YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13

13
မျိုးကြဲသောသူ၏ပုံဥပမာ
1ထို​နေ့​၌​ပင် ယေရှု​သည် အိမ်​မှ​ထွက်​၍ ပင်လယ်​ကမ်းနား​တွင် ထိုင်​တော်မူ​လျှင် 2များစွာ​သော​လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ကမ်း​ပေါ်တွင် ရပ်​နေ​ကြ​၏။ 3ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အရာ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန် ထွက်သွား​လေ​၏။ 4ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​တို့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည်​လာ​၍ ၎င်း​တို့​ကို ကောက်စား​ကြ​၏။ 5အချို့​တို့​မူကား မြေ​နည်း​၍ ကျောက်​ပေါ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။ 6သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ 7အချို့​တို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​တို့​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။ 8အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် အသီး​သီး​လေ​၏။ 9နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။
ပုံဥပမာသုံးရခြင်း၏အကြောင်းရင်း
10ထို့နောက် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ “ကိုယ်တော်​သည် အဘယ်ကြောင့် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 11ကိုယ်တော်​က​လည်း“သင်​တို့​အား ကောင်းကင်​နိုင်ငံ​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်လည်း သူ​တို့​ကို​မူကား သိ​ခွင့်​မ​ပေး​ထား​သောကြောင့်​ဖြစ်​၏။ 12အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​သဖြင့် သူ​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ 13ဤ​အကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​မြွက်ဆို​ရ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သောကြောင့်​ဖြစ်​၏။ 14ဤသို့ဖြင့် ဟေရှာယ​၏​ပရောဖက်ပြု​ဟောပြော​ချက်​သည် သူ​တို့​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟောပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​လျက်​ပင် လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်။ 15အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက် နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’#ဟေရှာ 6:9-10။ဟူ၍​ဖြစ်​၏။
16 သို့သော် သင်​တို့​၏​မျက်စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သောကြောင့် မင်္ဂလာရှိ​၏။ 17သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ဖြောင့်မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန်အလွန်​အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလွန်​အလို​ရှိ​သော်လည်းမ​ကြား​ခဲ့​ရ​ကြ​ပေ။
မျိုးကြဲသောသူ၏ပုံဥပမာကိုရှင်းပြခြင်း
18 ထို့ကြောင့် မျိုးကြဲ​သော​သူ​၏​ပုံ​ဥပမာ​ကို သင်​တို့​နားထောင်​ကြ​လော့။ 19မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။ 20ကျောက်​ပေါများ​သော​နေရာ​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​ကို​ဆို​လို​၏။ 21သို့သော် သူ​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​လေ​၏။ 22ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။ 23ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။
ဂျုံနှင့်မြက်သီးပုံဥပမာ
24ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။ 25သို့သော် လူ​တို့​အိပ်ပျော်​နေ​ကြ​စဉ် သူ​၏​ရန်သူ​သည်​လာ​၍ ဂျုံ​မျိုးစေ့​ကြား​တွင် မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​ပြီး ထွက်သွား​လေ​၏။ 26အပင်​ပေါက်​၍ အနှံ​ထွက်လာ​သောအခါ မြက်သီး​ပင်​များ​လည်း ထင်ရှား​လာ​ကြ​၏။
27 ထိုအခါ စိုက်ခင်း​ပိုင်ရှင်​၏​အစေအပါး​တို့​သည်​လာ​၍ ‘သခင်၊ သခင်​၏​စိုက်ခင်း​၌ ကောင်း​သော​မျိုးစေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် မြက်သီး​ပင်​များ​သည် အဘယ်က​ပေါက်လာ​သနည်း’​ဟု မေးမြန်း​ကြ​၏။ 28စိုက်ခင်း​ပိုင်ရှင်​က​လည်း ‘ဤသည်ကား ရန်သူ​၏​လုပ်ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထိုအခါ အစေအပါး​တို့​က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်​တို့​သွား​၍ မြက်သီး​ပင်​တို့​ကို နုတ်ယူ​ရ​မည်လော’​ဟု မေးလျှောက်​ကြ​၏။ 29သို့သော် စိုက်ခင်း​ပိုင်ရှင်​က ‘ထိုသို့​မ​ပြု​နှင့်။ မြက်သီး​ပင်​များ​ကို​နုတ်ယူ​စဉ် ဂျုံ​ပင်​ကို​ရောနှော​၍ အမြစ်​ပါ​မကျန်​ဆွဲနုတ်​မိ​မည်​ကို စိုးရိမ်​ရ​၏။ 30ရိတ်သိမ်း​ချိန်​တိုင်အောင် နှစ်မျိုးစလုံး​အတူ ကြီးထွား​ကြ​ပါစေ။ ရိတ်သိမ်း​ချိန်​၌ ရိတ်သိမ်း​သော​သူ​တို့​အား “မြက်သီး​ပင်​များ​ကို ဦးစွာ​နုတ်ယူ​၍ ၎င်း​တို့​ကို​မီးရှို့​ရန် အစည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူကား ငါ​၏​ကျီ​ထဲ၌ စုသိမ်း​ထား​ကြ​လော့”​ဟု ငါ​ပြော​မည်ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။
