YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 68

68
ဘုရားသခင်၏အစွမ်းသတ္တိနှင့်ဘုန်းအာနုဘော်တော်
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ​သီချင်း
1ဘုရားသခင်​ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ရန်သူ​တို့​သည် ကွဲလွင့်​သွား​ကြ​လိမ့်မည်​။
ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​မှ​ထွက်ပြေး​ကြ​လိမ့်မည်​။
2မီးခိုး​သည် လွင့်သွား​သကဲ့သို့ ကိုယ်တော်​သည် သူ​တို့​ကို​လွင့်သွား​စေ​တော်မူ​လိမ့်မည်​။
ဖယောင်း​သည် မီး​ရှေ့​တွင် အရည်ပျော်​သကဲ့သို့ ဆိုးယုတ်​သော​သူ​တို့​သည်
ဘုရားသခင်​၏​ရှေ့​တော်​တွင် ပျက်စီး​ကြ​ရ​လိမ့်မည်​။
3သို့သော် ဖြောင့်မတ်​သော​သူ​တို့​သည် ဝမ်းမြောက်​၍
ဘုရားသခင်​၏​ရှေ့​တော်​၌​ရွှင်လန်း​ကြ​လိမ့်မည်​။
သူ​တို့​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​ကြ​လိမ့်မည်​။
4ဘုရားသခင်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။
မိုးတိမ်​များ​ကို​စီး​တော်မူ​သော​အရှင်​ကို ချီးကျူး​ထောမနာ​ပြု​ကြ​လော့​။
ကိုယ်တော်​၏​နာမ​တော်​ကား ထာဝရဘုရား​ပေတည်း​။
ကိုယ်တော်​၏​ရှေ့​တော်​၌ ရွှင်မြူး​ကြ​လော့​။
5ဖတဆိုး​တို့​၏​ဖခင်​၊ မုဆိုးမ​တို့​အတွက်​တရားစီရင်​ပေး​သော​အရှင်​မှာ
မိမိ​၏​သန့်ရှင်း​သော​ကိန်းဝပ်​ရာ​အရပ်​၌ ရှိ​တော်မူ​သော ဘုရားသခင်​ပေတည်း​။
6ဘုရားသခင်​သည် အထီးကျန်​သော​သူ​တို့​အား အတူ​နေထိုင်​ရန်​မိသားစု​ကို​ပေး​၍
အချုပ်အနှောင်​ခံရ​သော​သူ​တို့​ကို ကောင်းစားရာ​သို့​ပို့ဆောင်​တော်မူ​၏​။
ငြင်းဆန်​သော​သူ​တို့​မူကား ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌​နေထိုင်​ကြ​ရ​၏​။
7အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​၏​ရှေ့​မှ​ကြွ​ပြီး
ကန္တာရမြေ​ကို​ကျော်ဖြတ်​ချီတက်​တော်မူ​သောအခါ(​စေလာ#68:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8သိနာ​တောင်​၏​အရှင်​ဘုရားသခင်​၏​ရှေ့​တော်​၊
အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​၏​ရှေ့​တော်​၌
မြေကြီး​သည် တုန်ခါ​၍ ကောင်းကင်​သည် မိုး​ရွာသွန်း​ခဲ့​ပါ​၏​။
9အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိုး​ကို​များစွာ​ရွာသွန်း​စေ​၍
ကိုယ်တော်​၏​အမွေ​တော်​သည် အားအင်ကုန်ခန်း​သောအခါ ၎င်း​ကို ပြန်လည်​လန်းဆန်း​စေ​တော်မူ​၏​။
10ကိုယ်တော်​၏​လူစု​တော်​သည် ထို​အရပ်​၌​အခြေချ​ခဲ့​ကြ​ပါ​၏​။
အို ဘုရားသခင်​၊ ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက်
ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ထဲမှ ပြင်ဆင်​ပေး​တော်မူ​၏​။
11ဘုရားရှင်​သည် နှုတ်မြွက်​ပြောကြား​တော်မူ​၏​။
ထို​ကောင်းမြတ်​သော​သတင်း​ကို ပြောကြား​သော​အမျိုးသမီး​တို့​သည် အတိုင်းမသိ​များပြား​လှ​၏​။
