YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 44

44
အစ္စရေးအမျိုးသားတို့၏ညည်းတွားဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ကောရ​သား​တို့​၏​အလိမ္မာ​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​က သူ​တို့​လက်ထက် ရှေး​ကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို
အကျွန်ုပ်​တို့​အား​ပြောပြ​ကြ​၍ အကျွန်ုပ်​တို့​၏​နား​ဖြင့် ကြား​ရ​ကြ​ပါ​၏​။
2ကိုယ်တော်​သည် လူမျိုးခြား​တို့​ကို ကိုယ်တော်​၏​လက်​တော်​ဖြင့်​နှင်ထုတ်​ပြီး ဘိုးဘေး​တို့​ကို အခြေချ​စေ​တော်မူ​၏​။
တိုင်းသူပြည်သား​တို့​ကို​နှိမ်နင်း​၍ ဘိုးဘေး​တို့​ကို​ပြန့်ပွား​စေ​တော်မူ​၏​။
3အမှန်စင်စစ် ဘိုးဘေး​တို့​သည် ထို​ပြည်​ကို မိမိ​တို့​ဓားလက်နက်​ဖြင့် သိမ်းယူ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​။
သူ​တို့​အောင်ပွဲ​ရ​သည်​မှာ သူ​တို့​၏​လက်ရုံး​ကြောင့်​လည်း မ​ဟုတ်​ပါ​။
ကိုယ်တော်​၏​လက်ယာ​လက်​တော်​၊ ကိုယ်တော်​၏​လက်ရုံး​တော်​နှင့် ကိုယ်တော်​၏ မျက်နှာ​တော်​အလင်း​ကြောင့်သာ​ဖြစ်​ပါ​၏​။
အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​နှစ်သက်​တော်မူ​၏​။
4အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။
ယာကုပ်​၏​အောင်ပွဲ​ကို​စီမံ​တော်မူ​ပါ​။
5အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​အား ရန်ဖက်ပြု​သော​သူ​တို့​ကို ကိုယ်တော်​အားဖြင့် တွန်းလှန်​ကြ​ပါ​၏​။
အကျွန်ုပ်​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နင်းချေ​ကြ​ပါ​၏​။
6အကြောင်းမူကား အကျွန်ုပ်​သည် အကျွန်ုပ်​၏​လေး​ကို​မ​ကိုးစား​ပါ​။
အကျွန်ုပ်​၏​ဓား​သည်​လည်း အကျွန်ုပ်​ကို​မ​ကယ်တင်​နိုင်​ပါ​။
7ကိုယ်တော်​သာလျှင် အကျွန်ုပ်​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်တင်​တော်မူ​၏​။
အကျွန်ုပ်​တို့​အား မုန်း​သော​သူ​တို့​ကို​လည်း အရှက်ကွဲ​စေ​တော်မူ​၏​။
8အကျွန်ုပ်​တို့​သည် ဘုရားသခင်​၌ တစ်နေ့လုံး​ဂုဏ်ယူဝါကြွား​၍
ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ချီးမွမ်း​ကြ​ပါ​မည်​။(​စေလာ#44:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို​ငြင်းပယ်​၍ အသရေပျက်​စေ​တော်မူ​ပြီ​။
အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​များ​နှင့်အတူ​လည်း ချီတက်​တော်​မ​မူ​တော့​ပါ​။
10ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ရန်သူ​တို့​ထံမှ နောက်ဆုတ်​စေ​တော်မူ​၍
အကျွန်ုပ်​တို့​ကို​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​တို့​ကို​တိုက်ခိုက်လုယက်​ကြ​ပါ​၏​။
11ကိုယ်တော်​သည် သတ်စားစရာ​သိုး​များ​ကဲ့သို့ အကျွန်ုပ်​တို့​ကို​အပ်​လိုက်​၍
လူမျိုးခြား​တို့​အလယ်​တွင် အကျွန်ုပ်​တို့​ကို​ကွဲလွင့်​စေ​တော်မူ​၏​။
12ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အဖိုး​အနည်းငယ်​ဖြင့်​ရောင်းချ​ပြီး
