YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 22

22
ဗာလက်မင်းကြီးက ဗာလမ်ကိုငှား၍ကျိန်ဆဲစေခြင်း
1အစ္စရေး​အမျိုးသား​တို့​သည် ခရီးပြု​ကြ​ပြန်​ရာ ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး မောဘ​လွင်ပြင်​၌ စခန်းချ​ကြ​၏​။ 2အာမောရိ​လူမျိုး​တို့​အား အစ္စရေး​လူမျိုး​တို့​ပြု​ခဲ့​သည့်​အရာ​ရှိသမျှ​ကို ဇိဖော်​၏​သား​ဗာလက်​မင်းကြီး​သိမြင်​၏​။ 3အစ္စရေး​လူမျိုး​တို့​များပြား​သောကြောင့် မောဘ​လူမျိုး​တို့​သည် အလွန်​ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ မောဘ​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။ 4ထို့ကြောင့် မောဘ​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​သက်ကြီးဝါကြီး​တို့​အား “​နွား​သည် ကွင်းပြင်​မှ​မြက်​ကို လာ​စား​သကဲ့သို့ ယခု ဤ​လူအစုအဝေး​သည် ငါ​တို့​ပတ်ပတ်လည်​၌​ရှိသမျှ​ကို လာ​စား​လိမ့်မည်​”​ဟု ဆို​လေ​၏​။ ထို​ကာလ​၌ ဇိဖော်​၏​သား​ဗာလက်​သည် မောဘ​ပြည်​၏​ဘုရင်​ဖြစ်​၏​။ 5ဗာလက်​မင်းကြီး​သည် ယူဖရေးတီး​မြစ်#22:5 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​အနီး မိမိ​အမျိုးသားချင်း​တို့​၏​ပြည်​ရှိ ပေသော်​မြို့​နေ ဗောရ​၏​သား​ဗာလမ်​ကို ခေါ်​ရန် စေတမန်​တို့​ကို​စေလွှတ်​လျက် “​လူမျိုး​တစ်​မျိုး​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​၍ မြေ​မျက်နှာ​တစ်ပြင်လုံး​ပျံ့နှံ့​နေ​ပြီ​။ အကျွန်ုပ်​အနား​၌​လည်း နေထိုင်​ကြ​ပြီ​။ 6ဤ​လူမျိုး​သည် အကျွန်ုပ်​ထက်​အင်အားကြီး​သောကြောင့် ယခု​လာ​၍ အကျွန်ုပ်​အတွက် သူ​တို့​ကို ကျိန်ဆဲ​ပါ​လော့​။ အကျွန်ုပ်​သည် သူ​တို့​ကို​တိုက်ခိုက်​၍ ဤ​ပြည်​ထဲမှ နှင်ထုတ်​နိုင်​ကောင်း​နှင်ထုတ်​နိုင်​လိမ့်မည်​။ သင်​ကောင်းချီးပေး​သော​သူ​သည် ကောင်းချီးခံစား​ရ​၍ သင်​ကျိန်ဆဲ​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​သည်​ကို အကျွန်ုပ်​သိ​၏​”​ဟု ဆင့်ဆို​စေ​၏​။
7မောဘ​လူမျိုး​သက်ကြီးဝါကြီး​တို့​နှင့် မိဒျန်​လူမျိုး​သက်ကြီးဝါကြီး​တို့​သည်​လည်း ဉာဏ်ပူဇော်ခ​ကို​ယူ​လျက် ထွက်သွား​ကြ​၏​။ ဗာလမ်​ထံသို့​ရောက်​သောအခါ ဗာလက်​မင်းကြီး​၏​စကား​တို့​ကို ဗာလမ်​အား ပြောကြား​ကြ​၏​။ 8ဗာလမ်​က​လည်း သူ​တို့​အား “​ဤ​နေရာ​တွင် ည​အိပ်နား​ကြ​ဦး​လော့​။ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သင်​တို့​အား ငါ​ပြန်ပြော​မည်​”​ဟု ဆို​လေ​၏​။ သို့ဖြစ်၍ မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​သည် ဗာလမ်​ထံ၌​နေ​ကြ​၏​။
