YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 145

145
ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းကို ချီးမွမ်းခြင်း
ဒါဝိဒ်​၏​ချီးမွမ်း​ခြင်း
1အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။
ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။
2အကျွန်ုပ်​သည် ကိုယ်တော်​ကို နေ့စဉ်နေ့တိုင်း​ကောင်းချီးထောမနာ​ပြု​၍
ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက် ချီးမွမ်း​ပါ​မည်​။
3ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။
4မျိုးဆက်​တစ်​ဆက်​သည် နောက်​မျိုးဆက်​တစ်​ဆက်​အား
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ထောမနာပြု​ပြောဆို​ပါ​လိမ့်မည်​။
ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ အကြောင်း​ကို​လည်း ပြောကြား​ပါ​လိမ့်မည်​။
5အကျွန်ုပ်​သည် ကိုယ်တော်​၏ ဘုန်းကျက်သရေ​နှင့်​ဆိုင်​သည့် ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို​လည်းကောင်း​၊
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း ဆင်ခြင်အောက်မေ့​ပါ​မည်​။
6သူ​တို့​သည် ကိုယ်တော်​၏​အံ့ဩ​ဖွယ်​ကောင်း​သော တန်ခိုး​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။
အကျွန်ုပ်​သည်​လည်း ကိုယ်တော်​၏ ကြီးမြတ်​တော်မူ​ခြင်း​အကြောင်း​ကို ပြောကြား​ပါ​မည်​။
7သူ​တို့​သည် ကိုယ်တော်​၏ ကြွယ်ဝ​သော​ကောင်းမြတ်​ခြင်း​နှင့်​ဆိုင်​သည့် အောက်မေ့စရာ​ကို မြွက်ဆို​၍
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါ​လိမ့်မည်​။
8ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။
စိတ်ရှည်​၍ မေတ္တာကရုဏာ​ကြီးမား​တော်မူ​၏​။
9ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။
မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။
10အို ထာဝရဘုရား​၊ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​သည်
ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။
ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​ပါ​လိမ့်မည်​။
11သူ​တို့​သည် ကိုယ်တော့်​နိုင်ငံ​၏ ဘုန်းအသရေ​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။
ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​လည်း မြွက်ဆို​ကြ​ပါ​လိမ့်မည်​။
12ဤသို့ဖြင့် ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ​နှင့် ကိုယ်တော့်​နိုင်ငံ​၏​ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို
လူသား​တို့​အား သိမြင်​စေ​ကြ​ပါ​လိမ့်မည်​။
13ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပါ​၏​။
ကိုယ်တော်​၏​အုပ်စိုးမှု​သည်​လည်း မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။
14ထာဝရဘုရား​သည် လဲကျ​သော​သူ​ရှိသမျှ​တို့​ကို ထောက်မ​၍
ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​အပေါင်း​တို့​ကို ထူမ​တော်မူ​၏​။
15လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို မျှော်ကြည့်​ကြ​ပါ​၏​။
ကိုယ်တော်​သည်​လည်း အချိန်တန်​လျှင် သူ​တို့​အား အစားအစာ​ကို ပေး​တော်မူ​ပါ​၏​။
16လက်​တော်​ကို​ဖွင့်​၍ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​၏ အလို​ကို
ပြည့်စုံကြွယ်ဝ​စေ​တော်မူ​၏​။
17ထာဝရဘုရား​သည် မိမိ​၏​လမ်း​တော်​ရှိသမျှ​တို့​၌ ဖြောင့်မတ်​၍
မိမိ​ပြု​တော်မူ​သော​အမှု​ရှိသမျှ​တို့​၌ သစ္စာရှိ​တော်မူ​၏​။
18ထာဝရဘုရား​သည် မိမိ​ကို​ခေါ်​သော​သူ​အားလုံး​၊
သမ္မာတရား​နှင့်အညီ မိမိ​ကို​ခေါ်​သော​သူ​အားလုံး​၏ အနီး​တွင်​ရှိ​တော်မူ​၏​။
19ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​၏ အလို​ကို ပြည့်စုံ​စေ​တော်မူ​၏​။
သူ​တို့​၏​အော်ဟစ်သံ​ကို​လည်း​ကြား​၍ သူ​တို့​ကို ကယ်တင်​တော်မူ​၏​။
20ထာဝရဘုရား​သည် မိမိ​ကို​ချစ်​သော​သူ​အပေါင်း​တို့​ကို စောင့်ရှောက်​တော်မူ​၏​။
ဆိုးယုတ်​သော​သူ​အပေါင်း​တို့​ကို​ကား ဖျက်ဆီး​တော်မူ​လိမ့်မည်​။
21ငါ​၏​နှုတ်​သည် ထာဝရဘုရား​၏ ဂုဏ်ကျေးဇူး​တော်​ကို​မြွက်ဆို​မည်​။
သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​နာမ​တော်​ကို
ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​ပါစေ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 145: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။