YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 12

12
ဥပုသ်နေ့၏အရှင်သခင်
1ထို​အချိန်အခါ​တွင် ယေရှု​သည် ဥပုသ်နေ့​၌ ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံ​များ​ကို ဆွတ်ခူး​၍ စား​ကြ​၏။ 2ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။ 3ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ 4သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။ 5ထို့ပြင် ဥပုသ်နေ့​တွင် ဗိမာန်​တော်​၌​ရှိ​သော ယဇ်ပုရောဟိတ်​များ​သည် ဥပုသ်နေ့​ဆိုင်ရာ​ပညတ်ချက်​ကို​ချိုးဖောက်​ကြ​သော်လည်း အပြစ်​မ​ရှိ​ကြောင်း ပညတ်​တရား​ကျမ်း​၌ မ​ဖတ်​ဖူး​ကြ​သလော။ 6သင်​တို့​အား ငါ​ဆို​သည်​ကား ဗိမာန်​တော်​ထက်​ကြီးမြတ်​သော​သူ​သည် ဤ​နေရာ​၌​ရှိ​၏။ 7‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’#ဟော 6:6။ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်တင်​ရှုတ်ချ​ခဲ့​ကြ​လိမ့်မည်​မ​ဟုတ်။ 8အကြောင်းမူကား လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
လက်တစ်ဖက်သေသောသူကို အကောင်းပကတိဖြစ်စေခြင်း
9ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​တော်မူ​၏။ 10ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ 11ကိုယ်တော်​က​လည်း“သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​တွင် သိုး​တစ်​ကောင်​ရှိ​၍ ထို​သိုး​သည် ဥပုသ်နေ့​၌ တွင်း​ထဲသို့​ကျ​ခဲ့​လျှင် သူ​သည် ၎င်း​ကို​မ​ဆွဲတင်​ဘဲ​နေ​မည်လော။ 12လူ​သည် သိုး​ထက် များစွာ​အဖိုးထိုက်​၏။ ထို့ကြောင့် ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​ခြင်း​သည် တရား​တော်​နှင့်​ညီ​၏”​ဟု မိန့်​တော်မူ​၏။ 13ထို့နောက် လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အခြား​တစ်ဖက်​ကဲ့သို့ အကောင်း​ပကတိ​ဖြစ်​လျက် သန်စွမ်း​လေ​၏။ 14ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း တိုင်ပင်​ဆွေးနွေး​ကြ​၏။
ထာဝရဘုရား၏အမှုဆောင်
15ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင် 16မိမိ​အကြောင်း​ကို သိသာ​ထင်ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သတိပေး​တော်မူ​၏။ 17ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ မိန့်​တော်မူ​ချက်​မှာ 18“ကြည့်ရှု​လော့။ ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​အမှုဆောင်၊ ငါ​၏​စိတ်​ဝိညာဉ်​နှစ်သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အပေါ်၌ ငါ​၏​ဝိညာဉ်​ကို​တည်​စေ​သဖြင့် သူ​သည် လူမျိုး​တကာ​တို့​အား တရားမျှတ​မှု​ကို ကြေညာ​လိမ့်မည်။ 19သူ​သည် ငြင်းခုံ​ခြင်း​နှင့်​အော်ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အသံ​ကို​လည်း လမ်းမ​ပေါ်၌ မည်သူမျှ ကြား​ရ​မည်​မ​ဟုတ်။ 20တရားမျှတ​မှု​ကို အောင်မြင်​ခြင်း​သို့​ပို့ဆောင်​သည်​အထိ သူ​သည် ကြေ​နေ​သော​ကျူပင်​ကို​ချိုး​မည်​မ​ဟုတ်။ တငွေ့ငွေ့​လောင်​နေ​သော​မီးစာ​ကို​လည်း ငြှိမ်းသတ်​မည်​မ​ဟုတ်။ 21လူမျိုးခြား​တို့​သည် သူ​၏​နာမ​၌ မျှော်လင့်​အားထား​ကြ​လိမ့်မည်”#ဟေရှာ 42:1-4။​ဟူ၍ ဖြစ်​၏။
ယေရှုနှင့်ဗေလဇေဗုလ
22ထို့နောက် လူ​တို့​သည် နတ်ဆိုး​ပူး​သည့် မျက်မမြင်​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​ရာ ကိုယ်တော်​သည် ထို​သူ​ကို​ကျန်းမာ​စေ​တော်မူ​သဖြင့် ထို​ဆွံ့အ​သော​သူ​သည် စကား​ပြော​နိုင်​ပြီး မျက်စိ​လည်း​မြင်​လာ​၏။ 23ထိုအခါ လူထု​ပရိသတ်​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​၍ “ဤ​သူ​သည် ဒါဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြောဆို​ကြ​၏။
24ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။
25သို့သော် ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​သဖြင့်“မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​နိုင်ငံ​တိုင်း​သည် လုံးလုံး​ပျက်စီး​သွား​မည်​။ မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​မြို့​၊ သို့မဟုတ် အိမ်ထောင်စု​တိုင်း​သည်​လည်း တည်မြဲ​မည်​မ​ဟုတ်။ 26စာတန်​သည် စာတန်​ကို​နှင်ထုတ်​လျှင် မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​၏။ သို့ဖြစ်လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​မည်နည်း။ 27ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် သင်​တို့​၏​သား​များ​သည် မည်သူ့​ကို​အမှီပြု​၍ နှင်ထုတ်​ကြ​သနည်း။ ထို့ကြောင့် သူ​တို့​သည် သင်​တို့​ကို​တရား​စီရင်​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ 28သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။
