YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 6

6
ငွေကြေးဆိုင်ရာရှုပ်ထွေးမှု
1ငါ့​သား​၊ သင်​သည် သင်​၏​အိမ်နီးချင်း​အတွက် အာမခံ​မိ​၍
သူစိမ်း​အတွက် တာဝန်ခံ​မိ​လျှင်
2ကိုယ့်​နှုတ်ထွက်​စကား​နှင့်​ကိုယ်​ကျော့မိ​၍
ကိုယ့်​နှုတ်ထွက်​စကား​နှင့်​ကိုယ် အဖမ်း​ခံရ​လေ​ပြီ​။
3ယခု​သင်​သည် သင်​၏​အိမ်နီးချင်း​လက်​သို့ ကျရောက်​လေ​ပြီ​။
ထို့ကြောင့် ငါ့​သား​၊ ဤသို့​ပြု​၍ ကိုယ့်ကိုယ်ကိုယ်​ကယ်နုတ်​လော့​။
သင်​၏​အိမ်နီးချင်း​ထံ​သွား​၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​လျက်
ကြပ်ကြပ်​တောင်းပန်​လော့​။
4သင့်​မျက်စိ​ကို အိပ်စက်​ခွင့်​မ​ပြု​နှင့်​။
သင့်​မျက်လွှာ​ကို​လည်း ပိတ်​ခွင့်​မ​ပြု​နှင့်​။
5ဒရယ်​သည် အမဲလိုက်သူ​လက်​မှ​လည်းကောင်း​၊
ငှက်​သည် ငှက်မုဆိုး​လက်​မှ​လည်းကောင်း လွတ်မြောက်​သကဲ့သို့
ကိုယ့်ကိုယ်ကိုယ်​လွတ်မြောက်​အောင်​ပြု​လော့​။
ပျင်းရိခြင်း
6အချင်း​လူပျင်း​၊ ပုရွက်ဆိတ်​ထံသို့​သွား​၍
၎င်း​၏​လုပ်ဆောင်မှု​တို့​ကို​ကြည့်ရှုဆင်ခြင်​လျက် ဉာဏ်ပညာရှိ​လော့​။
7ပုရွက်ဆိတ်​သည် ဦးစီးဦးဆောင်​သူ​မ​ရှိ​၊
ကြီးကြပ်သူ​မ​ရှိ​၊ အုပ်စိုး​သူ​လည်း​မ​ရှိ​ဘဲ​လျက်
8နွေရာသီ​၌ မိမိ​အစားအစာ​ကို​ပြင်ဆင်​၍
ရိတ်သိမ်း​ချိန်​၌ မိမိ​စားစရာ​ကို ရှာဖွေ​စုဆောင်း​တတ်​၏​။
9အချင်း​လူပျင်း​၊ သင်​သည် မည်မျှ​ကြာ​အောင် အိပ်​လျက်​နေ​မည်နည်း​။
မည်သည့်​အချိန်​မှ အိပ်ရာ​ထ​မည်နည်း​။
10ခဏ​အိပ်​လျက်​၊ ခဏ​ငိုက်​လျက်​၊
ခဏ​လက်ပိုက်​အနားယူ​လျက်​နေစဉ်
11ဆင်းရဲ​ခြင်း​သည် သူခိုးဓားပြ​ကဲ့သို့​လည်းကောင်း​၊
ချို့တဲ့​နွမ်းပါး​ခြင်း​သည် လက်နက်​ကိုင်ဆောင်​သူ​ကဲ့သို့​လည်းကောင်း
သင့်​ထံသို့​ရောက်လာ​လိမ့်မည်​။
ဆိုးညစ်ယုတ်ညံ့သူ
12ဆိုးညစ်​သော​သူ​နှင့် ယုတ်ညံ့​သော​သူ​သည်
ကောက်ကျစ်​သော​နှုတ်​ဖြင့်​လှည့်လည်​သွားလာ​ကာ
13မျက်စိ​ကို​မှိတ်ပြ​လျက်​၊ ခြေ​ဖြင့်​အမှတ်ပြု​လျက်​၊
လက်ချောင်း​တို့​ဖြင့်​အချက်ပေး​လျက်​၊
14ဖောက်ပြန်လွဲမှား​သော​စိတ်နှလုံး​ဖြင့် မကောင်းမှု​ကို​တွေးတော​ကြံစည်​လျက်
ငြင်းခုံ​ရန်တွေ့​ခြင်း​ကို အစဉ်အမြဲ​ဖြစ်ပွား​စေ​တတ်​၏​။
15ထို့ကြောင့် ဘေးဒုက္ခ​သည် သူ့​အပေါ်​ရုတ်တရက်​ကျရောက်​သဖြင့်
သူ​သည် ချမ်းသာ​ရာ​မ​ရ​ဘဲ ချက်ချင်း​ပျက်စီး​ရ​လိမ့်မည်​။
ဘုရားသခင် မုန်းတော်မူသောအရာများ
16ထာဝရဘုရား​မုန်း​တော်မူ​သော​အရာ​ခြောက်​ပါး​မက
ကိုယ်တော်​၏​စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာ​တော်မူ​သော​အရာ​ခုနစ်​ပါး​မှာ
17ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊
အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊
18ယုတ်ညံ့​သော​အကြံအစည်​များ​ကို တွေးတော​ကြံစည်​သော​စိတ်နှလုံး​၊
မကောင်းမှု​ပြု​ရာ​သို့ အလျင်အမြန်​ပြေး​သော​ခြေ​၊
19လိမ်လည်​ထွက်ဆို​သော​မုသား​သက်သေ​နှင့်
ညီအစ်ကို​တို့​ကြား​၌ အငြင်းပွားမှု​များ​ဖြစ်ပွား​စေ​သော သူ​တို့​ဖြစ်​ကြ​၏​။