မုန်ညင်းနက်စေ့နှင့်တဆေးပုံဥပမာ
31ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​၏​စိုက်ခင်း​၌ ကြဲ​သောအခါ 32၎င်း​သည် အစေ့​တကာ​တို့​ထက် သေးငယ်​၏။ သို့သော် ကြီးထွား​လာ​သောအခါ​တွင်​မူ အခြား​ဟင်းသီးဟင်းရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အကိုင်း​များ​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည်​လာ​၍ အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော​အပင်​ဖြစ်လာ​၏”​ဟု မိန့်​တော်မူ​၏။ 33အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။ 34ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။ 35ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်”#ဆာ 78:2။​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။
ဂျုံနှင့်မြက်သီးပင်များပုံဥပမာကိုရှင်းပြခြင်း
36ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ 37ထိုအခါ ကိုယ်တော်​က“ကောင်း​သော​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် လူ့သား​ဖြစ်​ပြီး 38စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။ 39မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​သော​ရန်သူ​သည် မာရ်နတ်​ဖြစ်​၏။ ရိတ်သိမ်း​ချိန်​မူကား ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​ဖြစ်​၍ ရိတ်သိမ်း​သော​သူ​တို့​သည် ကောင်းကင်တမန်​များ​ဖြစ်​ကြ​၏။
40 သို့ဖြစ်၍ မြက်သီး​ပင်​များ​ကို​နုတ်ယူ​၍ မီး​ရှို့​သကဲ့သို့ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။ 41လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင် 42မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။ 43ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။
ဝှက်ထားသောဥစ္စာဘဏ္ဍာနှင့် တန်ဖိုးကြီးသောပုလဲပုံဥပမာ
44 ကောင်းကင်​နိုင်ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သောအခါ ပြန်လည်​ဝှက်​ထား​ပြီးလျှင် ဝမ်းမြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အရာ​အားလုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။
45 တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​ပုလဲ​ကို​ရှာဖွေ​နေ​သော ကုန်သည်​နှင့်​တူ​၏။ 46သူ​သည် အလွန်​အဖိုးတန်​သော​ပုလဲ​တစ်​လုံး​ကို​တွေ့​သောအခါ သွား​၍ သူ​၌​ရှိ​သမျှ​တို့​ကို​ရောင်း​ပြီးလျှင် ထို​ပုလဲ​ကို​ဝယ်​လေ​၏။
ငါးဖမ်းပိုက်ကွန်ပုံဥပမာ
47 တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ပင်လယ်​ထဲ၌​ချ​၍ ငါး​အမျိုးစုံ​ကို​ဖမ်းမိ​သော ပိုက်ကွန်​နှင့်​တူ​၏။ 48ငါး​နှင့်​ပြည့်​သောအခါ ထို​ပိုက်ကွန်​ကို ကမ်း​ပေါ်သို့​ဆွဲတင်​ကာ ထိုင်​လျက် ကောင်း​သော​ငါး​များ​ကို ခြင်းတောင်း​ထဲသို့​ခွဲထည့်​၍ မကောင်း​သော​ငါး​များ​ကို အပြင်​သို့​ပစ်​လိုက်​ကြ​၏။ 49ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌ ထိုနည်းတူ​ဖြစ်​လိမ့်မည်။ ကောင်းကင်တမန်​များ​သည်​လာ​၍ ဆိုးညစ်​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​ထဲမှ သီးခြား​ခွဲထား​ကာ 50မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။ 51ဤ​အရာ​အားလုံး​ကို သင်​တို့​နားလည်​ကြ​သလော”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က “နားလည်​ပါ​၏”​ဟု ပြန်လျှောက်​ကြ​၏။ 52ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။
53ယေရှု​သည် ဤ​ပုံ​ဥပမာ​များ​ကို မြွက်ဆို​တော်မူ​ပြီး​သောအခါ ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။
နာဇရက်မြို့၌ငြင်းပယ်ခံရခြင်း
54ထို့နောက် ကိုယ်တော်​သည် မိမိ​၏​နေရင်း​မြို့​သို့​ကြွ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်ပညာ​နှင့်​တန်ခိုး​များ​ကို အဘယ်က​ရ​သနည်း။ 55ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ 56သူ​၏​နှမ​အားလုံး​သည်​လည်း ငါ​တို့​နှင့်အတူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ဤ​သူ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို အဘယ်က​ရ​သနည်း”​ဟု ပြောဆို​ကြ​ကာ 57ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။
58ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။