တောလည်ရာကျမ်း 22
22
ဗာလက်မင်းကြီးက ဗာလမ်ကိုငှား၍ကျိန်ဆဲစေခြင်း
1အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြပြန်ရာ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်၌ စခန်းချကြ၏။ 2အာမောရိလူမျိုးတို့အား အစ္စရေးလူမျိုးတို့ပြုခဲ့သည့်အရာရှိသမျှကို ဇိဖော်၏သားဗာလက်မင်းကြီးသိမြင်၏။ 3အစ္စရေးလူမျိုးတို့များပြားသောကြောင့် မောဘလူမျိုးတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။ မောဘလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ကြရ၏။ 4ထို့ကြောင့် မောဘလူမျိုးတို့သည် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့အား “နွားသည် ကွင်းပြင်မှမြက်ကို လာစားသကဲ့သို့ ယခု ဤလူအစုအဝေးသည် ငါတို့ပတ်ပတ်လည်၌ရှိသမျှကို လာစားလိမ့်မည်”ဟု ဆိုလေ၏။ ထိုကာလ၌ ဇိဖော်၏သားဗာလက်သည် မောဘပြည်၏ဘုရင်ဖြစ်၏။ 5ဗာလက်မင်းကြီးသည် ယူဖရေးတီးမြစ်#22:5 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။အနီး မိမိအမျိုးသားချင်းတို့၏ပြည်ရှိ ပေသော်မြို့နေ ဗောရ၏သားဗာလမ်ကို ခေါ်ရန် စေတမန်တို့ကိုစေလွှတ်လျက် “လူမျိုးတစ်မျိုးသည် အီဂျစ်ပြည်မှထွက်လာ၍ မြေမျက်နှာတစ်ပြင်လုံးပျံ့နှံ့နေပြီ။ အကျွန်ုပ်အနား၌လည်း နေထိုင်ကြပြီ။ 6ဤလူမျိုးသည် အကျွန်ုပ်ထက်အင်အားကြီးသောကြောင့် ယခုလာ၍ အကျွန်ုပ်အတွက် သူတို့ကို ကျိန်ဆဲပါလော့။ အကျွန်ုပ်သည် သူတို့ကိုတိုက်ခိုက်၍ ဤပြည်ထဲမှ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်။ သင်ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရ၍ သင်ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းခံရသည်ကို အကျွန်ုပ်သိ၏”ဟု ဆင့်ဆိုစေ၏။
7မောဘလူမျိုးသက်ကြီးဝါကြီးတို့နှင့် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့သည်လည်း ဉာဏ်ပူဇော်ခကိုယူလျက် ထွက်သွားကြ၏။ ဗာလမ်ထံသို့ရောက်သောအခါ ဗာလက်မင်းကြီး၏စကားတို့ကို ဗာလမ်အား ပြောကြားကြ၏။ 8ဗာလမ်ကလည်း သူတို့အား “ဤနေရာတွင် ညအိပ်နားကြဦးလော့။ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင်တို့အား ငါပြန်ပြောမည်”ဟု ဆိုလေ၏။ သို့ဖြစ်၍ မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ဗာလမ်ထံ၌နေကြ၏။
9ဘုရားသခင်သည် ဗာလမ်ထံသို့ကြွလာ၍ “သင့်ထံရောက်နေသောဤလူတို့သည် မည်သူနည်း”ဟု မေးတော်မူ၏။
10ဗာလမ်ကလည်း ဘုရားသခင်အား “ဇိဖော်၏သား မောဘဘုရင်ဗာလက်မင်းကြီးသည် အကျွန်ုပ်ထံသို့ လူလွှတ်၍ 11လူမျိုးတစ်မျိုးသည် အီဂျစ်ပြည်မှ ထွက်လာ၍ မြေမျက်နှာတစ်ပြင်လုံးပျံ့နှံ့နေပြီ။ ယခုလာ၍ ငါ့အတွက် သူတို့ကိုကျိန်ဆဲပါလော့။ ငါသည် သူတို့ကို တိုက်ခိုက်၍ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်ဟု ဆိုပါ၏”ဟု ပြန်လျှောက်လေ၏။
