YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 2

2
ခရစ်ယာန်၏နှိမ့်ချခြင်း
1ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင် 2တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။ 3မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။ 4သင်​တို့​တစ်ဦးစီ​သည် မိမိ​အကျိုး​ကို​သာ​မ​ကြည့်ရှု​ဘဲ သူတစ်ပါး​၏​အကျိုး​ကို​လည်း ကြည့်ရှု​ကြ​လော့။
ခရစ်တော်၏နှိမ့်ချခြင်းနှင့် ချီးမြှောက်ခံရခြင်း
5ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ 6ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ 7မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍ 8မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။ 9ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။ 10ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍ 11နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။
လောက၏အလင်းများ
12သို့ဖြစ်၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အစဉ်​နာခံ​ခဲ့​ကြ​သည့်​အတိုင်း ငါ​၏​မျက်မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယခု ငါ​နှင့်​ဝေးကွာ​သည့်​အခါ​၌​လည်း ပို၍​နာခံ​လျက် ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​ဖြင့် မိမိ​တို့​၏​ကယ်တင်​ခြင်း​ကို အကောင်အထည်ဖော်​ကြ​လော့။ 13အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။
14အရာ​ခပ်သိမ်း​ကို ညည်းညူ​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်ဆောင်​ကြ​လော့။ 15ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။ 16ထိုသို့အားဖြင့် ငါ​သည် အချည်းနှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အချည်းနှီး​အားထုတ်​လုပ်ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခရစ်တော်​၏​နေ့ရက်​၌ ဂုဏ်ယူ​ဝါကြွား​နိုင်​လိမ့်မည်။ 17ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။ 18ထိုနည်းတူ သင်​တို့​သည်​လည်း ဝမ်းမြောက်​ကြ​လော့။ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြ​လော့။
တိမောသေနှင့် ဧပဖြောဒိတ်
19ငါ​သည် သင်​တို့​အကြောင်း​ကို​ကြားသိ​၍ အားတက်​လာ​စေရန် တိမောသေ​ကို သင်​တို့​ထံသို့ မကြာမီ​စေလွှတ်​နိုင်​မည်​ဟု သခင်​ယေရှု​၌ ငါ​မျှော်လင့်​ထား​၏။ 20အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။ 21လူ​အပေါင်း​တို့​သည် ယေရှု​ခရစ်တော်​၏​အကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။ 22သို့သော် တိမောသေ​သည် ငါ​နှင့်အတူ သား​အဖ​ကဲ့သို့ ကောင်းမြတ်​သော​သတင်း​အတွက် အစေခံ​ခဲ့​သောကြောင့် သူ​၏​ရင့်ကျက်​သော​ပါရမီ​ကို သင်​တို့​သိ​ကြ​၏။ 23ထို့ကြောင့် ငါ​၏​အမှုကိစ္စ မည်သို့​ဖြစ်​မည်​ကို သိလျှင်သိချင်း သူ့​ကို​စေလွှတ်​နိုင်​မည်​ဟု ငါ​မျှော်လင့်​ထား​၏။ 24ငါ​ကိုယ်တိုင်​လည်း မကြာမီ​ရောက်လာ​နိုင်​မည်​ဟု သခင်​ဘုရား​၌ ငါ​ယုံကြည်​စိတ်ချ​၏။
25သို့သော် ငါ​၏​ညီ၊ ငါ​၏​လုပ်ဖော်ဆောင်ဖက်​နှင့် ရဲဘော်ရဲဘက်​ဖြစ်​သည့်​အပြင် ငါ​၏​လိုအပ်​ချက်​များ​ကို​ဖြည့်ဆည်း​ဆောင်ရွက်​ပေး​သော သင်​တို့​၏​စေတမန် ဧပဖြောဒိတ်​ကို သင်​တို့​ထံသို့​စေလွှတ်​ရန် လိုအပ်​သည်​ဟု ငါ​ယူဆ​၏။ 26အဘယ်ကြောင့်​ဆိုသော် သူ​သည် သင်​တို့​အားလုံး​ကို​လွမ်းဆွတ်​နေ​ပြီး သူ​နာမကျန်း​ဖြစ်​ကြောင်း သင်​တို့​ကြားသိ​ကြ​သည့်​အတွက် စိတ်ပူပန်​နေ​၏။ 27သူ​သည် အမှန်ပင် သေ​လုနီးပါး​နာမကျန်း​ဖြစ်​ခဲ့​၏။ သို့သော် ဘုရားသခင်​သည် သူ့​ကို​သနား​တော်မူ​လေ​ပြီ။ သူ့​ကို​သာ​မ​ဟုတ်​ဘဲ ငါ​၌ တစ်​ပူ​ပေါ်​တစ်​ပူ​ဆင့်​မ​ဖြစ်​ရ​လေ​အောင် ငါ့​ကို​လည်း သနား​တော်မူ​၏။ 28ထို့ကြောင့် သင်​တို့​သည် သူ့​ကို တစ်ဖန်​တွေ့မြင်​၍ ဝမ်းမြောက်​ကြ​စေရန်​နှင့် ငါ​သည်​လည်း စိတ်​သက်သာ​ရာ​ရ​စေရန် သူ့​ကို မဆိုင်းမတွ​ငါ​စေလွှတ်​၏။ 29သို့ဖြစ်၍ ဝမ်းမြောက်​ခြင်း​အပြည့်အဝ​ဖြင့် သခင်​ဘုရား​၌ သူ့​ကို​လက်ခံ​ကြ​လော့။ ဤသို့​သော​သူ​တို့​ကို ရိုသေလေးစား​ကြ​လော့။ 30အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ငါ့​ကို​ကူညီ​ထောက်မ​ရာ​၌ လိုအပ်​သည့်​အပိုင်း​ကို​ဖြည့်ဆည်း​ပေး​ရန် သူ​သည် မိမိ​အသက်​ကို​ပဓာန​မ​ထား​ဘဲ ခရစ်တော်​၏​အမှု​တော်​အတွက် သေ​လုနီးပါး​ဖြစ်​ခဲ့​၏။

လက်ရှိရွေးချယ်ထားမှု

ဖိလိပ္ပိသြဝါဒစာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။