29 ခွန်အား​ကြီး​သော​သူ​ကို ဦးစွာ​မ​ချည်နှောင်​လျှင် သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မည်သို့​လုယူ​နိုင်​မည်နည်း။ ချည်နှောင်​ပြီးမှ​သာ သူ​၏​အိမ်​ကို ဖောက်ထွင်း​လုယူ​နိုင်​လိမ့်မည်။
30 ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်အတူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်ကွဲတစ်ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။
သန့်ရှင်းသောဝိညာဉ်တော်ကိုစော်ကားခြင်း
31 ထို့ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ခြင်း​နှင့် အပြစ်​ဟူသမျှ​တို့​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​ခြင်း​အတွက်​မူကား ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။ 32လူ့သား​အပေါ် ဆန့်ကျင်​သည့်​စကား​ကို​ပြောဆို​သော​သူ​သည် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဆန့်ကျင်​ပြောဆို​သော​သူ​သည် ယခု​ဘဝ​၌​ဖြစ်စေ၊ နောင်​ဘဝ​၌​ဖြစ်စေ ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။
33 အပင်​ကို အသီး​အားဖြင့် သိ​ရ​သည်​ဖြစ်၍ အသီး​ကောင်း​လျှင် အပင်​ကောင်း​သည်​ဟု​မှတ်ယူ​ကြ​လော့။ သို့မဟုတ် အသီး​မကောင်း​လျှင် အပင်​မကောင်း​ဟု မှတ်ယူ​ကြ​လော့။ 34မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အရာ​ကို မည်သို့​ပြောဆို​နိုင်​မည်နည်း။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။ 35ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​များ​ကို ကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​များ​ကို မကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ 36သင်​တို့​အား ငါ​ဆို​သည်​ကား လူ​တို့​သည် မိမိ​တို့​ပြောဆို​သည့် အကျိုး​မ​ရှိ​သော​စကား​အားလုံး​အတွက် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။ 37အကြောင်းမူကား သင်​ပြော​သော​စကား​များ​အားဖြင့် သင်​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လိမ့်မည်။ သို့မဟုတ် သင်​ပြော​သော​စကား​များ​အားဖြင့် အပြစ်​ရှိ​သည်​ဟု သတ်မှတ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ယောန၏နိမိတ်လက္ခဏာ
38ထို့နောက် အချို့​သော​ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဆရာ၊ အကျွန်ုပ်​တို့​သည် ဆရာ့​ထံမှ​နိမိတ်​လက္ခဏာ​ကို တွေ့မြင်​လို​ပါ​သည်”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ 39ကိုယ်တော်​က​လည်း“ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်မည်​မ​ဟုတ်။ 40အကြောင်းမူကား ယောန​သည် ငါးကြီး​ဝမ်း​ထဲ၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ခဲ့​ရ#ယောန 1:17။သကဲ့သို့ လူ့သား​သည်​လည်း မြေကြီး​အတွင်း​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ရ​လိမ့်မည်။ 41တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။ 42တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။
ညစ်ညူးသောနတ်ပြန်လာခြင်း
43 ညစ်ညူး​သော​နတ်​သည် လူ့​အထဲမှ​ထွက်သွား​သောအခါ ခြောက်သွေ့​သော​အရပ်​ဒေသ​များ​သို့ လျှောက်သွား​ကာ ခိုနား​ရာ​ကို​ရှာ​တတ်​၏။ သို့သော် ရှာ​၍​မ​တွေ့​သဖြင့် 44‘ငါ​ထွက်လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက် ပြန်လာ​ရာ ထို​နေရာ​မှာ လစ်လပ်​နေ​ပြီး လှဲကျင်း​၍ သပ်ရပ်​စွာ​ပြင်ဆင်​ထား​သည်​ကို​တွေ့​လေ​၏။ 45ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို မိမိ​နှင့်အတူ​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ ဆိုးညစ်​သော​ဤ​မျိုးဆက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
တော်စပ်မှုအစစ်အမှန်
46ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။ 47ထိုအခါ လူ​တစ်​ဦး​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ 48ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​ဖြစ်​ပြီး မည်သူ​တို့​သည် ငါ့​ညီ​များ​ဖြစ်​ကြ​သနည်း”​ဟု မိမိ​ထံ​လျှောက်ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်မူ​၏။ 49ထို့နောက် တပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက်“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ 50အကြောင်းမူကား ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။