YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 26

26
ယေရှုကိုသတ်ရန်ကြံစည်ကြခြင်း
1ယေရှု​သည် ဤ​တရား​စကား​အားလုံး​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ တပည့်​တော်​တို့​အား 2“ပသခါ​ပွဲတော်​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​သည်​ကို သင်​တို့​သိ​ကြ​၏။ ထိုအခါ လူ့သား​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
3ထို​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​သည် ကယာဖ​ဟု​ခေါ်​သော ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲ၌ စုဝေး​လျက် 4ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။ 5သို့သော် သူ​တို့​က “လူထု​ကြား​ထဲတွင် ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။
ဗေသနိရွာတွင် ခေါင်းတော်ပေါ်သို့ ဆီမွှေးသွန်းလောင်းခြင်း
6ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​၌ ယေရှု​ရှိ​တော်မူ​စဉ် 7အလွန်​တန်ဖိုးကြီး​သော​ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ပါ​သော အမျိုးသမီး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ စားပွဲ​၌​ထိုင်​နေ​သော ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ထို​ဆီမွှေး​ကို သွန်းလောင်း​လေ​၏။
8တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤသို့​ဖြုန်းတီး​ရ​သနည်း။ 9ဤ​ဆီမွှေး​ကို အဖိုး​များစွာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု ဆို​ကြ​၏။ 10ယေရှု​သည် သိ​တော်မူ​၍“ဤ​အမျိုးသမီး​ကို အဘယ်ကြောင့် နှောင့်ယှက်​ကြ​သနည်း။ အမှန်စင်စစ် သူ​သည် ငါ့​အတွက် ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။ 11အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​နှင့်အတူ အစဉ်​ရှိ​ကြ​၏။ ငါ​မူကား သင်​တို့​နှင့်အတူ အစဉ်​ရှိ​သည်​မ​ဟုတ်။ 12ဤ​အမျိုးသမီး​သည် ဆီမွှေး​ကို ငါ့​ကိုယ်​ပေါ်၌ သွန်းလောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်ဆင်​ခြင်း​ဖြစ်​၏။ 13သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
14ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့​သွား​၍ 15“ယေရှု​ကို သင်​တို့​လက်​သို့​အပ်နှံ​လျှင် သင်​တို့​သည် အကျွန်ုပ်​အား ငွေ​မည်မျှ​ပေး​မည်နည်း”​ဟု ဆို​သော် သူ​တို့​သည် ယုဒ​အား ငွေဒင်္ဂါး​သုံးဆယ်​ကို သတ်မှတ်​ပေး​ကြ​၏။ 16ထို​အချိန်​မှစ၍ ယုဒ​သည် ကိုယ်တော်​ကို​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။
ပသခါပွဲတော်ညစာစားပွဲ
17တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​၍ “ပသခါ​ပွဲတော်​ညစာ​ကို ကိုယ်တော်​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​၌ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 18ကိုယ်တော်​က​လည်း“မြို့​ထဲသို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အချိန်​နီး​ပြီ။ ပသခါ​ပွဲတော်​ကို သင့်​ထံ၌ ငါ​၏​တပည့်​များ​နှင့်အတူ​ကျင်းပ​မည်’​ဟူ၍ ဆရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ 19ထို့ကြောင့် တပည့်​တော်​တို့​သည် မိမိ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီး ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။ 20ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။
21သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​အထဲမှ​တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 22ထိုအခါ တပည့်​တော်​တို့​သည် အလွန်​စိတ်မကောင်း​ဖြစ်​ကြ​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ဦး​ပြီး​တစ်ဦး​မေးလျှောက်​ကြ​၏။ 23ကိုယ်တော်​က​လည်း“ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်။ 24လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
25ထိုအခါ ကိုယ်တော်​ကို​အပ်နှံ​တော့​မည့်​ယုဒ​က “ရဗ္ဗိ၊ အကျွန်ုပ်​လော”​ဟု မေးလျှောက်​သော် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။
ပထမဆုံးပွဲတော်မင်္ဂလာ
26ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား​ပေး​လျက်“ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
27ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား​ပေး​လျက်“သင်​တို့​အားလုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။ 28ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။ 29သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခမည်းတော်​၏​နိုင်ငံ​တော်​၌ သင်​တို့​နှင့်အတူ​အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် ယခု​မှစ၍ စပျစ်​သီး​မှ​ဖြစ်​သော​ဤ​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
30ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။
ပေတရုငြင်းပယ်မည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
31ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’#ဇာ 13:7။ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။ 32သို့သော် ငါ​သည် ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက် အလျင်​ဦးစွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်မူ​၏။ 33ထိုအခါ ပေတရု​က “ကိုယ်တော်​ကြောင့် အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်လျှောက်​လေ​၏။ 34ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 35ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။
