YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 27

27
ယေရှုကို ပိလတ်မင်းထံခေါ်ဆောင်သွားကြခြင်း
1မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။ 2ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။
ယုဒသည် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း
3ကိုယ်တော်​ကို​အပ်နှံ​သော​ယုဒ​သည် ကိုယ်တော်​ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ကြောင်း​တွေ့မြင်​လျှင် စိတ်မကောင်း​ဖြစ်​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​ထံ ငွေဒင်္ဂါး​သုံးဆယ်​ကို​ပြန်​ပေး​လျက် 4“အကျွန်ုပ်​သည် အပြစ်ကင်း​သော​သူ​၏​သွေး​ကို​အပ်နှံ​ပြီး အပြစ်​ပြု​မိ​ပါ​ပြီ”​ဟု ဆို​၏။ သို့သော် ထို​သူ​တို့​က “ငါ​တို့​နှင့် မည်သို့​ဆိုင်​သနည်း။ ကိုယ့်​အမှု​ကို ကိုယ်​ဖြေရှင်း​လော့”​ဟု ဆို​ကြ​၏။
5ထိုအခါ သူ​သည် ထို​ငွေ​ကို ဗိမာန်​တော်​ထဲ၌​ပစ်ချ​ပြီး ထွက်သွား​လေ​၏။ ထို့နောက် အခြား​သို့​သွား​၍ ကြိုးဆွဲချ​သေ​လေ​၏။
6ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​ငွေ​များ​ကို​ယူ​၍ “သွေး​ဖိုး​ငွေ​ဖြစ်​သောကြောင့် ဘဏ္ဍာတိုက်​ထဲသို့​မ​သွင်း​အပ်”​ဟု ဆို​လျက် 7တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ သူစိမ်း​ဧည့်သည်​တို့​၏​သင်္ချိုင်း​အတွက် အိုးထိန်းသည်​၏​မြေယာ​ကို ထို​ငွေ​ဖြင့်​ဝယ်ယူ​ကြ​၏။ 8ထို့ကြောင့် ထို​မြေယာ​ကို ယနေ့​တိုင်အောင် သွေး​မြေ​ဟု​ခေါ်တွင်​ကြ​၏။ 9-10ထိုအခါ “သူ​တို့​သည် တန်ဖိုးဖြတ်​ခြင်း​ခံရ​သော​သူ​၏​အဖိုးငွေ​တည်းဟူသော အစ္စရေး​အမျိုးသား​တို့​တန်ဖိုးဖြတ်​ထား​သည့် ငွေဒင်္ဂါး​သုံးဆယ်​ကို​ယူ​၍ အကျွန်ုပ်​အား ထာဝရ​ဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အိုးထိန်းသည်​၏​မြေယာ​အတွက် ထို​ငွေ​တို့​ကို​ပေး​ကြ​၏”#ဇာ 11:12-13။​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​ခဲ့​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။
ဘုရင်ခံထံရောက်ရှိတော်မူခြင်း
11ယေရှု​သည် ဘုရင်ခံ​ရှေ့၌ ရပ်​တော်မူ​ရာ ဘုရင်ခံ​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။
12သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​စွပ်စွဲ​ခြင်း​ကို​ခံရ​သောအခါ ကိုယ်တော်​သည် တစ်စုံတစ်ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။ 13ထိုအခါ ပိလတ်​မင်း​သည် ကိုယ်တော်​အား “သူ​တို့​သည် သင့်​တစ်ဖက်၌ မည်မျှလောက်​သက်သေခံ​ကြ​သည်​ကို သင်​မ​ကြား​သလော”​ဟု ဆို​၏။ 14သို့သော် ကိုယ်တော်​သည် စကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ဘုရင်ခံ​သည် အလွန်​အံ့ဩ​လေ​၏။
ယေရှုလော၊ ဗာရဗ္ဗလော
15ဘုရင်ခံ​သည် ထို​ပွဲတော်​တွင် လူထု​အတွက် သူ​တို့​အလိုရှိ​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။ 16ထို​အချိန်​တွင် ဗာရဗ္ဗ​ဟု​ခေါ်​သည့် ထင်ပေါ်​ကျော်ကြား​သော အကျဉ်းသား​တစ်​ယောက်​ရှိ​၏။ 17သို့ဖြစ်၍ လူ​တို့​စုဝေး​ကြ​သောအခါ ပိလတ်​မင်း​က “သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း။ ဗာရဗ္ဗ​လော​၊ သို့မဟုတ် ခရစ်တော်​ဟု​ခေါ်​သော ယေရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။ 18ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။
19ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။
20ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။
21တစ်ဖန် ဘုရင်ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း”​ဟု မေး​သောအခါ သူ​တို့​က “ဗာရဗ္ဗ”​ဟု ဆို​ကြ​၏။ 22ပိလတ်​မင်း​က “သို့ဖြစ်လျှင် ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အားလုံး​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။ 23ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။
24ထိုအခါ ပိလတ်​မင်း​သည် မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ရုန်းရင်းဆန်ခတ်​သာ​ဖြစ်လာ​သည်​ကို​မြင်​၍ လူထု​ပရိသတ်​ရှေ့တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်းရှင်း​၏။ သင်​တို့​အမှု​ကို သင်​တို့​ဖြေရှင်း​ရ​မည်”​ဟု ဆို​၏။ 25လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။
26ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။
ယေရှုကိုပြောင်လှောင်ကြခြင်း
27ထို့နောက် ဘုရင်ခံ​၏​စစ်သား​များ​သည် ယေရှု​ကို ရုံးတော်​အတွင်း​သို့​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို ကိုယ်တော်​ထံ​စုဝေး​စေ​ကာ 28ကိုယ်တော်​၏​အဝတ်​ကို​ချွတ်​ပြီး နီမြန်း​သော​ဝတ်လုံ​ကို ကိုယ်တော်​အား​ခြုံ​စေ​ကြ​၏။ 29ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။ 30ထို့နောက် ကိုယ်တော်​ကို တံတွေး​နှင့်​ထွေး​၍ ကျူရိုး​ကို​ယူ​ပြီးလျှင် ကိုယ်တော်​၏​ဦးခေါင်း​ကို​ရိုက်​ကြ​၏။ 31ထိုသို့ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​ပြီးနောက် နီမြန်း​သော​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။
လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း
