YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 25

25
အပျိုကညာဆယ်ယောက်ပုံဥပမာ
1 ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။ 2ထို​သူ​တို့​ထဲမှ ငါး​ယောက်​သည် မိုက်မဲ​သော​သူ​ဖြစ်​ကြ​ပြီး ငါး​ယောက်​သည် ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ 3မိုက်မဲ​သော​သူ​တို့​သည် မိမိ​တို့​၏​မီးခွက်​ကို ယူ​သွား​ကြ​သော်လည်း မိမိ​တို့​နှင့်အတူ ဆီ​ကို​မ​ယူ​သွား​ကြ။ 4ပညာ​သတိ​ရှိ​သော​သူ​တို့​မူကား မိမိ​တို့​မီးခွက်​နှင့်အတူ ဆီ​ကို ဘူး​ထဲ၌​ယူ​သွား​ကြ​၏။ 5သတို့သား​သည် ကြန့်ကြာ​နေ​သောကြောင့် သူ​တို့​အားလုံး​သည် ငိုက်မျဉ်း​၍ အိပ်ပျော်​ကြ​၏။
6 ည​သန်းခေါင်​၌ ‘ကြည့်ရှု​လော့။ သတို့သား​ရောက်လာ​ပြီ။ သူ့​ကို​ကြိုဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူသော​အော်ဟစ်​သံ​ထွက်ပေါ်​လာ​ရာ 7အပျို​ကညာ​အားလုံး​တို့​သည် ထ​၍ မိမိ​တို့​၏​မီးခွက်​များ​ကို ပြင်ဆင်​ကြ​၏။
8 ထိုအခါ မိုက်မဲ​သော​သူ​တို့​က ‘ငါ​တို့​မီးခွက်​များ​မီး​ငြိမ်း​တော့မည်​ဖြစ်၍ သင်​တို့​၏​ဆီ​အချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပညာ​သတိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။ 9သို့သော် ပညာ​သတိ​ရှိ​သော​သူ​တို့​က ‘ထိုသို့ပြုလျှင် သင်​တို့​နှင့်​ငါ​တို့​အတွက် လုံလောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံသို့​သာ​သွား​၍ မိမိ​တို့​အတွက် ဝယ်ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။
10 သူ​တို့​သွား​၍ ဝယ်​နေ​ကြ​စဉ် သတို့သား​ရောက်လာ​သဖြင့် အသင့်​ရှိ​နေ​သော​သူ​တို့​သည် သတို့သား​နှင့်အတူ မင်္ဂလာဆောင်​ပွဲ​သို့​ဝင်​ကြ​၏။ ထိုအခါ တံခါး​ကို​ပိတ်​ကြ​၏။
11 ထို့နောက် အခြား​သော​အပျို​ကညာ​တို့​သည်​လည်း ရောက်လာ​၍ ‘အရှင်၊ အရှင်၊ ကျွန်မ​တို့​အား တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​၏။
12 သို့သော် သတို့သား​က ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​ကို ငါ​မ​သိ’​ဟု ပြန်ပြော​လေ​၏။
13 သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ အကြောင်းမူကား ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​ကို သင်​တို့​မ​သိ​ကြ။
တာလန်ပုံဥပမာ
14 ဤ​သည်​ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​၏​အစေအပါး​တို့​ကို​ခေါ်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား​အပ်နှင်း​ခဲ့​သည်​နှင့်​တူ​၏။ 15သူ​သည် အစေအပါး​အသီးသီး​တို့​အား သူ​တို့​၏​အရည်အချင်း​နှင့်အညီ တစ်​ဦး​ကို​ငါး​တာလန်၊ အခြား​တစ်​ဦး​ကို​နှစ်​တာလန်​နှင့် နောက်​တစ်​ဦး​ကို​တစ်​တာလန် စသည်​ဖြင့် ပေးအပ်​ပြီးလျှင် ခရီးထွက်​လေ​၏။ 16ငါး​တာလန်​ရ​သော​သူ​သည် ချက်ချင်း​သွား​၍ ထို​ငွေ​များ​ဖြင့်​ကုန်သွယ်​လျက် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​လေ​၏။ 17ထိုနည်းတူ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​လေ​၏။ 18တစ်​တာလန်​ရ​သော​သူ​မူကား သွား​၍ မြေ​၌​တွင်းတူး​ကာ မိမိ​သခင်​၏​ငွေ​ကို ဝှက်​ထား​လေ​၏။
19 ကာလ​အတန်ကြာ​ပြီးနောက် ထို​အစေအပါး​တို့​၏​သခင်​သည် ပြန်လာ​၍ သူ​တို့​နှင့်​စာရင်း​ရှင်း​လေ​၏။ 20ထိုအခါ ငါး​တာလန်​ရ​သော​သူ​သည် ချဉ်းကပ်​၍ နောက်ထပ် ငါး​တာလန်​ကို​ဆက်သ​ကာ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား ငါး​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။ 21သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။
22 နှစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား နှစ်​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။ 23သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။
24 တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။ 25ထို့ကြောင့် အကျွန်ုပ်​သည် ကြောက်​သဖြင့် သွား​၍ သခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။ 26သူ​၏​သခင်​က​လည်း ‘ဆိုးညစ်​၍ ပျင်းရိ​သော​အစေအပါး၊ ငါ​သည် မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် 27ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့ပြုလျှင် ငါ​ပြန်လာ​သောအခါ ငါ​၏​ငွေ​ကို အတိုး​နှင့်တကွ​ရရှိ​ခဲ့​ပေ​လိမ့်မည်။
28 ထို့ကြောင့် တစ်​တာလန်​ကို သူ့​ထံမှ​ယူ​၍ ဆယ်​တာလန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။ 29အကြောင်းမူကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​သဖြင့် သူ​တို့​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ 30အကျိုးမပြု​သော ဤ​အစေအပါး​ကို​ကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု ဆို​လေ​၏။