12ဘုရားသခင်က ဗာလမ်အား “သင်သည် သူတို့နှင့်အတူ လိုက်မသွားရ။ ထိုလူမျိုးသည် ကောင်းချီးမင်္ဂလာခံရသောလူမျိုးဖြစ်၍ ထိုလူမျိုးကို မကျိန်ဆဲရ”ဟု မိန့်တော်မူ၏။
13နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ ဗာလက်မင်းကြီး၏မှူးမတ်တို့အား “သင်တို့ပြည်သို့ ပြန်သွားကြလော့။ သင်တို့နှင့်အတူလိုက်သွားရန် ထာဝရဘုရားသည် ငါ့အား အခွင့်ပေးတော်မမူ”ဟု ဆို၏။
14မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ထ၍ဗာလက်မင်းကြီးထံသို့ပြန်သွားပြီး “ဗာလမ်သည် အကျွန်ုပ်တို့နှင့်အတူလိုက်လာရန်ငြင်းဆန်ပါ၏”ဟု လျှောက်ကြ၏။
15ထိုအခါ ဗာလက်မင်းကြီးသည် ယခင်ကထက် အရေအတွက်များ၍ဂုဏ်သရေရှိသော အကြီးအကဲတို့ကို တစ်ဖန်စေလွှတ်ပြန်၏။ 16ထိုသူတို့သည် ဗာလမ်ထံသို့ရောက်လာ၍ “ဇိဖော်၏သားဗာလက်မင်းကြီးက ‘သင်သည် အကျွန်ုပ်ထံသို့လာရန် မည်သည့်အတားအဆီးမျှမရှိပါစေနှင့်။ 17အကျွန်ုပ်သည် သင့်ကို များစွာဂုဏ်ပြုချီးမြှောက်ပါမည်။ သင်ပြောသမျှကိုလည်း ငါပြုပါမည်။ ယခု လာ၍ အကျွန်ုပ်အတွက် ဤလူမျိုးကို ကျိန်ဆဲပါလော့’ဟူ၍ မှာကြားသည်”ဟု ဆိုကြ၏။
18သို့သော် ဗာလမ်က ဗာလက်မင်းကြီး၏အစေအပါးတို့အား “ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ငါ၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ငယ်သောအမှုကိုဖြစ်စေ၊ ကြီးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။ 19ထာဝရဘုရားသည် ငါ့အား မည်သို့ထပ်၍မိန့်တော်မူမည်ကို ငါသိမည့်အကြောင်း သင်တို့သည် ဤနေရာတွင် ညအိပ်နားကြဦးလော့”ဟု ဆို၏။
20ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။ 21နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ မိမိ၏မြည်းကိုကုန်းနှီးတင်ပြီးလျှင် မောဘလူမျိုးတို့၏အကြီးအကဲတို့နှင့်အတူ လိုက်သွားလေ၏။
ဗာလမ်၏မြည်းနှင့်ကောင်းကင်တမန်
22သို့သော် ဗာလမ်လိုက်သွားသောကြောင့် ဘုရားသခင်သည် အမျက်ထွက်၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုတားဆီးရန် လမ်း၌ရပ်နေ၏။ ဗာလမ်သည် မြည်းကိုစီးလျက် မိမိ၏ငယ်သားနှစ်ယောက်နှင့်အတူ သွားစဉ်တွင် 23ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက် လမ်း၌ရပ်နေသည်ကို မြည်းသည် မြင်၍ လမ်းမှလွှဲပြီး လယ်ထဲသို့ ဆင်းသွားလေ၏။ ဗာလမ်သည် မြည်းကို လမ်းပေါ်သို့ပြန်တက်ရန် ရိုက်လေ၏။ 24ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် စပျစ်ခြံ၏ခြံစည်းရိုးနှစ်ခုကြားရှိ လမ်းကျဉ်း၌ ရပ်နေ၏။ 25မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ခြံစည်းရိုးနံရံတစ်ဘက်ကိုကပ်သဖြင့် ဗာလမ်၏ခြေထောက်သည် ခြံစည်းရိုးနံရံဖြင့်ညှပ်မိ၏။ ထို့ကြောင့် ဗာလမ်သည် မြည်းကို ရိုက်ပြန်၏။ 26ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှေ့မှကြိုသွား၍ လက်ယာဘက်၊ လက်ဝဲဘက်သို့လှည့်၍မရနိုင်သည့် ကျဉ်းမြောင်းသောနေရာ၌ ရပ်နေပြန်၏။ 27မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ဝပ်ချလေ၏။ ဗာလမ်သည် အမျက်ထွက်၍ မြည်းကိုတောင်ဝှေးဖြင့် ရိုက်ပြန်၏။
28ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူသဖြင့် မြည်းက ဗာလမ်အား “ငါမည်သို့ပြုမိသဖြင့် သင်သည် ငါ့ကို ဤသို့သုံးကြိမ်ရိုက်ရသနည်း”ဟု မေးလျှင် 29ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။ 30မြည်းကလည်း ဗာလမ်အား “ငါသည် ယနေ့အထိ သင်အစဉ်အမြဲစီးသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ ငါသည် သင့်အား ဤသို့ပြုလေ့ရှိသလော”ဟု ဆိုသော် ဗာလမ်က “မရှိပါ”ဟု ဆို၏။ 31ထိုအခါ ထာဝရဘုရားသည် ဗာလမ်၏မျက်စိကို ဖွင့်တော်မူသဖြင့် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက်လမ်း၌ရပ်နေသည်ကို ဗာလမ်မြင်၍ ဦးညွှတ်ပျပ်ဝပ်လေ၏။ 32ထာဝရဘုရား၏ကောင်းကင်တမန်က ဗာလမ်အား “သင်သည် မည်သည့်အတွက်ကြောင့် သင်၏မြည်းကို ဤသို့သုံးကြိမ်ရိုက်ရသနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သင့်ကိုတားဆီးရန် ငါလာ၏။ 33မြည်းသည် ငါ့ကိုမြင်သဖြင့် သုံးကြိမ်တိုင်တိုင် ငါ့ထံမှလွှဲရှောင်ခဲ့၏။ ထိုသို့ ငါ့ထံမှမလွှဲရှောင်ခဲ့လျှင် အကယ်စင်စစ် မြည်းကိုအသက်ချမ်းသာခွင့်ပေးပြီး သင့်ကိုငါကွပ်မျက်ပြီ”ဟု ဆိုလေ၏။
34ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။ 35ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း ဗာလမ်အား “ဤလူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါပြောသောစကားအတိုင်းသာ သင်ပြန်ပြောရမည်”ဟု ဆို၏။ သို့ဖြစ်၍ ဗာလမ်သည် ဗာလက်မင်းကြီး၏မှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။ 36ဗာလက်မင်းကြီးသည် ဗာလမ်လာကြောင်းကြားသောအခါ မိမိနယ်မြေအစွန်အဖျား၊ အာနုန်ချောင်းအနီးရှိ မောဘပြည်၏မြို့တစ်မြို့၌ သူနှင့်တွေ့ဆုံရန် ထွက်လာ၏။ 37ဗာလက်မင်းကြီးက ဗာလမ်အား “အကျွန်ုပ်သည် သင့်ထံသို့ လူအထပ်ထပ်စေလွှတ်၍ ခေါ်စေသည်မဟုတ်လော။ အဘယ်ကြောင့် သင်မလာသနည်း။ အကျွန်ုပ်သည် သင့်ကို ဂုဏ်မပြုနိုင်သလော”ဟု ဆို၏။
38ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။ 39ထို့နောက် ဗာလမ်သည် ဗာလက်မင်းကြီးနှင့်အတူလိုက်သွား၍ ကိရယဿုဇုတ်မြို့သို့ရောက်ကြ၏။ 40ဗာလက်မင်းကြီးသည် နွားနှင့်သိုးတို့ကိုပူဇော်ပြီး ဗာလမ်နှင့် မိမိမှူးမတ်တို့ထံ ပေးပို့လေ၏။ 41နောက်တစ်နေ့နံနက်တွင် ဗာလက်မင်းကြီးသည် ဗာလမ်ကိုခေါ်၍ ဗာမုတ်ဗာလကုန်းမြင့်ပေါ်သို့တက်သွားကြ၏။ ထိုနေရာမှ အစ္စရေးလူမျိုးတို့၏တပ်စခန်းအစွန်အဖျားကို တွေ့မြင်ရ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative