YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 6

6
သားသမီးများနှင့်မိဘများ
1သားသမီး​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​မိဘ​စကား​ကို နားထောင်​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် မှန်ကန်​သော​အမှု​ဖြစ်​၏။ 2-3သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်​သည် ကမ္ဘာ​မြေ​ပေါ်၌ ကောင်းစား​လျက် အသက်ရှည်​ရ​လိမ့်မည်”#ထွ 20:12၊ တရား 5:16။​ဟူသော​ကတိ​တော်​ပါ​သည့် ပထမ​ပညတ်​ချက်​ဖြစ်​၏။
4ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​ကို မခံမရပ်နိုင်​ဖြစ်​အောင် မ​ပြု​ကြ​နှင့်။ သခင်​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​ခြင်း​နှင့်​သတိပေး​ခြင်း​တို့​အတိုင်း သူ​တို့​ကို ပြုစု​ပျိုးထောင်​ကြ​လော့။
ကျွန်များနှင့်သခင်များ
5ကျွန်​ဖြစ်​သူ​တို့၊ ခရစ်တော်​ကို​နာခံ​သကဲ့သို့ ကြောက်ရွံ့​တုန်လှုပ်​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် သင်​တို့​၏​လောကီ​သခင်​များ​ကို နာခံ​ကြ​လော့။ 6မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ကျွန်​များ​ကဲ့သို့ စိတ်နှလုံး​ပါ​လျက် ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​ကာ 7လူ​တို့​ကို​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​အစေခံ​သကဲ့သို့ စေတနာ​စိတ်​ဖြင့် အစေခံ​ကြ​လော့။ 8ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​ပြု​သော​သူ​တိုင်း​သည် သခင်​ဘုရား​ထံမှ အကျိုး​ခံစားရ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။
9သခင်​တို့၊ သင်​တို့​သည်​လည်း ကျွန်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​လော့။ သူ​တို့​ကို​မ​ခြိမ်းခြောက်​ကြ​နှင့်။ သင်​တို့​နှင့်​သူ​တို့​၏​သခင်​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​၍ ထို​သခင်​သည် မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြောင်း သိမှတ်​ကြ​လော့။
ဘုရားသခင်၏လက်နက်စုံ
10နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။ 11သင်​တို့​သည် မာရ်နတ်​၏​လျှို့ဝှက်​သော​အကြံအစည်​များ​ကို ခုခံ​တားဆီး​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​လော့။ 12အကြောင်းမူကား ငါ​တို့​သည် အသွေး​အသား​ရှိ​သော​သူ​ကို ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်ချုပ်မှု​များ၊ အာဏာစက်​များ၊ ဤ​လောကီ​မှောင်မိုက်​ခြင်း​ကို အစိုးတရ​ပြု​သော​မင်း​များ၊ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့် ဆိုးညစ်​သော​ဝိညာဉ်​တန်ခိုး​များ​နှင့် ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။ 13ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။ 14သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ 15ခြေ​၌ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​အတွက် အသင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်တည်​ကြ​လော့။ 16ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။ 17ကယ်တင်​ခြင်း​သံခမောက်​နှင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​တည်းဟူသော ဝိညာဉ်​တော်​ဓား​ကို​လည်း ယူ​ကြ​လော့။ 18အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။
19ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ 20ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။
နှုတ်ဆက်စကား
21ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။ 22သူ့​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်သက်​သော​အရာ​များ​ကို သင်​တို့​သိရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်နှလုံး​ကို အားပေး​နိုင်​ရန်​ဖြစ်​၏။
23အဖ​ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်သက်​ခြင်း၊ ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​သည် ညီအစ်ကို​တို့​၌ တည်ရှိ​ပါစေသော။ 24ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို မ​ဖောက်ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အပေါင်း​တို့​အပေါ်​၌ ကျေးဇူး​တော်​သက်ရောက်​ပါစေ​သော။

လက်ရှိရွေးချယ်ထားမှု

ဧဖက်ဩဝါဒစာ 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။