YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 18

18
လွတ်မြောက်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း
ဂီတမှူး​အတွက်​၊ ထာဝရဘုရား​၏​အစေအပါး ဒါဝိဒ်​၏​ဆာလံ​။ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​မှစ၍ သူ​၏​ရန်သူ​အပေါင်း​တို့​၏​လက်​မှ သူ့​ကို​ထာဝရဘုရား​ကယ်နုတ်​တော်မူ​သော​နေ့​တွင် ဤ​သီချင်း​စကား​ကို ထာဝရဘုရား​ရှေ့​တော်​၌​မြွက်ဆို​၏​။
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စွမ်းပကား​ဖြစ်​တော်မူ​သော​ကိုယ်တော်​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။
2ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊
ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​နှင့် ငါ​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။
3ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ
ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။
4သေ​ခြင်း​၏​ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည်
ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။
5မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး
သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။
6ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။
ငါ​၏​ဘုရားသခင်​ကို အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။
ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။
ငါ​၏​အော်ဟစ်သံ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တော်​၊ ကိုယ်တော်​၏​နား​တော်​သို့​ရောက်​ပါ​၏​။
7ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။
တောင်​များ​၏​အခြေအမြစ်​တို့​သည်​လည်း ယိမ်းထိုး​ခါယမ်း​ကြ​၏​။
8ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။
ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။
9ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။
အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။
10ကိုယ်တော်​သည် ခေရုဗိမ်#18:10 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။
လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။
11ကိုယ်တော်​သည် အမှောင်​ကို မိမိ​၏​လျှို့ဝှက်​သော​နေရာ​ဖြစ်​စေ​တော်မူ​၏​။
မိုး​ရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော အခြံအရံ​ဖြစ်​၏​။
12ရှေ့​တော်​ရှိ​ရောင်ခြည်​တော်​ကြောင့် မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​သည်
ကိုယ်တော်​၏​တိမ်တိုက်​များ​ကို ဖြတ်ကျော်​၍​ထွက်လာ​ကြ​၏​။
13ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။
အမြင့်ဆုံး​သော​အရှင်​သည် မိမိ​အသံ​ကို မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​နှင့်တကွ လွှင့်​တော်မူ​၏​။
14မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏​။
လျှပ်စီးလက်​စေ​၍ သူ​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။
15အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့်
ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။
16ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။
ရေထု​ထဲမှ ငါ့​ကို​ဆယ်ယူ​တော်မူ​၏​။ 17ငါ​မ​ပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ 18ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။
19ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။
ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ငါ့​ကို​ကယ်မ​တော်မူ​၏​။
20ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။
ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။
21အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။
ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။ ငါ​၏​ဘုရားသခင်​ထံမှ ကျောခိုင်း​မ​သွား​ပါ​။
22အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်​ပြု​ပါ​၏​။
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။
23ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍
ဒုစရိုက်​မ​ပြု​မိ​အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်း​ပါ​၏​။
24ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊
ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။
25ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။
အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။
26သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။
ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။
27အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။
ထောင်လွှား​သော​မျက်နှာ​ကို​ကား နိမ့်ကျ​စေ​တော်မူ​၏​။
28ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ကို ထွန်းလင်း​စေ​တော်မူ​၏​။
အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။
29အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။
အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။
30ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။
ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
31အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။
ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။
32ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍
ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။
33ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍
မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။
34ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့်
ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။
35ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။
ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​၍
ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။
36ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့်
အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။
37အကျွန်ုပ်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ကို​လိုက်​၍​မီ​ပြီး
သူ​တို့​ကို​အပြီးသတ်​မ​သုတ်သင်​မီ​တိုင်အောင် နောက်ပြန်​မ​လှည့်​ခဲ့​ပါ​။
38အကျွန်ုပ်​သည် သူ​တို့​မ​ထ​နိုင်​အောင် ချေမှုန်း​ခဲ့​ပါ​၏​။
သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​အောက်​တွင် လဲကျ​ခဲ့​ကြ​ပါ​၏​။
39ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍
အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။
40အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့်
အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ်​ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။ 41သူ​တို့​အော်ဟစ်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ကြ​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။
42ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို လေ​ထဲ​လွင့်ပါ​သော​မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍
လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​သွန်ပစ်​ပါ​၏​။
43ကိုယ်တော်​သည် အကျွန်ုပ်​ကို​တိုက်ခိုက်​သော လူ​တို့​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​၍
လူမျိုးတကာ​တို့​၏​အကြီးအမှူး ဖြစ်စေ​တော်မူ​၏​။
အကျွန်ုပ်​မ​သိ​ဖူး​သော​လူ​တို့​သည် အကျွန်ုပ်​ကို​အစေခံ​ကြ​ပါ​၏​။
44သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို​ကြား​ရ​သည်​နှင့် အကျွန်ုပ်​စကား​ကို​နာခံ​ကြ​ပါ​၏​။
တိုင်းတစ်ပါးသား​တို့​သည် အကျွန်ုပ်​ကို ခယဝပ်တွား​ကြ​ပါ​၏​။
45တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍
မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။
46ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။
47ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို
ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။
48ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။
ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး
ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။
49ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍
ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။#ဆာ 57:9၊ ရော 15:9။
50ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး
မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား
မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။