက်​ရှိ​ပါ​၏​။
အကျွန်ုပ်​သည် စာနာထောက်ထား​မည့်​သူ​ကို စောင့်မျှော်​သော်လည်း မ​ရှိ​ခဲ့​ပါ​။
နှစ်သိမ့်ပေး​မည့်​သူ​များ​ကို​ရှာ​သော်လည်း မ​တွေ့​ခဲ့​ပါ​။
21သူ​တို့​သည် အကျွန်ုပ်​၏​အစာ​အတွက် ဆေးခါး#69:21 သို့မဟုတ် “အဆိပ်”။​ကို​ကျွေး​၍
အကျွန်ုပ်​ရေငတ်​သောအခါ ဝိုင်ချဉ်​ကို တိုက်​ကြ​ပါ​၏​။#မ 27:48၊ မာ 15:36။
22သူ​တို့​ရှေ့​၌​ရှိ​သော​စားပွဲ​သည် ကျော့ကွင်း​သော်​လည်းကောင်း​၊
လက်တုံ့ပြန်စရာ​သော်​လည်းကောင်း​၊ ထောင်ချောက်​သော်​လည်းကောင်း ဖြစ်​ပါစေ​။
23သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါစေ​။ သူ​တို့​၏​ကျော​သည်​လည်း အစဉ်​ကုန်း​ပါစေ​။#ရော 11:10။
24ကိုယ်တော်​၏​အမျက်​တော်​ကို သူ​တို့​အပေါ်​သွန်းလောင်း​တော်မူ​ပါ​။
ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​သည် သူ​တို့​ကို​ကျော်နင်း​လွှမ်းမိုး​ပါစေ​။
25သူ​တို့​၏​နေရပ်စခန်း​သည် လူသူကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ​။
သူ​တို့​၏​တဲ​များ​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်​။#တ 1:20။
26အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​ဒဏ်ခတ်​ထား​သော​သူ​ကို လိုက်လံညှဉ်းဆဲ​ကြ​ပြီး
ကိုယ်တော်​ဒဏ်ရာရ​စေ​သော​သူ​တို့​၏ ဒုက္ခဝေဒနာ​အကြောင်း​ကို ပြောဆို​ကြ​ပါ​၏​။
27သူ​တို့​၏​ဒုစရိုက်​အပေါ် ဒုစရိုက်​ကို​ထပ်၍​တိုး​စေ​တော်မူ​ပါ​။
သူ​တို့​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲသို့ ဝင်ရောက်​ခွင့်​မ​ရှိ​ပါစေ​နှင့်​။
28သူ​တို့​သည် အသက်​စာစောင်​မှ ပယ်ဖျက်​ခြင်း​ခံရ​၍
ဖြောင့်မတ်​သော​သူ​တို့​ထဲတွင် စာရင်းဝင်​ခြင်း​မ​ရှိ​ပါစေ​နှင့်​။
29အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​၍ နာကျင်​နေ​ပါ​၏​။
အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် အကျွန်ုပ်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​ပါစေသော​။
30ငါ​သည် ဘုရားသခင်​၏​နာမ​တော်​ကို သီချင်း​ဖြင့်​ချီးမွမ်း​၍
ကိုယ်တော်​ကြီးမြတ်​တော်မူ​ကြောင်း​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ဖော်ပြ​မည်​။
31ထာဝရဘုရား​သည် ထို​အမှု​ကို နွား​တည်းဟူသော
ချို​နှင့်​ခွာ​များ​ဖြင့်​ပြည့်စုံ​သော​နွားထီး​ထက် နှစ်သက်​တော်မူ​လိမ့်မည်​။
32စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထို​အမှု​ကို​မြင်​၍ ဝမ်းမြောက်​ကြ​လိမ့်မည်​။
ဘုရားသခင်​ကို​ရှာ​သော​သူ​တို့​၊ သင်​တို့​၏​စိတ်နှလုံး​သည် ရှင်သန်​ပါစေသော​။
33အကြောင်းမူကား ထာဝရဘုရား​သည် နွမ်းပါး​သော​သူ​တို့​ကို နားညောင်း​တော်မူ​၏​။
အချုပ်အနှောင်​ခံရ​သော​မိမိ​၏​လူ​တို့​ကို​လည်း မထီမဲ့မြင်ပြု​တော်​မ​မူ​ပေ​။
34ကောင်းကင်​နှင့်​မြေကြီး​၊ သမုဒ္ဒရာ​နှင့်
သမုဒ္ဒရာ​၌​လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​သည်
ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။
35အကယ်စင်စစ် ဘုရားသခင်​သည် ဇိအုန်​ကို​ကယ်တင်​၍
ယုဒ​ပြည်​ရှိ​မြို့​များ​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​။
ထိုအခါ သူ​တို့​သည် ထို​အရပ်​တွင်​နေထိုင်​လျက် ၎င်း​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။
36ကိုယ်တော့်​အစေအပါး​တို့​၏​သားမြေးစဉ်ဆက်​တို့​သည် ထို​အရပ်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။
ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​သည်​လည်း ထို​အရပ်​၌​နေ​ရ​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 69: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။