32သူ​တို့​ထွက်သွား​ကြ​စဉ် ရှိမုန်​အမည်​ရှိ​သော ကုရေနေ​မြို့သား​တစ်​ဦး​ကို​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။ 33ဤသို့ဖြင့် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်ဝေါ်​သော ဂေါလဂေါသ​အမည်တွင်​သည့်​အရပ်​သို့ ရောက်​ကြ​လျှင် 34သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။ 35ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။ 36ထို့နောက် ထို​နေရာ​၌ ထိုင်​လျက် ကိုယ်တော်​ကို စောင့်ကြည့်​ကြ​၏။ 37ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။ 38ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ 39ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် 40“ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပြီး လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်ကား​ပြောဆို​ကြ​၏။
41ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည်​လည်း ကျမ်းပြု​ဆရာ​များ၊ သက်ကြီးဝါကြီး​များ​နှင့်အတူ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​၍ 42“သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ အစ္စရေး​ဘုရင်​ဖြစ်​လျှင် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ပါ​စေ။ ထိုအခါ ငါ​တို့​သည် သူ့​ကို​ယုံကြည်​မည်။ 43သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။ 44ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော ဓားပြ​တို့​သည်​လည်း ကိုယ်တော်​ကို ထိုနည်းတူ​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။
အသက်ချုပ်ငြိမ်းတော်မူခြင်း
45မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။ 46မွန်းလွဲ​သုံး​နာရီ​ခန့်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”#မာ 15:34၊ ဆာ 22:1။​ဟူ၍ ဖြစ်​၏။
47ထို​အရပ်​၌ ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။
48ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။#ဆာ 69:21။ 49သို့သော် အခြား​သော​သူ​တို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို​ကယ်တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။
50ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။
51ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။ 52သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။ 53ယေရှု​ထမြောက်​တော်မူ​ပြီးနောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်လာ​၍ သန့်ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များစွာ​သော​သူ​တို့​ထံ ထင်ရှား​ကြ​၏။
54တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။
55ယေရှု​ကို​လုပ်ကျွေး​ပြုစု​လျက် ဂါလိလဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များစွာ​သော​အမျိုးသမီး​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​၍ အဝေး​မှ​ကြည့်​နေ​ကြ​၏။ 56သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​နှင့်​ယောသပ်​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဇေဗေဒဲ​၏​သား​များ​၏​မိခင်​တို့​ပါ​၏။
ယေရှုကိုသင်္ဂြိုဟ်ခြင်း
57ညနေချမ်း​အချိန်​ရောက်​သောအခါ အရိမသဲ​မြို့​မှ သူဌေး​ဖြစ်​ပြီး ယေရှု​၏​တပည့်​တော်​လည်း​ဖြစ်​သော ယောသပ်​အမည်​ရှိ​သူ​တစ်​ဦး​သည် ရောက်လာ​၏။ 58သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ထိုအခါ ပိလတ်​မင်း​သည် အလောင်း​တော်​ကို​ပေး​လိုက်​ရန် အမိန့်​ပေး​၏။ 59ယောသပ်​သည် အလောင်း​တော်​ကို​ယူ​၍ ဖြူစင်​သော​ပိတ်ချော​ဖြင့် ပတ်ရစ်​ပြီးလျှင် 60ကျောက်ဆောင်​၌​ထွင်း​ထား​သော မိမိ​ပိုင်ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲတွင် သွင်းထား​လေ​၏။ ထို့နောက် ကြီးမား​သော​ကျောက်တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီးမှ ပြန်သွား​လေ​၏။ 61မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​လျက် သင်္ချိုင်း​တော်​ရှေ့တွင်​ထိုင်​နေ​ကြ​၏။
သင်္ချိုင်းဂူကိုစောင့်ကြပ်ကြခြင်း
62ပြင်ဆင်​ရာ​နေ့​အလွန် နောက်တစ်နေ့​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ပိလတ်​မင်း​ထံ​စုဝေး​ကြ​လျက် 63“အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။ 64ထို့ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်အောင် သင်္ချိုင်း​ဂူ​ကို စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​ပါ။ သို့မဟုတ်​လျှင် သူ​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ခိုးယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်မည်။ ထိုအခါ နောက်​လှည့်ဖြား​မှု​သည် ယခင်​လှည့်ဖြား​မှု​ထက် ပို၍​ဆိုး​ပါ​လိမ့်မည်”​ဟု လျှောက်ထား​ကြ​၏။
65ပိလတ်​မင်း​က​လည်း “သင်​တို့​၌ အစောင့်​တပ်​သား​ရှိ​သည်​မ​ဟုတ်​လော။ သွား​၍ သင်​တို့​တတ်နိုင်​သမျှ​လုံခြုံ​အောင် စောင့်ကြပ်​စေ​ကြ​လော့”​ဟု ဆို​လေ​၏။ 66ထိုအခါ သူ​တို့​သည် သွား​၍ ကျောက်တုံး​ကို​တံဆိပ်​ခတ်​ကာ အစောင့်​တပ်သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်ကြပ်​စေ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။