YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 7

7
1ငါ့​သား​၊ ငါ့​စကား​တို့​ကို​စောင့်ထိန်း​၍
ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​လော့​။
2ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။
ငါ​၏​သွန်သင်ချက်​ကို သင်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ထိန်း​လော့​။
3၎င်း​တို့​ကို သင်​၏​လက်ချောင်း​တို့​တွင်​ချည်​ထား​၍
သင်​၏​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။
4ဉာဏ်ပညာ​အား “​သင်​သည် ငါ​၏​အစ်မ​ဖြစ်​သည်​”​ဟု ဆို​၍
အသိဉာဏ်​အား “​ဆွေမျိုးသားချင်း​”​ဟု ခေါ်​လော့​။
5သို့ပြုလျှင် ၎င်း​တို့​သည် အကျင့်​ဖောက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း​၊
စကား​များ​ဖြင့်​မြှူဆွယ်​တတ်​သည့် ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း
သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။
ညှို့ယူဖမ်းစားခြင်းခံရသောလူငယ်
6ငါ​သည် ငါ​၏​အိမ်​ပြတင်းပေါက်​ရာဇမတ်ကွက်​ကြားမှ
မျှော်ကြည့်​သောအခါ
7အသိဉာဏ်​နည်းပါး​သော​သူ​များ​ကြား​တွင်
အသိစိတ်​မ​ရှိ​သော​လုလင်​တစ်​ဦး​ကို ငါ​မြင်​၍
လူငယ်​များ​အလယ်​တွင် သူ့​ကို​သတိပြု​မိ​၏​။
8ထို​သူ​သည် မိန်းမ​တစ်​ဦး​နေထိုင်​ရာ လမ်း​ထောင့်​နား​မှ​ဖြတ်သွား​၍
ထို​မိန်းမ​၏​အိမ်​ရှိ​ရာ​လမ်း​သို့​လျှောက်သွား​လေ​၏​။
9အချိန်​ကား မှောင်ရီပျိုး​ချိန်​၊ နေဝင်ချိန်​၊
ည​သန်းခေါင်​အချိန်​နှင့် မှောင်မိုက်​သော​အချိန်​ဖြစ်​၏​။
10ထိုအခါ ပြည့်တန်ဆာ​အဝတ်​ကို​ဝတ်​၍
စိတ်နှလုံး​ထဲ၌ လျှို့ဝှက်​သော​အကြံ​ရှိ​သည့်​မိန်းမ​သည် သူ့​ကို​ကြိုဆို​လေ​၏​။
11ထို​မိန်းမ​သည် အာကျယ်​၍​ခေါင်းမာ​၏​။
ခြေ​မ​ငြိမ်​၊ အိမ်​မ​ကပ်​၊
12ယခုပင် အပြင်​၌​၊ ယခုပင် လမ်းဆုံ​၌​ရှိ​လျက်
လမ်း​ထောင့်​ရှိသမျှ​တို့​၌ ချောင်းမြောင်း​နေ​တတ်​၏​။
13သူ​သည် ထို​လုလင်​ကို​ဆွဲ​၍ နမ်း​ပြီးလျှင်
14“​ကျွန်မ​သည် မိတ်သဟာယယဇ်​များ​ပူဇော်​ရန်​ရှိ​၍
ယနေ့​ပင် ကျွန်မ​၏​ကတိသစ္စာ​တို့​ကို ပြည့်စုံ​စေ​ပါ​ပြီ​။
15ထို့ကြောင့် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​၏​။
သင့်​ကို​ကြိုးစားရှာ​၍ ယခု​တွေ့​ပါ​ပြီ​။
16ကျွန်မ​၏​ခုတင်​ကို အီဂျစ်​ပြည်​ဖြစ်
ရောင်စုံ​ပိတ်ချော​အိပ်ရာခင်း​ဖြင့်​ခင်း​ထား​၍
17ကျွန်မ​၏​အိပ်ရာ​ကို မုရန်​၊ သစ်မွှေး​နှင့်
သစ်ကြံပိုး​နံ့သာ​တို့​ဖြင့် ထုံသင်း​မွှေးကြိုင်​စေ​ပါ​ပြီ​။
18လာ​ပါ​။ မိုးလင်း​သည်​အထိ ချစ်တင်းနှော​၍
ချစ်ကြိုက်​ပျော်ပါး​ကြ​စို့​။
19အကြောင်းမူကား ကျွန်မ​၏​ခင်ပွန်း​သည် အိမ်​မှာ​မ​ရှိ​။
ရပ်ဝေး​သို့ ခရီး​သွား​နေ​၏​။
20ငွေ​အိတ်​ကို​ပါ ယူဆောင်​သွား​၏​။
လပြည့်​နေ့​မှ အိမ်​သို့​ပြန်လာ​မည်​”​ဟု ထို​လုလင်​အား မျက်နှာ​ပြောင်တိုက်​ပြောဆို​၏​။
21ထို​မိန်းမ​သည် ဆွဲဆောင်​သော​စကား​များစွာ​တို့​ဖြင့် သူ့​ကို​မြှူဆွယ်​၍
မိမိ​နှုတ်ခမ်း​မှ ချိုသာ​သော​စကား​ဖြင့် သူ့​ကို​သွေးဆောင်​လေ​ရာ
22နွား​သည် အသတ်​ခံရ​မည့်​နေရာ​သို့ လိုက်သွား​သကဲ့သို့​လည်းကောင်း​၊
ဆိုးမိုက်​သော​သူ​သည် မိမိ​အသည်း​ကို မြား​စူးဝင်​သည့်​တိုင်အောင်
အပြစ်ဒဏ်​ခံ​ရာ​သို့ ခြေချင်းခတ်​ခံရ​လျက်​သွား#7:22 “သမင်ဒရယ်သည် မိမိအသည်းကိုမြားစူးဝင်သည့်တိုင်အောင် ထောင်ဖမ်းရာသို့ခုန်ပေါက်သွား”ဟူ၍လည်း ပြန်ဆိုနိုင်၏။​သကဲ့သို့​လည်းကောင်း​၊
23ငှက်​သည် ကျော့ကွင်း​ထဲသို့ အလျင်အမြန်​ဝင်သွား​သကဲ့သို့​လည်းကောင်း
သူ​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏​။
ထို​အမှု​သည် သူ့​အသက်​ကို​ဆုံးရှုံး​စေ​နိုင်​ကြောင်း​ကို သူ​မ​သိ​ပေ​။
24သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။
ငါ​၏​နှုတ်ထွက်​စကား​တို့​ကို​လည်း အာရုံစိုက်​နားထောင်​ကြ​လော့​။
25သင်​၏​စိတ်နှလုံး​ကို ထို​မိန်းမ​၏​လမ်း​များ​ဘက်​သို့ မ​လှည့်​စေ​နှင့်​။
လမ်းလွဲ​၍ သူ​သွား​ရာ​လမ်း​များ​ထဲသို့ မ​သွား​နှင့်​။
26အကြောင်းမူကား သူ​သည် များစွာ​သော​သူ​တို့​ကို​ဒဏ်ရာ​ရ​စေ​၍ လဲကျ​စေ​ခဲ့​၏​။
သူ​၏​သတ်ဖြတ်​ခြင်း​ခံရ​သော​သူ​အားလုံး​သည် အင်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။
27သူ​၏​အိမ်​သည် သေ​ခြင်း​၏​အတွင်းခန်း​များ​သို့ ဆင်းသွား​သည့်
မရဏာနိုင်ငံ​သို့​သွား​ရာ​လမ်း​များ​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။