YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 147

147
ထာဝရဘုရားပေးတော်မူသောနှစ်သိမ့်မှု
1ဟာလေလုယ​။
ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ခြင်း​သည် အမှန်ပင်​ကောင်းမြတ်​ပေ​၏​။
ကိုယ်တော်​ကို​ချီးမွမ်း​ခြင်း​သည် သင့်လျော်​၍ အမှန်ပင်​နှစ်လို​ဖွယ်​ကောင်း​၏​။
2ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့​ကို တည်ဆောက်​၍
နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​ကို စုဝေး​စေ​တော်မူ​၏​။
3ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍
သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။
4ကိုယ်တော်​သည် ကြယ်​တို့​၏​အရေအတွက်​ကို သတ်မှတ်​၍
၎င်း​တို့​အားလုံး​ကို အမည်​ပေး​တော်မူ​၏​။
5ငါ​တို့​၏​အရှင်​သည် ကြီးမြတ်​တော်မူ​၏​။ တန်ခိုး​တော်​လည်း ကြီးမား​တော်မူ​၏​။
ကိုယ်တော်​၏​ထိုးထွင်းဉာဏ်​သည် အနန္တ​ဖြစ်​၏​။
6ထာဝရဘုရား​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။
ဆိုးယုတ်​သော​သူ​တို့​ကို မြေပြင်​အထိ​နိမ့်ကျ​စေ​တော်မူ​၏​။
7ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ထာဝရဘုရား​ထံ တေးဖွဲ့​သီဆို​ကြ​လော့​။
စောင်း​တီး​၍ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။
8ကိုယ်တော်​သည် ကောင်းကင်​ကို​တိမ်တိုက်​များ​ဖြင့် ဖုံးလွှမ်း​လျက်
မြေကြီး​အတွက် မိုးရေ​ကို​ပြင်ဆင်​၍ တောင်​များ​ပေါ်၌ မြက်ပင်​ကို​ပေါက်​စေ​တော်မူ​၏​။
9တိရစ္ဆာန်​မှစ၍ အော်မြည်​သော ကျီးကန်း​ကလေး​တို့​အား
အစာ​ကို​ပေး​တော်မူ​၏​။
10ကိုယ်တော်​သည် မြင်း​၏​ခွန်အား​ကို အလိုရှိ​တော်​မ​မူ​။
လူ​၏​ခြေ​တို့​ကို နှစ်သက်​တော်​မ​မူ​။
11ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​များ​နှင့်
မိမိ​၏​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​များ​ကို နှစ်သက်​တော်မူ​၏​။
12အို ဂျေရုဆလင်​၊ ထာဝရဘုရား​ကို​ထောမနာပြု​လော့​။
အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​ကို​ချီးမွမ်း​လော့​။
13အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​မြို့​တံခါး​ကန့်လန့်ကျင်​တို့​ကို ခိုင်ခံ့​စေ​၍
သင့်​အထဲ​၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို ကောင်းချီးပေး​တော်မူ​၏​။
14ကိုယ်တော်​သည် သင်​၏​နယ်နိမိတ်​ထဲ၌ ငြိမ်းချမ်းမှု​ရှိ​စေ​၍
အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် သင့်​ကို​ဝပြော​စေ​တော်မူ​၏​။
15ကိုယ်တော်​သည် မိမိ​၏​မိန့်​တော်မူ​ချက်​ကို ကမ္ဘာမြေကြီး​ပေါ်သို့ စေလွှတ်​တော်မူ​၏​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် လျင်မြန်​စွာ​ပြေး​တတ်​၏​။
16ကိုယ်တော်​သည် နှင်းပွင့်​ကို သိုးမွေး​ကဲ့သို့​ချထား​တော်မူ​၏​။
နှင်းခဲ​ကို ပြာ​ကဲ့သို့​ပြန့်ကြဲ​စေ​တော်မူ​၏​။
17မိမိ​၏​မိုးသီး​ကို မုန့်အစအန​များ​ကဲ့သို့ ပစ်ချ​တော်မူ​၏​။
ကိုယ်တော်​ချမ်းအေး​စေ​တော်မူ​ခြင်း​ကို မည်သူ​ခံနိုင်​မည်နည်း​။
18ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ ၎င်း​တို့​ကို အရည်ပျော်​စေ​တော်မူ​၏​။
မိမိ​၏​လေ​ကို​တိုက်​စေ​တော်မူ​သောအခါ ရေ​တို့​သည် စီးဆင်း​ကြ​၏​။
19ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊
မိမိ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း ဖွင့်ပြ​တော်မူ​၏​။
20ကိုယ်တော်​သည် မည်သည့် လူမျိုးခြား​၌​မျှ ဤကဲ့သို့​ပြု​တော်​မ​မူ​ခဲ့​ပေ​။
ထို​လူမျိုးခြား​တို့​သည် ကိုယ်တော်​၏ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​သိ​ကြ​ပေ​။ ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 147: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