YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 38

38
ဝေဒနာခံစားနေရသူ၏ဆုတောင်းခြင်း
အောက်မေ့​စေရန်​အတွက်​စပ်ဆို​သော ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။
2အကြောင်းမူကား ကိုယ်တော်​၏​မြား​တို့​သည် အကျွန်ုပ်​၌​စူးဝင်​၍
ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖိထား​လျက်​ရှိ​ပါ​၏​။
3ကိုယ်တော်​၏​အမျက်​တော်​ကြောင့် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​၌ အနာတရကင်း​သော​နေရာ​မ​ရှိ​ပါ​။
အကျွန်ုပ်​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​၏​အရိုး​တို့​သည် သန်စွမ်း​ခြင်း​မ​ရှိ​ပါ​။
4အကြောင်းမူကား အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို လွှမ်းမိုး​သည်​အထိ များပြား​၍
ဝန်ထုပ်ကြီး​ကဲ့သို့ အကျွန်ုပ်​အတွက် လေးလံ​လွန်း​ပါ​၏​။
5အကျွန်ုပ်​၏​မိုက်မဲမှု​ကြောင့် အကျွန်ုပ်​၏​ဒဏ်ရာ​များ​သည်
ပုပ်စော်နံ​၍ ရိရွဲ​ကြ​ပါ​၏​။
6အကျွန်ုပ်​သည် ခေါင်း​ကို​ငုံ့​လျက်​၊ လုံးလုံး​ငိုက်စိုက်ချ​လျက်​၊
တစ်နေ့လုံး​ဝမ်းနည်း​ပူဆွေး​လျက် သွားလာ​ရ​ပါ​၏​။
7အကြောင်းမူကား အကျွန်ုပ်​၏​ခါး​တစ်ဝိုက်လုံး​သည် ပူလောင်​နာကျင်​၍
အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​၌ အနာတရကင်း​သော​နေရာ​မ​ရှိ​ပါ​။
8အကျွန်ုပ်​သည် အားလျော့​လျက် လုံးလုံး​ကြေမွ​ရ​ပါ​၏​။
အကျွန်ုပ်​စိတ်နှလုံး​ပူဆွေး​သဖြင့် အော်ဟစ်​နေ​ရ​ပါ​၏​။
9အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အလိုဆန္ဒ​ရှိသမျှ​သည် ကိုယ်တော်​၏​ရှေ့​၌ ထင်ရှား​ပါ​၏​။
အကျွန်ုပ်​၏​ညည်းတွား​ခြင်း​သည်​လည်း ကိုယ်တော့်​ထံမှ ကွယ်ဝှက်​၍​မ​နေ​ပါ​။
10အကျွန်ုပ်​၏​နှလုံး​သည် ပြင်းစွာ​ခုန်​၍ အကျွန်ုပ်​၏​ခွန်အား​သည် အကျွန်ုပ်​ကို​စွန့်ခွာ​သွား​ပါ​ပြီ​။
အကျွန်ုပ်​၏​မျက်စိ​အလင်း​သည်​လည်း အကျွန်ုပ်​ထံ၌​မ​ရှိ​တော့​ပါ​။
11အကျွန်ုပ်​ချစ်​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​မိတ်ဆွေ​တို့​သည် အကျွန်ုပ်​၏​အနာ​ကြောင့် အကျွန်ုပ်​ကို​ရှောင်ဖယ်​ကြ​ပါ​၏​။
အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​သည်​လည်း အဝေး​၌​ရပ်​နေ​ကြ​ပါ​၏​။
12အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ထောင်ဖမ်း​ကြ​ပါ​၏​။
အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ရှာကြံ​သော​သူ​တို့​သည် ပျက်စီး​ခြင်း​အကြောင်း​များ​ပြောဆို​၍
လိမ်လည်လှည့်ဖြားမှု​များ​ကို တစ်နေ့လုံး​ကြံစည်​ကြ​ပါ​၏​။
13သို့သော် အကျွန်ုပ်​သည် နားမကြား​သူ​ကဲ့သို့ မည်သည့်​အရာ​ကို​မျှ​မ​ကြား​ပါ​။
မိမိ​နှုတ်​ကို​မ​ဖွင့်​သော​ဆွံ့အ​သူ​ကဲ့သို့​လည်း ဖြစ်​ပါ​၏​။
14အမှန်စင်စစ် အကျွန်ုပ်​သည် မ​ကြား​ရ​သော​သူ​ကဲ့သို့​လည်းကောင်း​၊
မိမိ​နှုတ်​၌​ပြန်ပြောစရာ​စကား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။
15အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။
အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၊ ကိုယ်တော်​သည် ထူး​တော်မူ​မည်​ဖြစ်​ပါ​၏​။
16သို့ဖြစ်၍ “​အကျွန်ုပ်​ခြေ​ချော်​သောအခါ သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့်​ဝမ်းမြောက်​ခြင်း​၊
အကျွန်ုပ်​အပေါ်​မိမိကိုယ်ကို​ချီးမြှောက်​ခြင်း မ​ရှိ​ကြ​ပါစေ​နှင့်​”​ဟု အကျွန်ုပ်​လျှောက်​ပါ​ပြီ​။
17အကြောင်းမူကား အကျွန်ုပ်​သည် လဲ​လုမတတ်​ဖြစ်​ပါ​၏​။
အကျွန်ုပ်​၏​ဒုက္ခဝေဒနာ​သည်​လည်း အကျွန်ုပ်​ရှေ့​၌​အစဉ်​ရှိ​နေ​ပါ​၏​။
18အမှန်စင်စစ် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖော်ပြ​ဝန်ခံ​ပါ​၏​။
အကျွန်ုပ်​၏​အပြစ်​ကြောင့် စိုးရိမ်ပူပန်​ပါ​၏​။
19အကျွန်ုပ်​၏​ရန်သူ​တို့​သည် သန်မာ​အားကြီး​ကြ​ပါ​၏​။
အကြောင်းမဲ့ အကျွန်ုပ်​ကို မုန်းတီး​သော​သူ​တို့​သည်​လည်း များစွာ​ရှိ​ပါ​၏​။
20အကျွန်ုပ်​သည် ကောင်းမြတ်​သော​အရာ​ကို လက်ကိုင်ပြု​သောကြောင့်
အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​ကြ​ပါ​၏​။
21အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။
အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။
22အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားရှင်​၊
အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 38: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။