YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 143

143
အော်ဟစ်အကူအညီတောင်းလျှောက်ခြင်း
ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို​နားညောင်း​၍
အကျွန်ုပ်​၏​အသနားခံ​ခြင်း​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
ကိုယ်တော်​၏​သစ္စာ​တော်​အားဖြင့်​လည်းကောင်း​၊
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့်​လည်းကောင်း အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။
2ကိုယ်တော်​၏​အစေအပါး​နှင့်အတူ တရားစီရင်​ရာ​သို့ ဝင်​တော်​မ​မူ​ပါ​နှင့်​။
အကြောင်းမူကား အသက်ရှင်​သော​သူ​တစ်စုံတစ်ဦး​မျှ
ကိုယ်တော်​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟူ၍​မ​ရှိ​ပါ​။
3အကယ်စင်စစ် ရန်သူ​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လိုက်လံညှဉ်းဆဲ​ပါ​၏​။
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မြေပြင်​အထိ​ချိုးဖဲ့ခြေမွှ​ပါ​၏​။
အကျွန်ုပ်​ကို ကာလ​ကြာမြင့်​စွာ​က​သေဆုံး​သွား​သူ​ကဲ့သို့
မှောင်မိုက်​သော​အရပ်​ထဲ၌​နေ​စေ​ပါ​၏​။
4သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ ညှိုးငယ်​လျက်​ရှိ​ပါ​၏​။
အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်ချောက်ချား​လျက်​ရှိ​ပါ​၏​။
5အကျွန်ုပ်​သည် လွန်ခဲ့သော​နေ့ရက်​များ​ကို သတိရ​လျက်
ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။
ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ကို အကျွန်ုပ်​တွေးတောဆင်ခြင်​ပါ​၏​။
6အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။
မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။(​စေလာ#143:6 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
7အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။
အကျွန်ုပ်​၏​ဝိညာဉ်​သည် အားအင်ကုန်ခန်း​ပါ​ပြီ​။
အကျွန်ုပ်​သည် သေတွင်း​ထဲသို့ ဆင်းသွား​သော​သူ​တို့​ကဲ့သို့ မ​ဖြစ်​ရ​ပါ​မည့်​အကြောင်း
အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။
8နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အကျွန်ုပ်​အား​ကြား​စေ​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။
အကျွန်ုပ်​သွား​ရ​မည့်​လမ်း​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။
9အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​၌​ခိုလှုံ​ပါ​၏​။
10ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​နိုင်​ရန် အကျွန်ုပ်​ကို​သင်ကြား​ပေး​တော်မူ​ပါ​။
အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို
ညီညာ​သော​မြေပြင်​ပေါ်မှာ ပို့ဆောင်​တော်မူ​ပါစေသော​။
11အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဆင်းရဲဒုက္ခ​ထဲမှ ထုတ်ဆောင်​တော်မူ​ပါ​။
12အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး ဖြစ်​သောကြောင့်
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​၏​ရန်သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​ပါ​။
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ရန်ဖက်ပြု​သော​သူ​အားလုံး​ကို​လည်း ဖျက်ဆီး​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 143: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