ဆာလံကျမ်း 148
148
ဖန်ဆင်းခံလောကတစ်ခုလုံးထာဝရဘုရားကိုချီးမွမ်းခြင်း
1ဟာလေလုယ။
ထာဝရဘုရားကို ကောင်းကင်ပေါ်မှ ချီးမွမ်းကြလော့။
ကိုယ်တော်ကို မြင့်မြတ်သောအရပ်၌ ချီးမွမ်းကြလော့။
2ကိုယ်တော်၏ကောင်းကင်တမန်အပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။
ကိုယ်တော်၏ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။
3နေနှင့်လတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။
တောက်ပသောကြယ်အပေါင်းတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။
4အမြင့်ဆုံးသောကောင်းကင်နှင့် ကောင်းကင်အထက်မှရေများတို့၊
ကိုယ်တော်ကို ချီးမွမ်းကြလော့။
5၎င်းတို့သည် ထာဝရဘုရား၏အမိန့်တော်ဖြင့် ဖန်ဆင်းခြင်းခံရကြသည်ဖြစ်၍
ကိုယ်တော်၏နာမတော်ကိုချီးမွမ်းကြပါစေ။
6ကိုယ်တော်သည် ၎င်းတို့ကို ကာလအစဉ်အဆက်တည်စေ၍
မပျောက်ပျက်နိုင်သောပြဋ္ဌာန်းချက်ကို ပေးတော်မူ၏။
7ရေသတ္တဝါကြီးများနှင့်
နက်ရှိုင်းရာအရပ်ရှိသမျှ၊
8မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊
ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
9တောင်များနှင့် တောင်ကုန်းရှိသမျှ၊
သီးစားပင်နှင့်သစ်ကတိုးပင်ရှိသမျှ၊
10တောရိုင်းတိရစ္ဆာန်နှင့် ယဉ်ပါးသောတိရစ္ဆာန်ရှိသမျှ၊
တွားသွားသောတိရစ္ဆာန်များနှင့် ပျံသန်းတတ်သောငှက်၊
11ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်များနှင့် လူမျိုးရှိသမျှ၊
အကြီးအကဲများနှင့် ကမ္ဘာမြေကြီးပေါ်ရှိစီရင်အုပ်ချုပ်သူရှိသမျှ၊
12လူပျိုများနှင့်အပျိုများ၊ အသက်ကြီးသောသူများနှင့်ကလေးသူငယ်များတို့၊
ထာဝရဘုရားကို ကမ္ဘာမြေကြီးပေါ်မှ ချီးမွမ်းကြလော့။
13ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍
ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့်
သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
14ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။
၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊
မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။
ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 148: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative