YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 40

40
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အကူအညီအော်ဟစ်တောင်းခံခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1ငါ​သည် ထာဝရဘုရား​ကို စေ့စေ့​စောင့်မျှော်​လျက်​နေ​၏​။
ကိုယ်တော်​သည် ငါ့​ဘက်​သို့​လှည့်​၍ ငါ​၏​အော်ဟစ်သံ​ကို ကြား​တော်မူ​၏​။
2ကိုယ်တော်​သည် ကြောက်မက်ဖွယ်​သေတွင်း​နှင့် ရွှံ့​နွံ​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​ပြီးလျှင်
အကျွန်ုပ်​၏​ခြေ​ကို ကျောက်​ပေါ်၌​ရပ်​စေ​၍ အကျွန်ုပ်​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​တော်မူ​၏​။
3အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ရာ​သီချင်း​အသစ်​ကို​လည်း အကျွန်ုပ်​၏​နှုတ်​၌ သွင်းပေး​တော်မူ​၏​။
များစွာ​သော​လူ​တို့​သည် မြင်​၍​ကြောက်ရွံ့​လျက် ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လိမ့်မည်​။
4မာနထောင်လွှား​သော​သူ​တို့​နှင့် လိမ်လည်မှု​နောက်သို့​လိုက်သွား​သော​သူ​တို့​ထံသို့ မ​လှည့်​ဘဲ
ထာဝရဘုရား​ကို ကိုးစား​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
5အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တည်းဟူသော
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​နှင့် အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​၏​အကြံအစည်​များ​သည် များပြား​လှ​ပါ​၏​။
ကိုယ်တော်​နှင့်​နှိုင်းယှဉ်​ရ​မည့်​သူ​မ​ရှိ​ပါ​။
ထို​အမှု​တို့​ကို အကျွန်ုပ်​ထုတ်ဖော်​၍​ပြောဆို​သောအခါ ရေတွက်​မကုန်​နိုင်​အောင် များပြား​လှ​ပါ​၏​။
6ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​ကို နှစ်သက်​တော်​မ​မူ​ပါ​။
ကိုယ်တော်​သည် အကျွန်ုပ်​၏​နား​ကို​ဖွင့်​ပေး​တော်မူ​၏​။
ကိုယ်တော်​သည် မီးရှို့ရာယဇ်​နှင့်​အပြစ်ဖြေရာယဇ်​ကို တောင်း​တော်​မ​မူ​ပါ​။#ဆာ 51:6၊ ဟေဗြဲ 10:16။
7ထိုအခါ အကျွန်ုပ်​က “​ကျမ်းစာလိပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း
အကျွန်ုပ်​လာ​ပါ​ပြီ​။
8အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အလို​တော်​ဆောင်ရွက်​ရ​သည်​ကို အကျွန်ုပ်​နှစ်သက်​ပါ​၏​။
ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ​၌​ရှိ​ပါ​၏​”​ဟု လျှောက်​၏​။
9အကျွန်ုပ်​သည် လူအစုအဝေး​ကြီး​အလယ်​၌ ဖြောင့်မတ်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ပါ​ပြီ​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် မိမိ​နှုတ်​ကို​ပိတ်​၍​မ​နေ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။
10အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ဖုံးကွယ်​မ​ထား​ပါ​။
ကိုယ်တော်​၏​သစ္စာ​တော်​နှင့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​အကြောင်း​ကို အကျွန်ုပ်​ပြောကြား​ပါ​ပြီ​။
ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​ထိမ်ဝှက်​မ​ထား​ပါ​။
11အို ထာဝရဘုရား​၊ အကျွန်ုပ်​အား သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​သည် အကျွန်ုပ်​ကို အစဉ်​ကာကွယ်​စောင့်ရှောက်​ပါစေသော​။
12အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။
အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။
၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။
13အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကယ်နုတ်​ရန် အလိုရှိ​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။
14အကျွန်ုပ်​အသက်​ကို​ဖျက်ဆီး​ရန် ရှာကြံ​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။
အကျွန်ုပ်​ကို​ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။
15အကျွန်ုပ်​ကို “​ဟား​ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည်
မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် တုန်လှုပ်ချောက်ချား​ကြ​ပါစေသော​။
16ကိုယ်တော်​ကို​ရှာ​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​၌​ရွှင်မြူး​လျက်​ဝမ်းမြောက်​ကြ​ပါစေသော​။
ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​မြတ်နိုး​သော​သူ​တို့​က “​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု
အစဉ်​မြွက်ဆို​ကြ​ပါစေသော​။
17အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​ဖြစ်​ပါ​၏​။
ဘုရားရှင်​သည် အကျွန်ုပ်​အတွက်​စဉ်းစား​ပေး​တော်မူ​၏​။
ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။
အကျွန်ုပ်​၏​ဘုရားသခင်​၊ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 40: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