YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 37

37
ဉာဏ်ပညာပေးသောသွန်သင်ချက်
ဒါဝိဒ်​၏​ဆာလံ
1ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ မတရားမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။
2အကြောင်းမူကား သူ​တို့​သည် မြက်ပင်​ကဲ့သို့ လျင်မြန်​စွာ​ညှိုးခြောက်​၍ စိမ်းလန်း​သော​မြက်နု​ကဲ့သို့ ညှိုးနွမ်း​ကြ​လိမ့်မည်​။
3ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​လျက် ကောင်း​သော​အမှု​ကို​ပြု​လော့​။
ပြည်​တော်​၌​နေထိုင်​၍ သစ္စာတရား​၌​ကျက်စား​လော့​။
4ထာဝရဘုရား​၌ မွေ့လျော်​ခြင်း​ရှိ​လော့​။ သို့ပြုလျှင် သင်​၏​စိတ်နှလုံး​ဆန္ဒ​များ​ကို
သင့်​အား​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။
5သင်​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​ထံ​အပ်နှံ​၍ ကိုယ်တော်​ကို ယုံကြည်ကိုးစား​လော့​။
သို့ပြုလျှင် ကိုယ်တော်​စီရင်​ဆောင်ရွက်​တော်မူ​လိမ့်မည်​။
6ကိုယ်တော်​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကို အလင်း​ကဲ့သို့​လည်းကောင်း​၊
သင်​၏​တရားမျှတ​ခြင်း​ကို မွန်းတည့်​နေ​ကဲ့သို့​လည်းကောင်း ထွန်းလင်း​စေ​တော်မူ​လိမ့်မည်​။
7ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။
မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊
ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။
8အမျက်​ကို​ပြေ​စေ​လော့​။ အမျက်ဒေါသ​ကို​စွန့်ပယ်​လော့​။ စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။
၎င်း​သည် ဆိုးကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။
9အကြောင်းမူကား ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။
ထာဝရဘုရား​ကို​စောင့်မျှော်​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။
10ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။
သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။
11စိတ်နှိမ့်ချ​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍
ကြွယ်ဝ​သော​ငြိမ်းချမ်း​ခြင်း​၌ မွေ့လျော်​ရ​ကြ​လိမ့်မည်​။#မ 5:5။
12ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အပေါ် မကောင်း​ကြံစည်​ကာ
သူ့​ကို​ကြည့်​လျက် အံကြိတ်​တတ်​၏​။
13သို့သော် သူ​၏​နေ့ရက်​ရောက်လာ​တော့​မည်​ကို
ဘုရားရှင်​သည် သိမြင်​တော်မူ​၍ သူ့​ကို​ရယ်မော​တော်မူ​၏​။
14ဆိုးယုတ်​သော​သူ​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လဲကျ​စေရန်​လည်းကောင်း​၊
ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​တို့​ကို သတ်ဖြတ်​ရန်​လည်းကောင်း ဓား​ကို​ထုတ်​၍ လေး​ကို​တင်​ကြ​၏​။
15သူ​တို့​၏​ဓား​သည် သူ​တို့​၏​နှလုံး​ကို​ထိုးဖောက်​၍
သူ​တို့​၏​လေး​များ​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။
16ဖြောင့်မတ်​သော​သူ​၏​အနည်းငယ်​သော​ဥစ္စာ​သည်
ဆိုးယုတ်​သော​သူ​တို့​၏​များစွာ​သော စည်းစိမ်ဘဏ္ဍာ​ထက် ပို၍​ကောင်း​၏​။
17အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​၏​လက်ရုံး​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။
သို့သော် ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ထောက်မ​တော်မူ​၏​။
18ထာဝရဘုရား​သည် အပြစ်တင်စရာမရှိ​သော​သူ​တို့​၏ နေ့ရက်​များ​ကို​သိ​တော်မူ​၏​။
သူ​တို့​၏​အမွေ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။
19သူ​တို့​သည် ဆိုးရွား​သော​ကာလ​၌ အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။
အစာခေါင်းပါး​သော​နေ့​၌​လည်း ဝလင်​ရ​ကြ​လိမ့်မည်​။
20ဆိုးယုတ်​သော​သူ​တို့​မူကား ပျက်စီး​ကြ​ရ​လိမ့်မည်​။
ထာဝရဘုရား​၏​ရန်သူ​တို့​သည် မြက်ခင်းပြင်​၏​အသရေ​ကဲ့သို့​ဖြစ်​ကြ​၏​။
သူ​တို့​သည် ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။ မီးခိုး​ကဲ့သို့ ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။
21ဆိုးယုတ်​သော​သူ​တို့​သည် ချေးငှား​ပြီး ပြန်​မ​ဆပ်​တတ်​ကြ​ပေ​။
ဖြောင့်မတ်​သော​သူ​တို့​မူကား သနား​၍ ပေးကမ်း​တတ်​ကြ​၏​။
