YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 19

19
ထာဝရဘုရား၏လုပ်ဆောင်မှုနှင့်တရားတော်
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1ကောင်းကင်​သည် ဘုရားသခင်​၏ ဘုန်းအသရေ​တော်​ကို​ပြောကြား​၍
မိုးမျက်နှာကြက်​သည် ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​ကို​ဖော်ပြ​၏​။
2၎င်း​တို့​သည် တစ်​နေ့​ပြီး​တစ်​နေ့ မြွက်ဟ​ပြောဆို​၍
တစ်​ည​ပြီး​တစ်​ည​အသိပညာ​ကို​ပြသ​ကြ​၏​။
3နှုတ်မြွက်​ခြင်း​မ​ရှိ​၊ စကားပြော​ခြင်း​လည်း​မ​ရှိ​။
သူ​တို့​၏​အသံ​ကို​လည်း​မ​ကြား​ရ​။
4သို့သော် သူ​တို့​၏​အသံ​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​သို့​ပျံ့နှံ့​သွား​၍
သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်း​တိုင်အောင်​ရောက်​လေ​၏​။#ရော 10:18။
ကိုယ်တော်​သည် ကောင်းကင်​၌ နေ​အတွက် ဗိမာန်​ကို​တည်​တော်မူ​သဖြင့်
5နေ​သည် မိမိ​အခန်း​ထဲမှ​ထွက်လာ​သော သတို့သား​ကဲ့သို့​ဖြစ်​ပြီး
ပြေး​လမ်း​တွင်​ပြေး​တော့မည့် ခွန်အားကြီး​သော​သူ​ကဲ့သို့ ရွှင်မြူး​လျက်​ရှိ​၏​။
6၎င်း​သည် ကောင်းကင်​အစွန်း​တစ်ဖက်​မှ​ထွက်လာ​၍ အခြား​အစွန်း​တစ်ဖက်​တိုင်အောင်​လှည့်ပတ်​သွား​၏​။
၎င်း​၏​အပူအရှိန်​မှ ပုန်းရှောင်​နိုင်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​။
7ထာဝရဘုရား​၏​တရားတော်​သည် ပြည့်ဝစုံလင်​၍ စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​၏​။
ထာဝရဘုရား​၏​သက်သေခံချက်​သည် ယုံကြည်​စိတ်ချ​ရ​၍ အသိပညာ​နည်းပါး​သော​သူ​တို့​ကို ပညာရှိ​စေ​၏​။
8ထာဝရဘုရား​၏​ဥပဒေသ​တို့​သည် ဖြောင့်မှန်​၍ စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​၏​။
ထာဝရဘုရား​၏​ပညတ်တော်​သည် သန့်ရှင်း​၍ မျက်စိ​ကို​အလင်းပေး​၏​။
9ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် စင်ကြယ်​၍ ထာဝရ​တည်​၏​။
ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် မှန်ကန်​၍ တညီတညွတ်တည်း​ဖြောင့်မတ်​ကြ​၏​။
10၎င်း​တို့​သည် ရွှေ​ထက်​မက များစွာ​သော​ရွှေစင်​ထက်​ပင် နှစ်လိုဖွယ်​ဖြစ်​ပြီး
ပျားရည်​ထက်​မက ပျားလပို့​မှ​ပျားရည်​ထက်ပင် ချိုမြိန်​၏​။
11၎င်း​တို့​အားဖြင့် ကိုယ်တော်​၏​အစေအပါး​သည် သတိပေး​ခြင်း​ကို​ခံရ​ပါ​၏​။
၎င်း​တို့​ကို​စောင့်ထိန်း​ခြင်း​အကျိုး​သည် ကြီးမား​လှ​ပါ​၏​။
12မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။
ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။
13ကိုယ်တော်​၏​အစေအပါး​ကို တမင်​ကျူးလွန်​သော​အပြစ်​များ​နှင့်​လည်း ကင်းဝေး​စေ​တော်မူ​ပါ​။
ထို​အပြစ်​များ​သည် အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။
သို့မှသာ အကျွန်ုပ်​သည် အပြစ်ကင်း​၍ ကြီးမား​သော​အပြစ်​ကျူးလွန်​ခြင်း​နှင့် ကင်းလွတ်​ပါ​လိမ့်မည်​။
14အကျွန်ုပ်​၏​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​သော​အရှင် အို ထာဝရဘုရား​၊
အကျွန်ုပ်​၏​နှုတ်ထွက်​စကား​များ​နှင့် အကျွန်ုပ်​စိတ်နှလုံး​၏​အတွေးအကြံ​သည် ရှေ့​တော်​၌​နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။