YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 1

1
နှုတ်ခွန်းဆက်ခြင်း
1ယေရှု​ခရစ်တော်​၏​အစေအပါး​များ​ဖြစ်​ကြ​သော ငါ​ပေါလု​နှင့်​တိမောသေ​တို့​သည် ဖိလိပ္ပိ​မြို့​၌​နေ​ကြ​သော ကြီးကြပ်​သူ​များ၊ သင်းထောက်​များ​နှင့်တကွ ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 2ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်း
3ငါ​သည် သင်​တို့​ကို​သတိရ​သည့်​အခါ​တိုင်း ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​လျက် 4ငါ​ဆုတောင်း​သည့်​အခါ​တိုင်း သင်​တို့​အားလုံး​အတွက် ဝမ်းမြောက်​သော​စိတ်​နှင့် အစဉ်အမြဲ​ဆုတောင်း​၏။ 5အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပထမ​ဦးဆုံး​နေ့​မှစ၍ ယခု​တိုင်အောင် ကောင်းမြတ်​သော​သတင်း​အတွက် ပူးပေါင်း​ပါဝင်​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။ 6သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။
7သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။ 8ငါ​သည် ခရစ်တော်​ယေရှု​၏​ကြင်နာ​ခြင်း​ဖြင့် သင်​တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်​ကြောင်း ငါ့​အတွက်​သက်သေခံ​ပေး​သော​အရှင်​မှာ ဘုရားသခင်​ဖြစ်​တော်မူ​၏။
9သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် စစ်မှန်​သော​အသိပညာ​နှင့် ထိုးထွင်းဉာဏ်​အမျိုးမျိုး​တို့​၌ ပို၍​ပို၍​ပြည့်စုံ​လာ​သဖြင့် 10မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ 11ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။
ကောင်းမြတ်သောသတင်း၏ပြန့်ပွားမှု
12ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။ 13အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍ 14များစွာ​သော​ညီအစ်ကို​တို့​သည် ငါ​အချုပ်အနှောင်​ခံရ​ခြင်း​ကြောင့် သခင်​ဘုရား​၌ ယုံကြည်​စိတ်ချ​လျက် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်ကပတ်​တရား​ကို​ဟောပြော​ရန် ပိုမို​ရဲရင့်​လာ​ကြ​၏။
15အချို့​တို့​သည် မလိုမုန်းထား​စိတ်​နှင့် ပဋိပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ အချို့​တို့​မူကား စေတနာ​စိတ်​ဖြင့် ဟောပြော​ကြ​၏။ 16စေတနာ​စိတ်​ဖြင့် ဟောပြော​သော​သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​သော​သူ​အဖြစ် ငါ့​ကို​ခန့်အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟောပြော​ကြ​၏။ 17အခြား​သော​သူ​တို့​မူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​၌ ဆင်းရဲ​ဒုက္ခ​ကို ပိုမို​များပြား​စေ​လို​သော​အကြံ​နှင့် ရိုးသား​သော​စိတ်​အားဖြင့်​မ​ဟုတ်​ဘဲ တုပြိုင်​လို​သော​စိတ်​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ 18သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ဟန်ဆောင်​ပန်ဆောင်​ဖြစ်စေ၊ မှန်မှန်ကန်ကန်​ဖြစ်စေ မည်သည့်​နည်း​ဖြင့်​မဆို ခရစ်တော်​အကြောင်း​ကို ဟောပြော​သည်​ဖြစ်၍ ၎င်း​အတွက် ငါ​ဝမ်းမြောက်​၏။ ဆက်၍​လည်း ငါ​ဝမ်းမြောက်​ဦး​မည်။ 19အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။ 20ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။
ခရစ်တော်အတွက် အသက်ရှင်ခြင်း
21အကြောင်းမူကား ငါ့​အနေဖြင့် အသက်ရှင်​ခြင်း​သည် ခရစ်တော်​ဖြစ်​၏။ သေ​ခြင်း​သည်​လည်း အကျိုးကျေးဇူး​ဖြစ်​၏။ 22သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ဆက်၍​အသက်ရှင်​လျှင် ငါ​သည် အကျိုး​ရှိ​သော​အမှု​ကို​လုပ်ဆောင်​နိုင်​၏။ ထိုအခါ မည်သည့်​အရာ​ရွေးချယ်​ရ​မည်​ကို ငါ​မ​သိ။ 23သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။ 24သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ငါ​ဆက်၍​ရှိ​နေ​ခြင်း​သည် သင်​တို့​အတွက် ပိုမို​လိုအပ်​၏။ 25ဤသို့ ယုံကြည်​စိတ်ချ​လျက် သင်​တို့​၏​ယုံကြည်​ခြင်း​ကြီးထွား​မှု​နှင့် ဝမ်းမြောက်​မှု​အတွက် ငါ​သည် ကိုယ်ခန္ဓာ​၌​တည်​၍ သင်​တို့​အားလုံး​နှင့်အတူ ဆက်၍​ရှိ​နေ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။ 26ထိုအခါ ငါ​သည် သင်​တို့​ထံသို့ တစ်ဖန်​ရောက်လာ​သဖြင့် သင်​တို့​၏​ဂုဏ်ယူ​ဝင့်ကြွား​စရာ​အကြောင်း​သည် ငါ့​ကြောင့် ခရစ်တော်​ယေရှု​၌ တိုးပွား​လိမ့်မည်။
27မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။ 28ထိုသို့​ကြောက်ရွံ့​ခြင်း​မ​ရှိ​ခြင်း​သည် သူ​တို့​အတွက် ပျက်စီး​ခြင်း​၏​လက္ခဏာ​ဖြစ်​၏။ သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​၏​လက္ခဏာ​ဖြစ်ပြီး ၎င်း​သည် ဘုရားသခင်​ထံမှ​လာ​၏။ 29အကြောင်းမူကား ခရစ်တော်​အတွက် ကိုယ်တော်​ကို​ယုံကြည်​ခြင်း​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အခွင့်​ကို​လည်း သင်​တို့​အား ပေးအပ်​ထား​သည်​ဖြစ်၍ 30ငါ​ရင်ဆိုင်​ရ​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီး ယခု​လည်း ငါ​ရင်ဆိုင်​နေ​ရ​သည်​ဟု သင်​တို့​ကြား​ရ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​မျိုး​ကို သင်​တို့​ရင်ဆိုင်​နေ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဖိလိပ္ပိသြဝါဒစာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။