YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 144

144
ရှင်ဘုရင်၏ဆုတောင်းခြင်း
ဒါဝိဒ်​၏​ဆာလံ
1ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​၏​။
ကိုယ်တော်​သည် ငါ​၏​လက်​ကို စစ်မက်​အတွက်​လည်းကောင်း​၊
ငါ​၏​လက်ချောင်း​များ​ကို တိုက်ပွဲ​အတွက်​လည်းကောင်း လေ့ကျင့်​ပေး​တော်မူ​၏​။
2ကိုယ်တော်​သည် ငါ​၏​မေတ္တာကရုဏာ​ရှင်​၊ ငါ​၏​ရဲတိုက်​၊ ငါ​၏​ခိုကိုး​ရာ​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
ငါ​သည် ကိုယ်တော်​ကို ခိုလှုံ​၏​။ ကိုယ်တော်​သည် ငါ​၏​လူမျိုး​ကို ငါ​အုပ်စိုး​ရ​သော​အခွင့်​ပေး​တော်မူ​၏​။
3အို ထာဝရဘုရား​၊ လူ​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​သိမှတ်​တော်မူ​ရ​သနည်း​။
လူ့​သား​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​ပမာဏပြု​တော်မူ​ရ​သနည်း​။
4လူ​သည် အခိုးအငွေ့​ကဲ့သို့​ဖြစ်​ပါ​၏​။
သူ​၏​နေ့ရက်​တို့​သည် ရိပ်ကနဲ​ဖြတ်သွား​သော အရိပ်​ကဲ့သို့​ဖြစ်​ကြ​ပါ​၏​။
5အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းကင်​ကို​ညွှတ်​၍ ကြွဆင်း​တော်မူ​ပါ​။
တောင်​များ​မှ မီးခိုး​ထွက်လာ​စေရန် ၎င်း​တို့​ကို တို့ထိ​တော်မူ​ပါ​။
6လျှပ်စီး​ကို​လက်​စေ​လျက် ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပါ​။
ကိုယ်တော်​၏​မြား​တို့​ကို​ပစ်လွှတ်​၍ သူ​တို့​ကို​အရေးနိမ့်​စေ​တော်မူ​ပါ​။
7မြင့်သောအရပ်​မှ လက်​တော်​ကို​ဆန့်​တော်မူ​ပါ​။
များစွာ​သော​ရေ​ထဲမှ​လည်းကောင်း​၊ တိုင်းတစ်ပါးသား​တို့​၏​လက်​ထဲမှ​လည်းကောင်း
အကျွန်ုပ်​ကို​ကယ်နုတ်​ပြီး လွတ်မြောက်​စေ​တော်မူ​ပါ​။
8သူ​တို့​၏​နှုတ်​သည် မဟုတ်မမှန်​ပြောဆို​တတ်​ပါ​၏​။
သူ​တို့​၏​လက်ယာ​လက်​သည်​လည်း လှည့်ဖြား​တတ်​သော​လက်​ဖြစ်​ပါ​၏​။
9အို ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ပါ​မည်​။
ဆယ်​ကြိုး​တပ်​စောင်းပြား​တီး​၍ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။
10ကိုယ်တော်​သည် ရှင်ဘုရင်​တို့​အား အောင်ပွဲ​ကို​ပေး​တော်မူ​၏​။
ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​ကို​လည်း ဆိုးဝါး​သော​ဓားဘေး​မှ​လွတ်မြောက်​စေ​တော်မူ​၏​။
11တိုင်းတစ်ပါးသား​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​ပြီး လွတ်မြောက်​စေ​တော်မူ​ပါ​။
သူ​တို့​၏​နှုတ်​သည် မဟုတ်မမှန်​ပြောဆို​တတ်​ပါ​၏​။ သူ​တို့​၏​လက်ယာ​လက်​သည်​လည်း လှည့်ဖြား​တတ်​သော​လက်​ဖြစ်​ပါ​၏​။
12အကျွန်ုပ်​တို့​၏​သား​များ​သည် သူ​တို့​ပျိုရွယ်​ချိန်​တွင် ကြီးထွား​တတ်​သော​ပျိုးပင်​များ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။
အကျွန်ုပ်​တို့​၏​သမီး​များ​သည် နန်းတော်​အတွက် ထွင်းထု​ထား​သော ထောင့်ကျောက်​တိုင်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။
13အကျွန်ုပ်​တို့​၏​ကျီ​များ​သည် လယ်ယာထွက်ကုန် အမျိုးမျိုး​တို့​ဖြင့် ပြည့်​ကြ​ပါစေသော​။
အကျွန်ုပ်​တို့​၏​သိုး​များ​သည် အကျွန်ုပ်​တို့​၏ ကွင်းပြင်​များ​ထဲတွင် ထောင်သောင်း​မက ပွားများ​ကြ​ပါစေသော​။
14အကျွန်ုပ်​တို့​၏​နွား​တို့​သည် ထမ်းပိုး​ကောင်း​ကြ​ပါစေသော​။
မြို့ရိုး​ကျိုးပေါက်​ခြင်း​မ​ရှိ​၊ သိမ်းသွား​ခံရ​ခြင်း​လည်း​မ​ရှိ​၊ အကျွန်ုပ်​တို့​၏​လမ်း​များ​၌ ငိုကြွေးပူဆွေး​ခြင်း​လည်း မ​ရှိ​ပါစေ​နှင့်​။
15ထိုသို့​သော​ကောင်းချီး​များ​ကို​ခံစား​ရ​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။
ထာဝရဘုရား​ကို မိမိ​၏​ဘုရား​အဖြစ် ကိုးကွယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 144: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