22အကြောင်းမူကား ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​ကို ခံစား​ရ​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။
ကိုယ်တော်​၏​ကျိန်​ခြင်း​ကို​ခံရ​သော​သူ​တို့​မူကား ဖယ်ရှား​ခြင်း​ခံရ​ကြ​လိမ့်မည်​။
23ထာဝရဘုရား​သည် လူ​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​၍
သူ​သွား​ရာ​လမ်း​ကို နှစ်သက်​တော်မူ​၏​။
24ထာဝရဘုရား​သည် သူ့​ကို မိမိ​လက်​တော်​ဖြင့် ထောက်မ​တော်မူ​သောကြောင့်
သူ​သည်​လဲကျ​လျှင်လည်း ပြန်မထ​နိုင်​တော့​သည့်​အဖြစ်​သို့ ရောက်​လိမ့်မည်​မ​ဟုတ်​။
25ငါ​သည် လူငယ်​တစ်​ဦး​ဖြစ်​ခဲ့​ပြီး ယခု​အသက်ကြီး​လေ​ပြီ​။
သို့သော် ဖြောင့်မတ်​သော​သူ​သည် စွန့်ပစ်​ခြင်း​ခံရ​သည်​ကို​လည်းကောင်း​၊
သူ​၏​သားမြေး​တို့​သည် အစာ​တောင်းရမ်း​နေ​ကြ​ရ​သည်​ကို​လည်းကောင်း မ​တွေ့​မ​မြင်​ဖူး​ပေ​။
26သူ​သည် အစဉ်အမြဲ​သနား​တတ်​၍ ချေးငှား​ပေး​တတ်​၏​။
သူ​၏​သားမြေး​တို့​သည်​လည်း ကောင်းချီးမင်္ဂလာ ဖြစ်​ကြ​၏​။
27မကောင်းမှု​မှ​ဖယ်ခွာ​၍ ကောင်း​သော​အမှု​ကို​ပြု​လော့​။
သို့ပြုလျှင် အစဉ်အမြဲ​နေထိုင်​ရ​လိမ့်မည်​။
28အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​တော်မူ​၏​။
မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​လည်း စွန့်ပစ်​တော်​မ​မူ​။
သူ​တို့​သည် အစဉ်အမြဲ​စောင့်ရှောက်​တော်မူ​ခြင်း​ကို ခံရ​ကြ​လိမ့်မည်​။
ဆိုးယုတ်​သော​သူ​၏​သားမြေး​တို့​မူကား ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။
29ဖြောင့်မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍
၎င်း​တွင် ထာဝစဉ်​နေထိုင်​ရ​ကြ​လိမ့်မည်​။
30ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​တတ်​၏​။
သူ​၏​လျှာ​သည်​လည်း တရားမျှတ​သော​စကား​ကို​ပြောဆို​တတ်​၏​။
31သူ့​ဘုရားသခင်​၏​တရားတော်​သည် သူ့​စိတ်နှလုံး​ထဲ၌​ရှိ​သည်​ဖြစ်၍
သူ​သည် ခြေ​ချော်​ခြင်း​ရှိ​မည်​မ​ဟုတ်​။
32ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​ကို စောင့်ကြည့်​၍
သူ့​ကို​သတ်​ရန်​ရှာကြံ​တတ်​၏​။
33သို့သော် ထာဝရဘုရား​သည် သူ့​ကို ထို​ဆိုးယုတ်​သော​သူ​၏​လက်​ထဲ၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။
သူ​သည် တရားစီရင်​ခြင်း​ခံရ​သောအခါ​၌​လည်း အပြစ်​ရှိ​သည်​ဟု​စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်​။
34ထာဝရဘုရား​ကို​စောင့်မျှော်​၍ ကိုယ်တော်​၏​လမ်း​ကို စောင့်ထိန်း​လော့​။
သို့ပြုလျှင် သင်​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ရန် ကိုယ်တော်​သည် သင့်​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်​။
ဆိုးယုတ်​သော​သူ​တို့​ဖယ်ရှား​ခြင်း​ခံရ​သည်​ကို သင်​မြင်​ရ​လိမ့်မည်​။
35ဆိုးယုတ်​၍​ကြမ်းကြုတ်​သော​သူ​သည် မူရင်း​ဒေသ​ပေါက် စိမ်းလန်း​သော​အပင်​ကဲ့သို့
ပြန့်ကား​ကြီးထွား​နေ​သည်​ကို ငါ​မြင်​ရ​၏​။
36သို့သော် သူ​သည်​ကွယ်ပျောက်​သွား​၏#37:36 အချို့မူရင်းကျမ်း၌ “နောက်တစ်ဖန် ငါဖြတ်သွားရာ သူသည်ကွယ်ပျောက်သွား၏”။​။ ကြည့်ရှု​လော့​။ သူ​မ​ရှိ​တော့​ပေ​။
သူ့​ကို ငါ​ရှာ​သော်လည်း မ​တွေ့​ရ​တော့​ပေ​။
37အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို မှတ်သားဆင်ခြင်​လော့​။ ဖြောင့်မှန်​သော​သူ​ကို ကြည့်ရှု​လော့​။
အကြောင်းမူကား ငြိမ်းချမ်း​ခြင်း​ဆောင်ကြဉ်း​သူ​အတွက် အနာဂတ်​ရှိ​၏​။
38သို့သော် အပြစ်ကျူးလွန်​သော​သူ​တို့​သည် အတူတကွ​ဖျက်ဆီး​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။
ဆိုးယုတ်​သော​သူ​တို့​၏​အနာဂတ်​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။
39ဖြောင့်မတ်​သော​သူ​ကို​ကယ်တင်​ခြင်း​အကြောင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။
ဆင်းရဲဒုက္ခ​ရောက်​သော​အချိန်​တွင် ကိုယ်တော်​သည် သူ​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။
40ထာဝရဘုရား​သည် သူ​တို့​ကို​ကူညီမစ​၍ ကယ်တင်​တော်မူ​၏​။
သူ​တို့​သည် ကိုယ်တော်​၌​ခိုလှုံ​ကြ​သောကြောင့်
ကိုယ်တော်​သည် သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ လွတ်မြောက်​စေ​တော်မူ​၏​။ ကယ်တင်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 37: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။