သူ​တို့​ကို​ရောင်းချ​ခြင်း​မှ မည်သည့်​အကျိုးအမြတ်​မျှ​ရရှိ​တော်​မ​မူ​ခဲ့​ပါ​။
13ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​၏​အိမ်နီးချင်း​များ​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​၊
အကျွန်ုပ်​တို့​၏​ပတ်လည်​၌​ရှိ​သော​သူ​တို့​အတွက် အထင်အမြင်သေးစရာ​နှင့် ပြက်ရယ်ပြုစရာ​ဖြစ်စေ​တော်မူ​ပါ​၏​။
14ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို တိုင်းနိုင်ငံ​တို့​အလယ်​တွင် လူ​အများ​ပြောစရာ​ဖြစ်စေ​ပြီး
လူ​တို့​အလယ်​တွင် ဟားစရာ​ဖြစ်စေ​တော်မူ​၏​။
15-16ကဲ့ရဲ့ပြစ်တင်​သော​သူ​၊ စော်ကားပြောဆို​သော​သူ​များ​၏​အသံ​ကြောင့်​လည်းကောင်း​၊
ရန်သူ​နှင့် လက်တုံ့ပြန်​သူ​ရှိ​နေ​သောကြောင့်​လည်းကောင်း
အကျွန်ုပ်​သည် တစ်နေ့လုံး​အသရေပျက်​ရ​ပါ​၏​။
အကျွန်ုပ်​၏​မျက်နှာ​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။
17ဤ​အရာ​အားလုံး အကျွန်ုပ်​တို့​အပေါ်​ကျရောက်​ခဲ့​သော်လည်း အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​မ​မေ့လျော့​ခဲ့​ပါ​။
ကိုယ်တော်​၏​ပဋိညာဉ်​တော်​ကို​လည်း မ​ဖောက်ဖျက်​ခဲ့​ပါ​။
18အကျွန်ုပ်​တို့​၏​စိတ်နှလုံး​သည် နောက်ပြန်​မ​ဆုတ်​ခဲ့​ပါ​။
အကျွန်ုပ်​တို့​၏​ခြေလှမ်း​များ​သည်​လည်း ကိုယ်တော်​၏​လမ်းစဉ်​မှ သွေဖည်​မ​သွား​ခဲ့​ပါ​။
19သို့သော် ကိုယ်တော်​သည် ခွေးအ​တို့​နေရာ​အရပ်​တွင် အကျွန်ုပ်​တို့​ကို​ကြေမွ​စေ​၍
သေ​ခြင်း​၏​အရိပ်​ဖြင့် အကျွန်ုပ်​တို့​ကို​ဖုံးလွှမ်း​ခဲ့​ပါ​၏​။
20အကျွန်ုပ်​တို့​သည် မိမိ​တို့​ဘုရားသခင်​၏​နာမ​တော်​ကို မေ့လျော့​ခဲ့​လျှင်​လည်းကောင်း​၊
အခြား​သော​ဘုရား​ထံသို့ အကျွန်ုပ်​တို့​၏​လက်​ကို ဆန့်​ခဲ့​လျှင်​လည်းကောင်း
21ဘုရားသခင်​သည် ထို​အမှု​ကို မ​စစ်ကြော​ဘဲ​နေ​တော်မူ​မည်လော​။
အကြောင်းမူကား ကိုယ်တော်​သည် စိတ်နှလုံး​၏​လျှို့ဝှက်​ချက်​များ​ကို သိ​တော်မူ​၏​။
22အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏​။
အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏​။#ရော 8:36။
23အို ဘုရားရှင်​၊ နိုး​တော်မူ​ပါ​။ အဘယ်ကြောင့် ကျိန်းစက်​နေ​တော်မူ​သနည်း​။ ထ​တော်မူ​ပါ​။
အကျွန်ုပ်​တို့​ကို အစဉ်​ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။
24ကိုယ်တော်​သည် အဘယ်ကြောင့် မျက်နှာ​လွှဲ​တော်မူ​ပါ​သနည်း​။
အကျွန်ုပ်​တို့​ခံစား​ရ​သော ဖိစီးနှိပ်စက်မှု​နှင့်​ညှဉ်းပန်း​မှု​ကို အဘယ်ကြောင့် မေ့လျော့​တော်မူ​ပါ​သနည်း​။
25အကြောင်းမူကား အကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​သို့​တိုင်အောင် ဝပ်တွား​ရ​ပြီး
အကျွန်ုပ်​တို့​၏​ဝမ်းဗိုက်​သည် မြေကြီး​ပေါ်တွင် ပြားကပ်​နေ​ပါ​၏​။
26ထ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 44: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