ဂေသရှေမန်ဥယျာဉ်၌ဆုတောင်းတော်မူခြင်း
36ထို့နောက် ယေရှု​သည် သူ​တို့​နှင့်အတူ ဂေသရှေမန်​ဟု​ခေါ်​သော​အရပ်​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“ငါ​သည် ထို​နေရာ​သို့​သွား​၍ ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် 37ပေတရု​နှင့် ဇေဗေဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ခြင်း​နှင့်​စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် 38“ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
39ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက်“အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။
40ထို့နောက် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“သင်​တို့​သည် တစ်​နာရီ​မျှ ငါ​နှင့်အတူ သတိ​နှင့်​မ​စောင့်​နိုင်​ကြ​သလော။ 41ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။
42တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍“အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။
43ထို့နောက် တစ်ဖန်​ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် 44သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန်​ကြွသွား​လျက် အထက်​က တောင်းလျှောက်​ခဲ့​သည့်​အတိုင်း တတိယ​အကြိမ် ထပ်၍​ဆုတောင်း​တော်မူ​၏။
45ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ 46ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။
ယုဒ၏အနမ်း
47ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။ 48ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ 49ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ 50ယေရှု​က​လည်း“အဆွေ၊ သင်​လာ​သည့်​အကြောင်း​ကိစ္စ​ကို​ဆောင်ရွက်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ချဉ်းကပ်​၍ ယေရှု​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ 51ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။
52ယေရှု​က​လည်း ထို​သူ​အား“သင်​၏​ဓား​ကို သူ့​နေရာ​၌​ပြန်ထား​လော့။ အကြောင်းမူကား ဓား​ကိုင်​သော​သူ​အားလုံး​တို့​သည် ဓား​ဖြင့်​ပျက်စီး​ရ​လိမ့်မည်။ 53ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။ 54သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ 55ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ 56သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။
တရားလွှတ်တော်သို့ရောက်တော်မူခြင်း
57ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ 58ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။
59ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။ 60မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ များစွာ​လာ​ကြ​သော်လည်း မည်သည့်​အထောက်အထား​မျှ​မ​တွေ့​ရ​ကြ။ နောက်ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍ 61“ဤ​သူ​က ‘ငါ​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း ပြန်လည်​တည်ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ၍ ထွက်ဆို​ကြ​၏။
62ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်​၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ကိုယ်တော်​အား​မေး​လေ​၏။ 63သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။
64ယေရှု​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု ပြန်၍​မိန့်​တော်မူ​၏။
65ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။ 66သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေဒဏ်​ခံထိုက်​၏”​ဟု ပြန်ပြော​ကြ​၏။
67ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက် 68“အချင်း​ခရစ်တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။
ယေရှုကိုပေတရုငြင်းပယ်ခြင်း
69ပေတရု​မူကား အိမ်​အပြင် ခြံဝင်း​အတွင်း​၌ ထိုင်​နေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ 70သို့သော် ပေတရု​က “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု အားလုံး​ရှေ့​တွင် ငြင်းဆို​လေ​၏။
71ထို့နောက် ဝင်း​တံခါး​ဘက်​သို့​ထွက်သွား​ရာ အခြား​အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သဖြင့် ထို​နေရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ 72ပေတရု​က​လည်း “ထို​လူ​ကို​ငါ​မ​သိ”​ဟု တစ်ဖန်​ကျိန်တွယ်​လျက် ငြင်းဆို​လေ​၏။
73ထို့နောက် ခဏ​ကြာ​လျှင် အနီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေတရု​ထံသို့ ချဉ်းကပ်​လာ​၍ “အမှန်စင်စစ် သင်​သည်​လည်း ထို​သူ​တို့​အထဲမှ​တစ်​ယောက်​ဖြစ်​သည်။ အကြောင်းမူကား သင်​၏​ပြောဆို​ပုံ​သည် သင့်​ကို သိသာ​ထင်ရှား​စေ​သည်”​ဟု ဆို​ကြ​၏။ 74ပေတရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်တည်​၍ ကျိန်ဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။
75ထိုအခါ ပေတရု​သည်“ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သည့်​စကား​ကို သတိရ​သဖြင့် အပြင်​သို့​ထွက်​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။