YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 11

11
1မမှန်ကန်​သော​ချိန်ခွင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
မှန်​သော​အလေး​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။
2မာနထောင်လွှား​ခြင်း​လာ​သောအခါ အရှက်ကွဲ​ခြင်း​လိုက်လာ​တတ်​၏​။
ဉာဏ်ပညာ​ကား စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ လိုက်လာ​၏​။
3ဖြောင့်မှန်​သော​သူ​တို့​၏​သမာဓိ​သည် သူ​တို့​ကို​ဦးဆောင်​လမ်းပြ​တတ်​၏​။
သစ္စာမဲ့​သော​သူ​တို့​၏​ကောက်ကျစ်စဉ်းလဲ​ခြင်း​မူကား သူ​တို့​ကို​ဖျက်ဆီး​တတ်​၏​။
4အမျက်​တော်​ထင်ရှား​ရာ​နေ့​၌ စည်းစိမ်ဥစ္စာ​သည် အကျိုး​မ​ရှိ​။
ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​ကယ်နုတ်​တတ်​၏​။
5အပြစ်တင်စရာမရှိ​သော​သူ​၏​ဖြောင့်မတ်​ခြင်း​သည် သူ​၏​လမ်း​ကို​ဖြောင့်တန်း​စေ​တတ်​၏​။
ဆိုးယုတ်​သော​သူ​မူကား မိမိ​၏​ဆိုးယုတ်မှု​ကြောင့် ကျဆုံး​တတ်​၏​။
6ဖြောင့်မှန်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​သည် သူ​တို့​ကို​ကယ်နုတ်​တတ်​၏​။
သစ္စာမဲ့​သော​သူ​တို့​မူကား မိမိ​တို့​၏​အလိုရမ္မက်​အားဖြင့် ဖမ်းဆီး​ခြင်း​ခံရ​တတ်​ကြ​၏​။
7ဆိုးယုတ်​သော​သူ​သေ​သောအခါ သူ​၏​မျှော်လင့်ချက်​သည် ပျက်စီး​တတ်​၏​။
ဓနဥစ္စာ​တို့​အပေါ်​ထား​သော သူ​၏​မျှော်မှန်း​ချက်​သည်​လည်း ပျက်စီး​တတ်​၏​။
8ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲဒုက္ခ​ထဲမှ​လွတ်မြောက်​၍
ဆိုးယုတ်​သော​သူ​သည် သူ့​အစား​ဝင်​ရ​၏​။
9ဘုရားတရားမဲ့​သော​သူ​သည် နှုတ်​ဖြင့် မိမိ​၏​အိမ်နီးချင်း​ကို ဖျက်ဆီး​တတ်​၏​။
ဖြောင့်မတ်​သော​သူ​တို့​မူကား အသိပညာ​အားဖြင့် လွတ်မြောက်​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်​။
10ဖြောင့်မတ်​သော​သူ​တို့​ကောင်းစား​သောအခါ တစ်မြို့လုံး ရွှင်လန်း​ကြ​၏​။
ဆိုးယုတ်​သော​သူ​တို့​ပျက်စီး​သောအခါ​၌​လည်း ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​၏​။
11မြို့​သည် ဖြောင့်မှန်​သော​သူ​တို့​၏ ကောင်းချီးမင်္ဂလာ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​တတ်​၏​။
သို့သော် ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​အားဖြင့် ဖြိုဖျက်​ခြင်း​ခံရ​တတ်​၏​။
12အသိစိတ်​မ​ရှိ​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​တတ်​၏​။
ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား တိတ်ဆိတ်​စွာ​နေ​တတ်​၏​။
13အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို​ပေါက်ကြား​စေ​တတ်​၏​။
ယုံကြည်​စိတ်ချ​ရ​သော​စိတ်သဘော​ရှိ​သူ​မူကား အမှုကိစ္စ​ကို ဖုံးကွယ်​ထား​တတ်​၏​။
14လမ်းညွှန်​မှု​မ​ရှိ​လျှင် လူမျိုး​တစ်​မျိုး​သည် ကျဆုံး​တတ်​၏​။
အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အောင်မြင်​တတ်​၏​။
15သူစိမ်း​အတွက်​အာမခံ​သော​သူ​သည် အမှန်တကယ်​ဒုက္ခရောက်​လိမ့်မည်​။
တာဝန်ခံ​ပေး​ရ​သည်​ကို​မုန်း​သော​သူ​မူကား ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။
