YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 10

10
တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို စေလွှတ်တော်မူခြင်း
1ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။
2တစ်ဆယ့်နှစ်​ပါး​သော​တမန်တော်​တို့​၏​နာမည်​များ​ကား ပထမ​မှာ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​နှင့် သူ့​ညီ​အန္ဒြေ၊ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်၊ 3ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊ 4မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။
5ယေရှု​သည် ဤ​တစ်ဆယ့်နှစ်​ပါး​တို့​ကို​စေလွှတ်​၍ မိန့်မှာ​တော်မူ​သည်​ကား“လူမျိုးခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှမာရိ​နယ်သား​တို့​၏​မြို့​ထဲသို့​လည်း မ​ဝင်​ကြ​နှင့်။ 6အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော သိုး​များ​ထံသို့​သာ သွား​ကြ​လော့။ 7သင်​တို့​သွား​ကြ​သောအခါ ‘ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ’​ဟု ဟောပြော​ကြ​လော့။ 8နာမကျန်း​ဖြစ်​သူ​တို့​ကို ကျန်းမာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထမြောက်​စေ​ကြ​လော့။ အနာကြီး​ရောဂါသည်​တို့​ကို စင်ကြယ်​စေ​ကြ​လော့။ နတ်ဆိုး​များ​ကို နှင်ထုတ်​ကြ​လော့။ သင်​တို့​သည် အခမဲ့​ရရှိ​ကြ​သည့်​အလျောက် အခမဲ့​ပေး​ကြ​လော့။ 9သင်​တို့​၏​ခါးပန်း​တွင် ရွှေ၊ ငွေ၊ ကြေး​ဒင်္ဂါး​တို့​ကို မ​ထည့်​သွား​ကြ​နှင့်။ 10လမ်း​ခရီး​အတွက် လွယ်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​နှင့် တောင်ဝှေး​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် မိမိ​စားစရာ​ကို​ရ​ထိုက်​၏။
11 မည်သည့်​မြို့​ရွာ​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​မြို့ရွာ​၌ မည်သူ​သည် ထိုက်တန်​သော​သူ​ဖြစ်​သည်​ကို ရှာဖွေ​စုံစမ်း​ပြီး ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​သူ​၏​အိမ်​၌ တည်းခို​ကြ​လော့။ 12ထို​အိမ်​သို့​ဝင်​သောအခါ နှုတ်ဆက်​ကြ​လော့။ 13ထို​အိမ်​သည် ထိုက်တန်​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ၎င်း​အပေါ်သို့​သက်ရောက်​ပါစေ။ မ​ထိုက်တန်​လျှင်​မူကား သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်လာ​ပါစေ။ 14မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။ 15သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​သည် ထို​မြို့​ထက် ခံသာ​ကြ​လိမ့်မည်။
ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
16 နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။ 17လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။ 18သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။ 19သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။ 20အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။
21 ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။ 22လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ 23မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။
24 တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သခင်​ထက် မြတ်​သည်​မ​ဟုတ်။ 25တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်း
26 ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ 27သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။ 28ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။ 29စာကလေး​နှစ်​ကောင်​ကို အဿရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​အဖ​၏​အခွင့်​မ​ရှိ​လျှင် ထို​စာကလေး​တစ်​ကောင်​မျှ မြေ​ပေါ်သို့​ကျ​လိမ့်မည်​မ​ဟုတ်။ 30သင်​တို့​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ 31ထို့ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက် အဖိုးထိုက်​ကြ​၏။
ခရစ်တော်ကိုဝန်ခံခြင်း
32 သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။ 33သို့သော် လူ​တို့​ရှေ့၌ ငါ့​ကို​ငြင်းပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ငြင်းပယ်​မည်။
34 မြေကြီး​ပေါ်သို့ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူဆောင်​လာ​ရန် ငါ​လာ​၏။ 35အကြောင်းမူကား သား​ကို သူ​၏​အဖ​နှင့်​လည်းကောင်း၊ သမီး​ကို သူ​၏​အမိ​နှင့်​လည်းကောင်း၊ ချွေးမ​ကို သူ​၏​ယောက္ခမ​နှင့်​လည်းကောင်း စိတ်ဝမ်း​ကွဲပြား​စေရန် ငါ​လာ​၏။#လု 12:53၊ မိ 7:6။ 36လူ​တစ်​ဦး​၏​ရန်သူ​တို့​မှာ​လည်း သူ​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​လိမ့်မည်။
37 ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ 38မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ 39မိမိ​အသက်​ကို​တွေ့ရှိ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို အဆုံးရှုံး​ခံ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။
လက်ခံသောသူခံစားရမည့်အကျိုးကျေးဇူး
40 သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ 41ပရောဖက်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ပရောဖက်​ကို လက်ခံ​သော​သူ​သည် ပရောဖက်​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဖြောင့်မတ်​သော​သူ​ကို လက်ခံ​သော​သူ​သည်​လည်း ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ 42သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တပည့်​တော်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​အား ရေအေး​တစ်​ခွက်​မျှပင် တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။