YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 45

45
တော်ဝင်ထိမ်းမြားမင်္ဂလာသီချင်း
ဂီတမှူး​အတွက်​၊ “​နှင်းပန်း​”​သံစဉ်​၊ ကောရ​သား​တို့​၏​အလိမ္မာ​သီချင်း​၊ မေတ္တာ​သီချင်း
1ငါ့​စိတ်နှလုံး​သည် ကောင်းမြတ်​သော​စကား​နှင့် ပြည့်လျှံ​လျက်​ရှိ​၏​။
ရှင်ဘုရင်​အတွက် ငါ​စီကုံး​သော​အရာ​များ​ကို ငါ​ရွတ်ဆို​မည်​။
ငါ့​လျှာ​သည် ကျွမ်းကျင်​သော​စာရေးဆရာ​၏ ကလောင်တံ​ကဲ့သို့​ဖြစ်​၏​။
2ကိုယ်တော်​သည် လူသား​တို့​ထက် အဆင်းလှ​ပါ​၏​။
ကိုယ်တော်​၏​နှုတ်ခမ်း​သည် ကျေးဇူး​တော်​ဖြင့် ဘိသိက်​ခံရ​ပါ​၏​။
ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ကောင်းချီးပေး​တော်မူ​ပြီ​။
3တန်ခိုးကြီး​သော​အရှင်​၊ ကိုယ်တော်​၏​ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​တည်းဟူသော
ကိုယ်တော်​၏​ဓား​ကို​နံဘေး​တွင် စည်း​တော်မူ​ပါ​။
4သမ္မာတရား​၊ နှိမ့်ချ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့်ဆိုင်သော​အရေးကိစ္စ​အတွက်
ကိုယ်တော်​၏​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် အောင်မြင်​စွာ​စီးနင်း​ကြွမြန်း​တော်မူ​ပါ​။
ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အံ့ဩဖွယ်​အမှု​တို့​ကို ကိုယ်တော်​အား​ပြသ​ပါစေသော​။
5ကိုယ်တော်​၏​မြား​တို့​သည် ချွန်ထက်​၍ ရှင်ဘုရင်​၏​ရန်သူ​တို့​နှလုံးသား​ထဲသို့​စူးဝင်​ကြ​၏​။
လူမျိုးတကာ​တို့​သည် ခြေ​တော်​အောက်​၌​လဲ​ကြ​ပါ​၏​။
6အို ဘုရားသခင်​၊ ကိုယ်တော်​၏​ပလ္လင်​တော်​သည် ကာလ​အစဉ်အဆက်​တည်​၍
တရားမျှတ​သော​ရာဇလှံတံ​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​ရာဇလှံတံ​ဖြစ်​ပါ​၏​။
7ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏​။
ထို့ကြောင့် ဘုရားသခင်​တည်းဟူသော ကိုယ်တော်​၏​ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက်
ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်ပေး​တော်မူ​၏​။#ဟေဗြဲ 1:9။
8ကိုယ်တော်​၏​အဝတ်​ရှိသမျှ​တို့​သည် မုရန်​၊ သစ်မွှေး​၊ သစ်ကြံပိုး​တို့​ဖြင့် မွှေးကြိုင်​လျက်​ရှိ​ပါ​၏​။
ဆင်စွယ်​နန်းတော်​များ​မှ ကြိုးတပ်​တူရိယာ​တို့​သည် ကိုယ်တော်​ကို​ဝမ်းမြောက်​စေ​ပါ​၏​။
9ကိုယ်တော်​၏​မြင့်မြတ်​သော​အမျိုးသမီး​များ​ထဲတွင် ရှင်ဘုရင်​တို့​၏​သမီး​တော်​များ​ပါဝင်​ကြ​ပါ​၏​။
မိဖုရား​သည် ဩဖိရ​ရွှေ ဆင်မြန်း​လျက် ကိုယ်တော်​၏​လက်ယာ​ဘက်​တွင် ရပ်​နေ​ပါ​၏​။
10သမီး​၊ နားထောင်​လော့​။ ကြည့်ရှုဆင်ခြင်​၍​နားစွင့်​လော့​။
သင့်​လူမျိုး​နှင့် သင့်​ဖခင်​၏​အိမ်​ကို မေ့ထား​လော့​။
11ရှင်ဘုရင်​သည် သင်​၏​အလှ​ကို လိုလားနှစ်သက်​တော်မူ​လိမ့်မည်​။
သူ​သည် သင်​၏​သခင်​ဖြစ်​သောကြောင့် သူ့​ရှေ့​၌ ပျပ်ဝပ်​လော့​။
12တိုင်ရာ​မြို့​၏​သမီး​သည် လက်ဆောင်ပဏ္ဏာ​ပါ​လျက်​လာ​၍
လူ​တို့​ထဲမှ​ချမ်းသာ​သော​သူ​တို့​သည် သင့်​ထံ​မျက်နှာရ​ရန် ကြိုးစား​ကြ​လိမ့်မည်​။
13ရှင်ဘုရင်​၏​သမီး​တော်​သည် ဂုဏ်ကျက်သရေ​အပေါင်း​နှင့်​ပြည့်စုံ​လျက် အတွင်းဆောင်​၌​ရှိ​၏​။
သူ​၏​အဝတ်တန်ဆာ​ကို ရွှေ​ချည်​ဖြင့်​ရောစပ်​ရက်လုပ်​ထား​၏​။
14ဇာပန်းထိုးထည်​ဆင်မြန်း​ထား​သော​သူ့​ကို ရှင်ဘုရင်​ထံသို့​ပို့ဆောင်​ကြ​၏​။
သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော သူ့​နောက်လိုက်​သည့်​အပျိုတော်​တို့​ကို​လည်း
ကိုယ်တော့်​ထံသို့​ခေါ်ဆောင်​လာ​ကြ​ပါ​၏​။
15သူ​တို့​ကို ဝမ်းမြောက်​ခြင်း​နှင့်​ရွှင်လန်း​ခြင်း​ဖြင့် ပို့ဆောင်​ကြ​၍
သူ​တို့​သည် ဘုရင့်​နန်းတော်​သို့ ဝင်​ကြ​၏​။
16ကိုယ်တော်​၏​သား​တို့​သည် ကိုယ်တော့်​ဘိုးဘေး​တို့​၏ အရိုက်အရာ​ကို​ဆက်ခံ​သူ​များ​ဖြစ်​ကြ​၍
ကိုယ်တော်​သည် သူ​တို့​ကို ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အကြီးအကဲ​များ​ဖြစ်​စေ​တော်မူ​လိမ့်မည်​။
17အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို မျိုးဆက်​အစဉ်အဆက်​အား အောက်မေ့​စေ​ပါ​မည်​။
ထို့ကြောင့် လူမျိုးတကာ​တို့​သည် ကာလ​အစဉ်အဆက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 45: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