YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 11

11
ဗတ္တိဇံဆရာယောဟန်အကြောင်းမိန့်တော်မူခြင်း
1ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို မိန့်မှာ​တော်မူ​ပြီး​သောအခါ သူ​တို့​၏​မြို့​များ​တွင် သွန်သင်​ရန်​နှင့်​ဟောပြော​ရန် ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။
2ယောဟန်​သည် ခရစ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို ထောင်​ခန်း​ထဲ၌​ကြား​ရ​သောအခါ မိမိ​တပည့်​တို့​ကို​စေလွှတ်​၍ 3“ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော။ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်​လော”​ဟု မေးလျှောက်​စေ​၏။ 4ယေရှု​က​လည်း ထို​သူ​တို့​အား“သင်​တို့​ကြား​ရ၊ မြင်​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ 5မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။ 6ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။
7ထို​သူ​တို့​ပြန်သွား​ကြ​သောအခါ ယေရှု​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော​ကျူပင်​ကို​လော။ 8သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​တို့​သည် ဘုရင့်​နန်းတော်​များ​၌​ရှိ​ကြ​၏။ 9ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ 10‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’#မာ 1:2၊ လု 7:27၊ မာလ 3:1။ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။
11 သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မိန်းမ​တို့​မှ မွေးဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိဇံ​ဆရာ​ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်ယောက်မျှ မ​ပေါ်ထွန်း​ခဲ့​ဖူး​ပေ။ သို့သော် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက်​ကြီးမြတ်​၏။ 12ဗတ္တိဇံ​ဆရာ​ယောဟန်​လက်ထက်​မှ ယခု​တိုင်အောင် ကောင်းကင်​နိုင်ငံ​တော်​သည် အတင်း​တိုးဝင်​ခြင်း​ကို​ခံရ​လျက် အတင်း​တိုးဝင်​သော​သူ​တို့​သည် ၎င်း​ကို​လုယူ​ဝင်စား​ကြ​၏။ 13အကြောင်းမူကား ပရောဖက်​ကျမ်း​များ​နှင့်​ပညတ်​တရား​ကျမ်း​ရှိသမျှ​တို့​သည် ယောဟန်​လက်ထက်​တိုင်အောင် ပရောဖက်ပြု​ဟောပြော​ခဲ့​ကြ​၏။ 14သင်​တို့​သည် လက်ခံ​ရန် ဆန္ဒ​ရှိ​လျှင် ဤ​သူ​သည် ပေါ်ထွန်း​လာ​ရ​မည့် ဧလိယ​ဖြစ်​၏။ 15နား​ရှိ​သော​သူ​သည် ကြား​ပါစေ။
16 သို့သော် ဤ​ခေတ်ကာလ​ကို မည်သည့်​အရာ​နှင့် ခိုင်းနှိုင်း​ရ​မည်နည်း။ ၎င်း​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် မိမိ​သူငယ်ချင်း​တို့​အား 17‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည် မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည် မ​မြည်တမ်း​ကြ’​ဟု လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​၏။
18 အကြောင်းမူကား ယောဟန်​သည်​ရောက်လာ​၍ မ​စား​မ​သောက်​ဘဲ​နေ​သော် ‘သူ​၌​နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။ 19လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏”​ဟု မိန့်​တော်မူ​၏။
နောင်တမရခဲ့သောမြို့များ
20ထို့နောက် တန်ခိုး​လက္ခဏာ​အများစု​ပြု​တော်မူ​ရာ​မြို့​များ​သည် နောင်တ​မ​ရ​သောကြောင့် ကိုယ်တော်​သည် ထို​မြို့​တို့​ကို​ပြစ်တင်​ပြောဆို​လျက် 21“ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​က​ပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။ 22သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။ 23ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ အကြောင်းမူကား သင်​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို သောဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ရှိ​ခဲ့​ပေ​လိမ့်မည်။ 24သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​မြို့​သည် သင့်​ထက် ခံသာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ငြိမ်သက်ချမ်းသာမှုကိုပေးသောအရှင်
25ထို​အချိန်​တွင် ယေရှု​က“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။ 26မှန်​ပါ​၏ အဖ။ ဤသည်ကား ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​ပါ​၏။
27 ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ ခမည်းတော်​မှတစ်ပါး မည်သူမျှ သား​တော်​ကို​မ​သိ။ ခမည်းတော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး အခြား​မည်သူမျှ​မ​သိ။
28 ဝန်လေး​၍​ပင်ပန်း​သော​သူ​အပေါင်း​တို့၊ ငါ့​ထံသို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​မည်။ 29ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။ 30အကြောင်းမူကား ငါ့​ထမ်းပိုး​သည် ထမ်း​ရ​လွယ်​၏။ ငါ့​ဝန်​လည်း ပေါ့​၏”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။