12“​ဗိုလ်ခြေ​များ​၏​ရှင်ဘုရင်​တို့​သည် အလျင်အမြန်​ထွက်ပြေး​ကြ​၍
အိမ်​၌​နေရစ်​သော​အမျိုးသမီး​တို့​သည် လုယက်ပစ္စည်း​များ​ကို ခွဲဝေ​ကြ​၏​။
13သင်​တို့​သည် သိုးခြံ​ထဲ၌​အိပ်​ကြ​ရ​လျှင်ပင်
ငွေ​ဖြင့်​ဖုံးအုပ်​ထား​သော​ချိုးငှက်​၏ တောင်ပံ​များ​ကဲ့သို့​လည်းကောင်း​၊
ရွှေ​ဖြင့်​တောက်ပ​လျက်​ရှိ​သော ထို​ငှက်​၏​အမွေးအတောင်​များ​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​၏​။​”
14အနန္တတန်ခိုးရှင်​သည် ရှင်ဘုရင်​တို့​ကို ထို​အရပ်​တွင် ကွဲလွင့်​စေ​တော်မူ​သောအခါ
ဇာလမုန်​တောင်​ပေါ်၌​နှင်းပွင့်​ကျ​လေ​၏​။
15ဘုရားသခင်​၏​တောင်​တော်​သည် ဗာရှန်​တောင်​ဖြစ်​၏​။
တောင်​ထိပ်​များစွာ​ရှိ​သော ဗာရှန်​တောင်​ဖြစ်​၏​။
16တောင်ထိပ်​များစွာ​ရှိ​သော​တောင်​တို့​၊ ဘုရားသခင်​သည်
မိမိ​စံပယ်​ရာ​အရပ် ဖြစ်စေ​လို​သော​တောင်​ကို
သင်​တို့​သည် အဘယ်ကြောင့်​မနာလိုစိတ်​နှင့်​ကြည့်​နေ​ကြ​သနည်း​။
အမှန်စင်စစ် ထာဝရဘုရား​သည် ထို​အရပ်​၌ အစဉ်​ကိန်းဝပ်​တော်မူ​လိမ့်မည်​။
17ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။
ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။
18ကိုယ်တော်​သည် မြင့်သောအရပ်​သို့ တက်သွား​တော်မူ​သောအခါ
သုံ့ပန်း​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​၍
လူ​တို့​ထံမှ​မက ငြင်းဆန်​သော​သူ​တို့​ထံမှ​ပင် လက်ဆောင်​များ​ကို​ခံယူ​တော်မူ​၏​။#ဧ 4:8။
ဤသည်ကား ထာဝရအရှင်​ဘုရားသခင်​သည် ထို​အရပ်​၌​ကိန်းဝပ်​တော်မူ​ရန်​ဖြစ်​၏​။
19ငါ​တို့​၏​ဝန်ထုပ်​များ​ကို နေ့စဉ်နေ့တိုင်း​ထမ်း​ပေး​တော်မူ​သော​ဘုရားရှင်​သည် မင်္ဂလာရှိ​ပါစေသော​။
ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။(​စေလာ#68:19 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
20ငါ​တို့​၏​ဘုရားသခင်​သည် ကယ်တင်​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။
သေ​ခြင်း​မှ​လွတ်မြောက်​ခွင့်​သည်​လည်း ဘုရားရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။
21သို့သော် ဘုရားသခင်​သည် မိမိ​ရန်သူ​တို့​၏​ဦးခေါင်း​ကို​လည်းကောင်း​၊
မိမိ​ဒုစရိုက်အပြစ်​များ​၌​လျှောက်လှမ်း​နေ​သော​သူ​၏ ဆံထုံးထုံး​ထား​သော​ဦးထိပ်​ကို​လည်းကောင်း
ကြေမွ​စေ​တော်မူ​လိမ့်မည်​။
22ဘုရားရှင်​က “​ငါ​သည် သူ​တို့​ကို ဗာရှန်​ပြည်​မှ ပြန်ခေါ်လာ​မည်​။
ပင်လယ်​၏​ရေနက်​ရာ​အရပ်​မှ ပြန်ခေါ်လာ​မည်​။
23ထိုသို့​သော​အားဖြင့် သင်​၏​ခြေ​သည် ရန်သူ​တို့​၏​သွေး​ကို​နင်းနယ်​နိုင်​၍
သင့်​ခွေး​တို့​၏​လျှာ​သည်​လည်း မိမိ​ခွဲတမ်း​ကို သူ​တို့​ထံမှ​ရ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
24အို ဘုရားသခင်​၊ ကိုယ်တော်​နှင့်အတူ စီတန်း​လှည့်လည်​သွား​သော​လူတန်း​တည်းဟူသော
အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​နှင့်အတူ သန့်ရှင်းရာဌာန​တော်​သို့
စီတန်း​လှည့်လည်​သွား​သော​လူတန်း​ကို လူ​တို့​မြင်​ရ​ကြ​ပါ​၏​။
25ရှေ့​၌ကား သီချင်းဆို​သော​သူ​များ​၊ နောက်​၌ကား စောင်းတီး​သော​သူ​များ​၊
အလယ်​၌ကား ပတ်သာတီး​သော​မိန်းမပျို​များ​သည် လိုက်ပါ​ကြ​ပါ​၏​။
26ဘုရားသခင်​ကို လူထုပရိသတ်​ကြီး​အလယ်​တွင် ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
ထာဝရဘုရား​ကို အစ္စရေး​၏​စမ်းရေတွင်း​မှ ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
27ထို​အရပ်​တွင် သူ​တို့​ကို​အုပ်စိုး​သည့် အသေးငယ်ဆုံး​သော​ဗင်္ယာမိန်​အနွယ်​ရှိ​၍
သူ​တို့​၏​အုပ်စု​ထဲတွင် ယုဒ​အနွယ်​၏​အကြီးအကဲ​များ​၊
ဇာဗုလုန်​အနွယ်​၏​အကြီးအကဲ​များ​နှင့် နဿလိ​အနွယ်​၏​အကြီးအကဲ​များ​ပါရှိ​ကြ​ပါ​၏​။
28သင်​၏​ဘုရားသခင်​သည် သင်​၏​အစွမ်းသတ္တိ​ကို​မိန့်မှာ​တော်မူ​ပြီ​။
အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​အတွက် ပြု​တော်မူ​သည့်​အတိုင်း တန်ခိုး​တော်​ကို​ပြသ​တော်မူ​ပါ​။
29ဂျေရုဆလင်​မြို့​ရှိ ကိုယ်တော်​၏​ဗိမာန်တော်​ကြောင့် ရှင်ဘုရင်​တို့​သည် ကိုယ်တော့်​ထံသို့
လက်ဆောင်ပဏ္ဏာ​ယူဆောင်​လာ​ကြ​ပါ​လိမ့်မည်​။
30ကျူတော​သားရဲတိရစ္ဆာန်​နှင့်
လူမျိုး​နွားသငယ်​များ​အလယ်​ရှိ နွားလား​အုပ်ကြီး​တို့​ကို ဆုံးမ​တော်မူ​ပါ​။
ငွေ​ချောင်း​များ​ရှိ​သော​သူ​ကို ခြေ​ဖြင့်​နင်းချေ​လျက်
စစ်မက်​ကို​နှစ်သက်​သော​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​ပါ​။
31သံတမန်​တို့​သည် အီဂျစ်​ပြည်​မှ​ရောက်လာ​ကြ​လိမ့်မည်​။
အီသီယိုးပီးယား​ပြည်​သည် ဘုရားသခင်​ထံသို့ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။
32ကမ္ဘာမြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​တို့​၊ ဘုရားသခင်​ထံသို့ သီချင်းဆို​ကြ​လော့​။
ဘုရားရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။(​စေလာ#68:32 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
33ရှေးကာလ​ကပင်​တည်ရှိ​သည့် အမြင့်ဆုံးကောင်းကင်​ကို​စီး​တော်မူ​သော​အရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​သည် မိမိ​အသံ​၊ တန်ခိုးကြီး​သော​အသံ​ကို လွှင့်​တော်မူ​၏​။
34ဘုရားသခင်​၏​အစွမ်းသတ္တိ​ကို သိမှတ်ဝန်ခံ​ကြ​လော့​။
ကိုယ်တော်​၏​အာနုဘော်​တော်​သည် အစ္စရေး​အပေါ်​၌​ရှိ​၍
ကိုယ်တော်​၏​အစွမ်းသတ္တိ​သည် မိုးတိမ်​တို့​၌​ရှိ​၏​။
35အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။
အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် လူမျိုး​တော်​အား အစွမ်းသတ္တိ​နှင့်​ခွန်အား​များ​ကို​ပေး​တော်မူ​၏​။
ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 68: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။