9ဘုရားသခင်​သည် ဗာလမ်​ထံသို့​ကြွလာ​၍ “​သင့်​ထံ​ရောက်​နေ​သော​ဤ​လူ​တို့​သည် မည်သူ​နည်း​”​ဟု မေး​တော်မူ​၏​။
10ဗာလမ်​က​လည်း ဘုရားသခင်​အား “​ဇိဖော်​၏​သား မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် အကျွန်ုပ်​ထံသို့ လူ​လွှတ်​၍ 11လူမျိုး​တစ်​မျိုး​သည် အီဂျစ်​ပြည်​မှ ထွက်လာ​၍ မြေ​မျက်နှာ​တစ်ပြင်လုံး​ပျံ့နှံ့​နေ​ပြီ​။ ယခု​လာ​၍ ငါ့​အတွက် သူ​တို့​ကို​ကျိန်ဆဲ​ပါ​လော့​။ ငါ​သည် သူ​တို့​ကို တိုက်ခိုက်​၍ နှင်ထုတ်​နိုင်​ကောင်း နှင်ထုတ်​နိုင်​လိမ့်မည်​ဟု ဆို​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။
12ဘုရားသခင်​က ဗာလမ်​အား “​သင်​သည် သူ​တို့​နှင့်အတူ လိုက်​မ​သွား​ရ​။ ထို​လူမျိုး​သည် ကောင်းချီးမင်္ဂလာ​ခံရ​သော​လူမျိုး​ဖြစ်၍ ထို​လူမျိုး​ကို မ​ကျိန်ဆဲ​ရ”​ဟု မိန့်​တော်မူ​၏​။
13နံနက်​ရောက်​လျှင် ဗာလမ်​သည် ထ​၍ ဗာလက်​မင်းကြီး​၏​မှူးမတ်​တို့​အား “​သင်​တို့​ပြည်​သို့ ပြန်သွား​ကြ​လော့​။ သင်​တို့​နှင့်အတူ​လိုက်သွား​ရန် ထာဝရဘုရား​သည် ငါ့​အား အခွင့်ပေး​တော်​မ​မူ​”​ဟု ဆို​၏​။
14မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​သည် ထ​၍​ဗာလက်​မင်းကြီး​ထံသို့​ပြန်သွား​ပြီး “​ဗာလမ်​သည် အကျွန်ုပ်​တို့​နှင့်အတူ​လိုက်လာ​ရန်​ငြင်းဆန်​ပါ​၏​”​ဟု လျှောက်​ကြ​၏​။
15ထိုအခါ ဗာလက်​မင်းကြီး​သည် ယခင်က​ထက် အရေအတွက်များ​၍​ဂုဏ်သရေရှိ​သော အကြီးအကဲ​တို့​ကို တစ်ဖန်​စေလွှတ်​ပြန်​၏​။ 16ထို​သူ​တို့​သည် ဗာလမ်​ထံသို့​ရောက်လာ​၍ “​ဇိဖော်​၏​သား​ဗာလက်​မင်းကြီး​က ‘​သင်​သည် အကျွန်ုပ်​ထံသို့​လာ​ရန် မည်သည့်​အတားအဆီး​မျှ​မ​ရှိ​ပါစေ​နှင့်​။ 17အကျွန်ုပ်​သည် သင့်​ကို များစွာ​ဂုဏ်ပြုချီးမြှောက်​ပါ​မည်​။ သင်​ပြော​သမျှ​ကို​လည်း ငါ​ပြု​ပါ​မည်​။ ယခု လာ​၍ အကျွန်ုပ်​အတွက် ဤ​လူမျိုး​ကို ကျိန်ဆဲ​ပါ​လော့​’​ဟူ၍ မှာကြား​သည်​”​ဟု ဆို​ကြ​၏​။
18သို့သော် ဗာလမ်​က ဗာလက်​မင်းကြီး​၏​အစေအပါး​တို့​အား “​ဗာလက်​မင်းကြီး​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော သူ​၏​နန်းတော်​ကို ငါ့​အား​ပေး​လျှင်လည်း ငါ​သည် ငါ​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​လွန်ဆန်​၍ ငယ်​သော​အမှု​ကို​ဖြစ်စေ​၊ ကြီး​သော​အမှု​ကို​ဖြစ်စေ ငါ​မ​ပြု​ဝံ့​။ 19ထာဝရဘုရား​သည် ငါ့​အား မည်သို့​ထပ်၍​မိန့်​တော်မူ​မည်​ကို ငါ​သိ​မည့်​အကြောင်း သင်​တို့​သည် ဤ​နေရာ​တွင် ည​အိပ်နား​ကြ​ဦး​လော့​”​ဟု ဆို​၏​။