သိုးနှင့်ဆိတ်
31 လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကောင်းကင်တမန်​အပေါင်း​တို့​နှင့်တကွ ကြွလာ​သောအခါ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော မိမိ​၏​ပလ္လင်​ပေါ်၌ ထိုင်​တော်မူ​လိမ့်မည်။ 32ထိုအခါ လူမျိုး​အပေါင်း​တို့​ကို ရှေ့​တော်​၌ စုဝေး​စေ​ကြ​လိမ့်မည်။ ထို့နောက် သိုးထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီးခြား​ခွဲထား​သကဲ့သို့ ကိုယ်တော်​သည် သူ​တို့​ကို တစ်ဦး​နှင့်​တစ်ဦး သီးခြား​ခွဲထား​ကာ 33သိုး​များ​ကို မိမိ​၏​လက်ယာ​တော်​ဘက်​၌​လည်းကောင်း၊ ဆိတ်​များ​ကို လက်ဝဲ​တော်​ဘက်​၌​လည်းကောင်း ထား​တော်မူ​လိမ့်မည်။
34 ထို့နောက် မင်းကြီး​သည် မိမိ​၏​လက်ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခမည်းတော်​ထံမှ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​ကတည်းက သင်​တို့​အတွက် ပြင်ဆင်​ထား​သော​နိုင်ငံ​တော်​ကို လာ​၍ အမွေ​ဆက်ခံ​ကြ​လော့။ 35အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​ပေး​ကြ​၏။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​ပေး​ကြ​၏။ ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ကြ​၏။ 36ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​ပေး​ကြ​၏။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြည့်ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သောအခါ သင်​တို့​သည် ငါ့​ထံသို့​လာ​ကြ​၏’​ဟု မိန့်​တော်မူ​လိမ့်မည်။
37 ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​က ‘သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သည့်​အခါ​တွင် ကိုယ်တော်​ဆာလောင်​တော်မူ​သည်​ကို​မြင်​၍ ကျွေးမွေး​ခဲ့​ပါ​သနည်း။ သို့မဟုတ် ရေငတ်​တော်မူ​သည်​ကို​မြင်​၍ သောက်​စရာ​ပေး​ခဲ့​ပါ​သနည်း။ 38မည်သည့်​အခါ​တွင် ကိုယ်တော်​သည် သူစိမ်း​ဧည့်သည်​ဖြစ်​တော်မူ​သည်​ကို​မြင်​၍ ကြိုဆို​လက်ခံ​ခဲ့​ပါ​သနည်း။ သို့မဟုတ် အဝတ်မပါ​အချည်းစည်း​ဖြစ်​တော်မူ​သည်​ကို​မြင်​၍ ဝတ်စရာ​ပေး​ခဲ့​ပါ​သနည်း။ 39မည်သည့်​အခါ​တွင် ကိုယ်တော်​နာမကျန်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ ထောင်​ကျ​တော်မူ​သည်​ကို​လည်းကောင်း မြင်​၍ ကိုယ်တော်​ထံ​လာ​ခဲ့​ပါ​သနည်း’​ဟု မင်းကြီး​အား ပြန်​လျှောက်​ကြ​လိမ့်မည်။
40 မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ငါ​၏​ဤ​ညီအစ်ကို​တို့​တွင် အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​ပြု​ခဲ့​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။
41 ထို့နောက် မင်းကြီး​သည် လက်ဝဲ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား​လည်း ‘ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့၊ ငါ့​ထံမှ​ထွက်ခွာ​၍ မာရ်နတ်​နှင့်​သူ​၏​စေတမန်​များ​အတွက်​ပြင်ဆင်​ထား​သော ထာဝရ​မီး​ထဲသို့ သွား​ကြ​လော့။ 42အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​မ​ပေး​ကြ။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​မ​ပေး​ကြ။ 43ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ခြင်း​မ​ရှိ​ကြ။ ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​မ​ပေး​ကြ။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ​နှင့် ထောင်​ကျ​သောအခါ​တွင်​လည်း သင်​တို့​သည် ငါ့​ကို​မ​ကြည့်ရှု​ကြ’​ဟု မိန့်​တော်မူ​လိမ့်မည်။
44 ထိုအခါ သူ​တို့​သည်​လည်း ‘သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သည့်​အခါ​တွင် ကိုယ်တော်​ဆာလောင်​တော်မူ​သည်​ကို​လည်းကောင်း၊ ရေငတ်​တော်မူ​သည်​ကို​လည်းကောင်း၊ သူစိမ်း​ဧည့်သည်​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ အဝတ်မပါ​အချည်းစည်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ နာမကျန်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ ထောင်​ကျ​တော်မူ​သည်​ကို​လည်းကောင်း မြင်​၍ ကိုယ်တော်​ကို​မ​လုပ်ကျွေး​မ​ပြုစု​ဘဲ​နေ​ကြ​သနည်း’​ဟု ပြန်​လျှောက်​ကြ​လိမ့်မည်။
45 မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။
46 ထိုအခါ ဤ​သူ​တို့​သည် ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​မူကား ထာဝရ​အသက်ရှင်​ရာ​သို့ သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 25: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။