YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 39

39
မမြဲသောလူ့ဘဝ
ဂီတမှူး​အတွက်​၊ ယေဒုသုန်​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1“​ငါ​သည် နှုတ်​ဖြင့်​မ​ပြစ်မှား​မိ​စေရန် ငါ​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို​စောင့်ထိန်း​မည်​။
ငါ​၏​ရှေ့​၌​ဆိုးယုတ်​သော​သူ​တို့​ရှိ​နေစဉ် နှုတ်စွပ်​တပ်​၍ ငါ့​နှုတ်​ကို​စောင့်ထိန်း​မည်​”​ဟု ငါ​ဆို​ခဲ့​၏​။
2ငါ​သည် ကောင်း​သော​အရာ​ကို​ပင်​မပြော​ဘဲ တိတ်ဆိတ်​ငြိမ်သက်​စွာ​နေ​၏​။
ထိုအခါ ငါ​၏​ဝေဒနာ​သည် ပိုမို​ပြင်းထန်​လာ​၏​။
3ငါ​၏​စိတ်နှလုံး​သည် ငါ့​အထဲ​၌​ပူလောင်​လာ​၏​။
ငါ​ညည်းညူမြည်တမ်း​သောအခါ မီး​တောက်လောင်​၏​။
ထိုအခါ ငါ​၏​နှုတ်​ဖြင့် ငါ​ပြောဆို​သည်​မှာ
4“​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဘဝနိဂုံး​ကို​လည်းကောင်း​၊
အကျွန်ုပ်​အသက်တာ​၏​နေ့ရက်​ပမာဏ မည်မျှ​ရှိ​သည်​ကို​လည်းကောင်း အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။
အကျွန်ုပ်​သည် အခိုက်အတန့်​မျှသာ တည်​ကြောင်း​ကို​လည်း သိ​စေ​တော်မူ​ပါ​။
5ကိုယ်တော်​သည် အကျွန်ုပ်​အသက်တာ​၏ နေ့ရက်​များ​ကို လက်တစ်ဝါး#39:5 “3 လက်မ သို့မသုတ် 7.5 စင်တီမီတာ”။​သာ​ရှည်​စေ​တော်မူ​၏​။
အကျွန်ုပ်​၏​အသက်တာ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တွင် ဘာမျှ​မ​ဟုတ်​သကဲ့သို့​ဖြစ်​ပါ​၏​။
အကယ်စင်စစ် လူ​တိုင်း​သည် မြဲမြံ​စွာ​ရပ်တည်​လျက်​နေ​စဉ်မှာပင် အခိုးအငွေ့​သက်သက်​ဖြစ်​ကြ​ပါ​၏​။(​စေလာ#39:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6အကယ်စင်စစ် လူ​သည်​အရိပ်​ကဲ့သို့​သွားလာ​ပါ​၏​။
သူ​တို့​သည် အချည်းနှီး​သော​အရာ​ကြောင့်သာ မငြိမ်မသက်​ဖြစ်​တတ်​ကြ​ပါ​၏​။
လူ​သည် ဥစ္စာ​များ​စုဆောင်း​သော်လည်း ၎င်း​တို့​အား မည်သူ​ရ​မည်​ကို​မ​သိ​ပါ​။
7သို့ဖြစ်၍ အို ဘုရားရှင်​၊ ယခု အကျွန်ုပ်​သည် မည်သည့်​အရာ​ကို​စောင့်မျှော်​ရ​ပါ​မည်နည်း​။
အကျွန်ုပ်​မျှော်မှန်း​သော​အရာ​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏​။
8အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
အကျွန်ုပ်​ကို မိုက်မဲ​သော​သူ​၏​ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေ​တော်​မ​မူ​ပါ​နှင့်​။
9ကိုယ်တော်​သည် ဤသို့​ပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် တိတ်ဆိတ်​စွာ​နေ​လျက်
အကျွန်ုပ်​၏​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ပါ​၏​။
10ကိုယ်တော်​၏​ဒဏ်ခတ်​ခြင်း​ကို အကျွန်ုပ်​ထံ​မှ ဖယ်ရှား​တော်မူ​ပါ​။
လက်​တော်​၏​ရိုက်နှက်မှု​ကြောင့် အကျွန်ုပ်​သည် အားအင်ကုန်ခန်း​ပါ​ပြီ​။
11ကိုယ်တော်​သည် ဒုစရိုက်​အတွက်​ဆိုဆုံးမ​ခြင်း​အားဖြင့် လူ​ကို​ပဲ့ပြင်​တော်မူ​၍
လူ​တပ်မက်​သော​အရာ​ကို ပိုးဖလံ​ကဲ့သို့​ဖျက်ဆီး​တော်မူ​၏​။ လူ​တိုင်း​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပါ​၏​။(​စေလာ#39:11 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
12အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။
အကျွန်ုပ်​၏​အော်ဟစ်သံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
အကျွန်ုပ်​၏​မျက်ရည်​ကို​ကြည့်​၍ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။
အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော့်​ထံ၌​ရှိ​သော တိုင်းတစ်ပါးသား​ဖြစ်၍
အကျွန်ုပ်​၏​ဘိုးဘေး​အပေါင်း​တို့​နည်းတူ ဧည့်သည်​မျှသာ​ဖြစ်​ပါ​၏​။
13အကျွန်ုပ်​ထွက်ခွာ​သွား​၍ ပျောက်ကွယ်​မ​သွား​မီ အကျွန်ုပ်​ရွှင်လန်း​ခြင်း​ရှိ​စေရန်
အကျွန်ုပ်​ထံမှ အကြည့်လွှဲ​တော်မူ​ပါ​။​”

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 39: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