အိမ်ထောင်ရေးမဖောက်ပြန်အောင် သတိပေးခြင်း
20ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။
သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။
21၎င်း​တို့​ကို သင်​၏​စိတ်နှလုံး​တွင် အစဉ်မပြတ်​ချည်​ထား​၍
သင်​၏​လည်ပင်း​၌​ဆွဲထား​လော့​။
22၎င်း​တို့​သည် သင်​သွားလာ​သောအခါ သင့်​ကို​ပို့ဆောင်​လိမ့်မည်​။
သင်​အိပ်​သောအခါ သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။
သင်​နိုး​သောအခါ သင့်​ကို​စကားပြော​လိမ့်မည်​။
23အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။
ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍
24မကောင်း​သော​မိန်းမ​၏​ဘေးရန်​မှ​လည်းကောင်း​၊
ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ချော့မြှူ​သော​စကား​မှ​လည်းကောင်း
သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။
25သင်​၏​စိတ်နှလုံး​ထဲတွင် ထို​မိန်းမ​၏​အလှ​ကို မ​တပ်မက်​နှင့်​။
သူ့​မျက်လွှာ​ဖြင့် ညှို့ယူ​ဖမ်းစား​ခြင်း​ကို​မ​ခံ​နှင့်​။
26အကြောင်းမူကား ပြည့်တန်ဆာ​မ​တစ်​ယောက်​ကို မုန့်​တစ်​လုံး​ဖြင့်​ရ​နိုင်​၏​။
လင်ရှိမယား​မူကား အဖိုးတန်​သော​အသက်​ကို လိုက်ဖမ်း​တတ်​၏​။
27လူ​သည် မိမိ​အဝတ်​ကို မ​လောင်​စေ​ဘဲ
မိမိ​ရင်ခွင်​၌ မီး​ကို​ပွေ့ပိုက်​နိုင်​မည်လော​။
28သို့မဟုတ် သူ​သည် မိမိ​ခြေ​ကို မ​လောင်မြိုက်​စေ​ဘဲ
မီးခဲ​ပေါ်တွင် လမ်းလျှောက်​နိုင်​မည်လော​။
29မိမိ​အိမ်နီးချင်း​၏​မယား​ထံသို့ ဝင်​သော​သူ​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။
ထို​မိန်းမ​နှင့်​ထိတွေ့​သော​သူ​မှန်သမျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
30သူခိုး​သည် ဆာလောင်မွတ်သိပ်​သောကြောင့် အငတ်​ပြေ​စေရန် ခိုးယူ​ခဲ့​လျှင်
လူ​တို့​သည် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​မည်​မ​ဟုတ်​။
31သို့သော် သူ​သည် အဖမ်း​ခံရ​လျှင် ခုနစ်ဆ​ပြန်လျော်​ရ​မည်​။
မိမိ​အိမ်​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​အားလုံး​ကို​ပင် ပေး​ရ​မည်​ဖြစ်​၏​။
32သူတစ်ပါး​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည် အသိစိတ်​မ​ရှိ​။
ထို​အမှု​ကို​ပြု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​ဖျက်ဆီး​သော​သူ​ဖြစ်​၏​။
33ထို​သူ​သည် ရိုက်နှက်​ခြင်း​နှင့် အရှက်ခွဲခြင်း​ကို​ခံရ​လိမ့်မည်​။
သူ​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​သည်​လည်း
မည်သည့်​အခါ​မျှ​ပျောက်ပျက်​သွား​မည်​မ​ဟုတ်​။
34အကြောင်းမူကား သဝန်တိုမှု​သည် ခင်ပွန်းသည်​ကို အမျက်ဒေါသ​ထွက်​စေ​သဖြင့်
သူ​သည် လက်စားချေ​သော​နေ့​၌ ညှာတာ​လိမ့်မည်​မ​ဟုတ်​။
35မည်သည့်​လျော်ကြေး​ကို​မျှ လက်ခံ​လိမ့်မည်​မ​ဟုတ်​။
များစွာ​သော​တံစိုးလက်ဆောင်​ကို​လည်း အလိုရှိ​လိမ့်မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။