16ယဉ်ကျေး​သိမ်မွေ့​သော​မိန်းမ​သည် ဂုဏ်သရေ​ကို​ရ​တတ်​၏​။
ကြမ်းကြုတ်​သော​ယောက်ျား​တို့​မူကား ဓနဥစ္စာ​ကို​ရ​တတ်​ကြ​၏​။
17မေတ္တာကရုဏာ​ထား​တတ်​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အကျိုးပြု​တတ်​၏​။
ရက်စက်​သော​သူ​မူကား ကိုယ့်ကိုယ်ကိုယ်​ဒုက္ခပေး​တတ်​၏​။
18ဆိုးယုတ်​သော​သူ​သည် လှည့်ဖြား​သော​အဖိုးအခ​ကို​ရ​တတ်​၏​။
ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​သော​သူ​မူကား မှန်ကန်​သော​အကျိုး​ကို​ရ​တတ်​၏​။
19ဖြောင့်မတ်​ခြင်း​၌​တည်မြဲ​သော​သူ​သည် အသက်ရှင်​ခြင်း​သို့​ရောက်​လိမ့်မည်​။
မကောင်းမှု​နောက်​သို့​လိုက်​သော​သူ​မူကား သေ​ခြင်း​သို့​ရောက်​လိမ့်မည်​။
20စိတ်နှလုံး​ကောက်ကျစ်​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
ပြည့်ဝစုံလင်​သော​လမ်း​ကို လိုက်​သော​သူ​တို့​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။
21မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။
22အဆင်းလှ​သော်လည်း ဆင်ခြင်တုံတရား​ကင်းမဲ့​သော​မိန်းမ​သည်
ဝက်​နှာခေါင်း​၌​တပ်​ထား​သော ရွှေ​နှာဆွဲ​နှင့်​တူ​၏​။
23ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​သည် ကောင်းကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား အမျက်​ကို​ဖြစ်​စေ​တတ်​၏​။
24စွန့်ကြဲ​သော်လည်း ဥစ္စာ​ပို၍​တိုးပွား​သူ​ရှိ​၏​။
ပေး​သင့်​သည့်​အရာ​ကို​ပင် ဆုပ်ကိုင်​ထား​သော်လည်း ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​သူ​လည်း​ရှိ​၏​။
25စိတ်စေတနာ​ကောင်း​သော​သူ​သည် ကြွယ်ဝ​၍
ရေလောင်း​ပေး​သော​သူ​သည် ကိုယ်တိုင်​လည်း ရေလောင်း​ပေး​ခြင်း​ကို​ခံရ​လိမ့်မည်​။
26ဂျုံစပါး​သိုလှောင်​ထား​သော​သူ​ကို တိုင်းသူပြည်သား​တို့ ကျိန်ဆဲ​ကြ​လိမ့်မည်​။
ရောင်းချ​ပေး​သော​သူ​၏​ဦးခေါင်း​အပေါ်​၌​မူကား ကောင်းချီးမင်္ဂလာ​ရှိ​လိမ့်မည်​။
27ကောင်းမြတ်​သော​အရာ​ကို​ကြိုးစား​၍​ရှာ​သော​သူ​သည် ကျေးဇူး​ကို​ရှာတွေ့​လိမ့်မည်​။
မကောင်းမှု​ကို​ရှာ​သော​သူ​မူကား သူ့​ထံသို့ မကောင်းမှု​ရောက်လာ​လိမ့်မည်​။
28မိမိ​၏​ဓနဥစ္စာ​ကို ကိုးစား​သော​သူ​သည် ကျဆုံး​လိမ့်မည်​။
ဖြောင့်မတ်​သော​သူ​မူကား သစ်ရွက်​ကဲ့သို့ ပွင့်လန်းဝေဆာ​လိမ့်မည်​။
29မိမိ​အိမ်သူအိမ်သား​တို့​ကို​ဒုက္ခပေး​သော​သူ​သည် လေ​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။
ဆိုးမိုက်​သော​သူ​သည်​လည်း စိတ်နှလုံး​၌ ပညာရှိ​သော​သူ​၏​အစေအပါး​ဖြစ်​ရ​လိမ့်မည်​။
30ဖြောင့်မတ်​သော​သူ​၏​အသီးအပွင့်​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။
စိတ်ဝိညာဉ်​များ​ကို​ဆွဲဆောင်​စည်းရုံး​နိုင်​သော​သူ​သည် ပညာရှိ​ဖြစ်​၏​။
31ကမ္ဘာမြေကြီး​ပေါ်တွင် ဖြောင့်မတ်​သော​သူ​ပင် အကျိုးအပြစ်​ကို​ခံစား​ရ​သည်​ဆို​လျှင်
ဆိုးယုတ်​သော​သူ​နှင့် အပြစ်ပြု​သော​သူ​မူကား အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။#၁ပေ 4:18။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