20ညအချိန်​၌ ဘုရားသခင်​သည် ဗာလမ်​ထံသို့​လာ​၍ “​ဤ​လူ​တို့​သည် သင့်​ကို​ခေါ်​ရန်​လာ​ခြင်း​ဖြစ်လျှင် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လော့​။ သို့ရာတွင် သင့်​အား ငါ​မိန့်ဆို​သော​အရာ​ကို​သာ သင်​ပြု​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 21နံနက်​ရောက်​လျှင် ဗာလမ်​သည် ထ​၍ မိမိ​၏​မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​နှင့်အတူ လိုက်သွား​လေ​၏​။
ဗာလမ်၏မြည်းနှင့်ကောင်းကင်တမန်
22သို့သော် ဗာလမ်​လိုက်သွား​သောကြောင့် ဘုရားသခင်​သည် အမျက်ထွက်​၍ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ့​ကို​တားဆီး​ရန် လမ်း​၌​ရပ်​နေ​၏​။ ဗာလမ်​သည် မြည်း​ကို​စီး​လျက် မိမိ​၏​ငယ်သား​နှစ်​ယောက်​နှင့်အတူ သွား​စဉ်တွင် 23ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်​လျက် လမ်း​၌​ရပ်​နေ​သည်​ကို မြည်း​သည် မြင်​၍ လမ်း​မှ​လွှဲ​ပြီး လယ်​ထဲသို့ ဆင်းသွား​လေ​၏​။ ဗာလမ်​သည် မြည်း​ကို လမ်း​ပေါ်သို့​ပြန်တက်​ရန် ရိုက်​လေ​၏​။ 24ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် စပျစ်ခြံ​၏​ခြံစည်းရိုး​နှစ်​ခု​ကြား​ရှိ လမ်းကျဉ်း​၌ ရပ်​နေ​၏​။ 25မြည်း​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မြင်​သောအခါ ခြံစည်းရိုး​နံရံ​တစ်ဘက်​ကို​ကပ်​သဖြင့် ဗာလမ်​၏​ခြေထောက်​သည် ခြံစည်းရိုး​နံရံ​ဖြင့်​ညှပ်​မိ​၏​။ ထို့ကြောင့် ဗာလမ်​သည် မြည်း​ကို ရိုက်​ပြန်​၏​။ 26ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရှေ့​မှ​ကြို​သွား​၍ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​လှည့်​၍​မ​ရ​နိုင်​သည့် ကျဉ်းမြောင်း​သော​နေရာ​၌ ရပ်​နေ​ပြန်​၏​။ 27မြည်း​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မြင်​သောအခါ ဝပ်ချ​လေ​၏​။ ဗာလမ်​သည် အမျက်ထွက်​၍ မြည်း​ကို​တောင်ဝှေး​ဖြင့် ရိုက်​ပြန်​၏​။
28ထိုအခါ ထာဝရဘုရား​သည် မြည်း​၏​နှုတ်​ကို​ဖွင့်​တော်မူ​သဖြင့် မြည်း​က ဗာလမ်​အား “​ငါ​မည်သို့​ပြု​မိ​သဖြင့် သင်​သည် ငါ့​ကို ဤသို့​သုံး​ကြိမ်​ရိုက်​ရ​သနည်း​”​ဟု မေး​လျှင် 29ဗာလမ်​က မြည်း​အား “​သင်​သည် ငါ့​ကို မထီလေးစား​ပြု​ပါ​သည်​တကား​။ ငါ့​လက်​ထဲ၌​ဓား​ရှိ​လျှင် ယခုပင် သင့်​ကို​ငါ​သတ်​ပြီ​”​ဟု ဆို​၏​။ 30မြည်း​က​လည်း ဗာလမ်​အား “​ငါ​သည် ယနေ့​အထိ သင်​အစဉ်အမြဲ​စီး​သော သင်​၏​မြည်း​ဖြစ်​သည်​မ​ဟုတ်​လော​။ ငါ​သည် သင့်​အား ဤသို့​ပြု​လေ့​ရှိ​သလော​”​ဟု ဆို​သော် ဗာလမ်​က “​မ​ရှိ​ပါ​”​ဟု ဆို​၏​။ 31ထိုအခါ ထာဝရဘုရား​သည် ဗာလမ်​၏​မျက်စိ​ကို ဖွင့်​တော်မူ​သဖြင့် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်​လျက်​လမ်း​၌​ရပ်​နေ​သည်​ကို ဗာလမ်​မြင်​၍ ဦးညွှတ်​ပျပ်ဝပ်​လေ​၏​။ 32ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဗာလမ်​အား “​သင်​သည် မည်သည့်​အတွက်​ကြောင့် သင်​၏​မြည်း​ကို ဤသို့​သုံး​ကြိမ်​ရိုက်​ရ​သနည်း​။ သင်​သွား​သော​လမ်း​သည် ငါ​နှင့်​ဆန့်ကျင်ဘက်​ဖြစ်​သောကြောင့် သင့်​ကို​တားဆီး​ရန် ငါ​လာ​၏​။ 33မြည်း​သည် ငါ့​ကို​မြင်​သဖြင့် သုံး​ကြိမ်​တိုင်တိုင် ငါ့​ထံ​မှ​လွှဲရှောင်​ခဲ့​၏​။ ထိုသို့ ငါ့​ထံ​မှ​မ​လွှဲရှောင်​ခဲ့​လျှင် အကယ်စင်စစ် မြည်း​ကို​အသက်ချမ်းသာ​ခွင့်​ပေး​ပြီး သင့်​ကို​ငါ​ကွပ်မျက်​ပြီ​”​ဟု ဆို​လေ​၏​။
34ထိုအခါ ဗာလမ်​က ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​အကျွန်ုပ်​ပြစ်မှား​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆီးတား​ရန် လမ်း​၌​ရပ်​နေ​သည်​ကို အကျွန်ုပ်​မ​သိ​ပါ​။ ကိုယ်တော်​မနှစ်မြို့​လျှင် အကျွန်ုပ်​ပြန်သွား​ပါ​မည်​”​ဟု လျှောက်​လေ​၏​။ 35ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း ဗာလမ်​အား “​ဤ​လူ​တို့​နှင့်အတူ​လိုက်သွား​လော့​။ သို့ရာတွင် သင့်​အား ငါ​ပြော​သော​စကား​အတိုင်း​သာ သင်​ပြန်ပြော​ရ​မည်​”​ဟု ဆို​၏​။ သို့ဖြစ်၍ ဗာလမ်​သည် ဗာလက်​မင်းကြီး​၏​မှူးမတ်​တို့​နှင့်အတူ လိုက်သွား​လေ​၏​။ 36ဗာလက်​မင်းကြီး​သည် ဗာလမ်​လာ​ကြောင်း​ကြား​သောအခါ မိမိ​နယ်မြေ​အစွန်အဖျား​၊ အာနုန်​ချောင်း​အနီး​ရှိ မောဘ​ပြည်​၏​မြို့​တစ်​မြို့​၌ သူ​နှင့်​တွေ့ဆုံ​ရန် ထွက်လာ​၏​။ 37ဗာလက်​မင်းကြီး​က ဗာလမ်​အား “​အကျွန်ုပ်​သည် သင့်​ထံသို့ လူ​အထပ်ထပ်​စေလွှတ်​၍ ခေါ်​စေ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် သင်​မ​လာ​သနည်း​။ အကျွန်ုပ်​သည် သင့်​ကို ဂုဏ်​မ​ပြု​နိုင်​သလော​”​ဟု ဆို​၏​။
38ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ယခု သင့်​ထံသို့​ငါ​ရောက်လာ​ပြီ​။ သို့သော် ငါ​သည် တစ်စုံတစ်ရာ ပြော​ခွင့်​ရှိ​သလော​။ ငါ့​နှုတ်​၌ ဘုရားသခင်​သွင်းပေး​သည့်​စကား​ကို​သာ ငါ​ပြော​ရ​မည်​”​ဟု ပြန်ပြော​လေ​၏​။ 39ထို့နောက် ဗာလမ်​သည် ဗာလက်​မင်းကြီး​နှင့်အတူ​လိုက်သွား​၍ ကိရယဿုဇုတ်​မြို့​သို့​ရောက်​ကြ​၏​။ 40ဗာလက်​မင်းကြီး​သည် နွား​နှင့်​သိုး​တို့​ကို​ပူဇော်​ပြီး ဗာလမ်​နှင့် မိမိ​မှူးမတ်​တို့​ထံ ပေးပို့​လေ​၏​။ 41နောက်တစ်နေ့​နံနက်​တွင် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို​ခေါ်​၍ ဗာမုတ်ဗာလ​ကုန်းမြင့်​ပေါ်သို့​တက်သွား​ကြ​၏​။ ထို​နေရာ​မှ အစ္စရေး​လူမျိုး​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို တွေ့မြင်​ရ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