YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 20

20
ယေရှု၏အခွင့်အာဏာကိုမေးမြန်းခြင်း
1တစ်​နေ့​သ၌ ကိုယ်တော်​သည် ဗိမာန်​တော်​တွင် လူ​တို့​အား​သွန်သင်​လျက် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် ရောက်လာ​၍ 2“သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သည်​ကို​လည်းကောင်း၊ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​ကို​ပြော​ပါ”​ဟု ကိုယ်တော်​အား ဆို​ကြ​၏။ 3ကိုယ်တော်​က​လည်း“ငါ​သည်​လည်း သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ 4ယောဟန်​၏​ဗတ္တိဇံ​သည် ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော”​ဟု ပြန်​၍​မေး​တော်မူ​၏။
5ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ကြ​ကာ “ ‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။ 6‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​ဖြစ်​သည်​ဟု ယုံကြည်​ကြ​သောကြောင့် သူ​တို့​သည် ငါ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။ 7ထို့ကြောင့် သူ​တို့​က “အဘယ်က​ဖြစ်​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ပြန်​ဖြေ​ကြ​၏။ 8ထိုအခါ ယေရှု​က“ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။
စပျစ်ခြံပိုင်ရှင်ပုံဥပမာ
9ထို့နောက် ကိုယ်တော်​သည် လူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံသမား​တို့​အား​ငှားရမ်း​ပြီးလျှင် ကာလ​အတန်ကြာ​ခရီးထွက်​လေ​၏။ 10အသီး​ပေါ်​ချိန်​ရောက်​သောအခါ စပျစ်ခြံ​ထွက်​အသီး​အချို့​ကို​မိမိ​အား​ပေး​စေရန် အစေအပါး​တစ်​ဦး​ကို ခြံသမား​တို့​ထံသို့ စေလွှတ်​လေ​၏။ သို့သော် ခြံသမား​တို့​သည် ထို​အစေအပါး​ကို​ရိုက်နှက်​ကာ လက်ချည်း​သက်သက်​ပြန်လွှတ်​ကြ​၏။ 11တစ်ဖန် အခြား​အစေအပါး​တစ်​ဦး​ကို ထပ်၍​စေလွှတ်​လေ​၏။ သို့သော် သူ့​ကို​လည်း​ရိုက်နှက်​၍ အရှက်ခွဲ​ပြီးလျှင် လက်ချည်း​သက်သက်​ပြန်လွှတ်​ကြ​၏။ 12နောက်တစ်ဖန် တတိယ​အစေအပါး​ကို ထပ်၍​စေလွှတ်​လေ​၏။ သို့သော် ထို​အစေအပါး​ကို​လည်း အနာတရ​ဖြစ်​စေ​ပြီးမှ နှင်ထုတ်​ကြ​၏။ 13ထိုအခါ စပျစ်ခြံ​ပိုင်ရှင်​က ‘ငါ​မည်သို့​ပြု​ရ​မည်နည်း။ ငါ​၏​ချစ်​သား​ကို ငါ​စေလွှတ်​မည်။ သူ​တို့​သည် သူ့​ကို​ရိုသေ​ကောင်း​ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​၏။ 14သို့သော် ခြံသမား​တို့​သည် သူ့​သား​ကို​မြင်​လျှင် ‘ဤ​သူ​သည်​အမွေခံ​ဖြစ်​၏။ အမွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​ရန် သူ့​ကို​သတ်​ကြ​စို့’​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ပြီးလျှင် 15သူ့​ကို စပျစ်ခြံ​အပြင်​သို့​နှင်ထုတ်​ကာ သတ်​ပစ်​ကြ​၏။ သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​သည် ထို​သူ​တို့​ကို မည်သို့​ပြု​မည်နည်း။ 16သူ​သည်​လာ​၍ ထို​ခြံသမား​တို့​ကို အဆုံးစီရင်​ကာ စပျစ်ခြံ​ကို အခြား​သော​သူ​တို့​အား ပေး​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ကြား​ရ​သော​သူ​တို့​က​လည်း “ထိုသို့​မ​ဖြစ်​ပါစေ​နှင့်”​ဟု ဆို​ကြ​၏။
17ကိုယ်တော်​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏’#မ 21:42၊ မာ 12:10၊ တ 4:11၊ ၁ပေ 2:7၊ ဆာ 118:22။ဟု​ရေး​ထား​သော​အရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း။ 18ထို​ကျောက်​ပေါ်သို့​ကျ​သော​သူ​တိုင်း​သည် အပိုင်းပိုင်း​ကျိုး​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင် ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
19ကျမ်းပြု​ဆရာ​များ​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် မိမိ​တို့​အား​ရည်ညွှန်း​၍ ဤ​ပုံ​ဥပမာ​ကို​မိန့်​တော်မူ​ကြောင်း သိ​ကြ​သဖြင့် ထို​အချိန်​မှာပင် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် သူ​တို့​သည် လူ​တို့​ကို​ကြောက်​ကြ​၏။
ဘုရားသခင်နှင့်ဆီဇာဧကရာဇ်
20ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​လျက် နှုတ်​တော်​ထွက်​စကား​တွင် အပြစ်​ရှာ​၍ ကိုယ်တော်​ကို ဘုရင်ခံ​၏​အုပ်ချုပ်​မှု​အာဏာ​အောက်သို့ အပ်နှံ​နိုင်​ရန် ဖြောင့်မတ်​သူ​အဖြစ် ဟန်ဆောင်​သော​သူလျှို​များ​ကို စေလွှတ်​ကြ​၏။ 21ထို​သူလျှို​တို့​က “ဆရာ၊ ဆရာ​သည် မှန်ကန်​စွာ​ဟောပြော​သွန်သင်​၍ လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ 22ဆီဇာ​ဧကရာဇ်​ကို အကျွန်ုပ်​တို့​အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။
23သို့သော် ကိုယ်တော်​သည် သူ​တို့​၏​ပရိယာယ်​ကို​သိ​တော်မူ​၍ 24“ငါ့​ကို ဒေနာရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ပါ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့် ကမ္ပည်းစာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 25ကိုယ်တော်​က​လည်း“ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
26သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​စကား​အမှား​ကို ကျော့ဖမ်း​၍​မ​ရ​နိုင်​သည့်​အပြင် ကိုယ်တော်​၏​ဖြေကြား​ပုံ​ကို​အံ့သြ​လျက် တိတ်ဆိတ်​သွား​ကြ​၏။
ဇဒ္ဒုကဲများနှင့်ရှင်ပြန်ထမြောက်ခြင်း
27ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​အချို့​တို့​သည် ချဉ်းကပ်​လာ​၍ 28“ဆရာ၊ တစ်စုံတစ်ဦး​၏​အစ်ကို​သည် မယား​ရှိ​သော်လည်း သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​သွား​လျှင် ညီ​ဖြစ်​သူ​သည် မိမိ​အစ်ကို​၏​မျိုးဆက်​ကို​ပေါက်ဖွား​စေရန် ထို​မိန်းမ​ကို​ယူ​ရ​မည်#တရား 25:5။​ဟု အကျွန်ုပ်​တို့​အား မောရှေ​စီရင်​ရေး​ထား​ခဲ့​ပါ​သည်။ 29တစ်ခါက ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် မိန်းမ​ယူ​ပြီး သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​သွား​ပါ​သည်။ 30ထိုအခါ ဒုတိယ​ညီ၊ 31ထို့နောက် တတိယ​ညီ​သည် ထို​မိန်းမ​ကို​ယူ​ပါ​သည်။ ဤသို့ဖြင့် ခုနစ်​ဦး​စလုံး သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​သွား​ကြ​သည်။ 32နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။ 33သို့ဖြစ်လျှင် ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ ထို​မိန်းမ​သည် သူ​တို့​ထဲမှ မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား ခုနစ်​ဦး​စလုံး ထို​မိန်းမ​ကို မယား​အဖြစ်​ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။
34ယေရှု​က​လည်း“မျက်မှောက်​ကာလ​၏​သားသမီး​တို့​သည် ထိမ်းမြား​စုံဖက်​၍ ပေးစား​ဆောင်နှင်း​တတ်​ကြ​၏။ 35သို့သော် တမလွန်​ကာလ​သို့​ဝင်စား​ရန်​နှင့် သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​ရန် ထိုက်တန်​သည်​ဟု​မှတ်ယူ​ခြင်း​ခံရ​သော​သူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ။ 36နောက်တစ်ဖန် သေ​သည်​ဟူ၍​လည်း​မ​ရှိ​နိုင်​ကြ။ အကြောင်းမူကား သူ​တို့​သည် ကောင်းကင်တမန်​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​၏​သား​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​၏​သား​များ​လည်း​ဖြစ်​ကြ​၏။ 37မောရှေ​သည်​လည်း ချုံပုတ်​အကြောင်း​ရေး​ထား​သော​အခန်း​တွင် ထာဝရ​ဘုရား​ကို ‘အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား’#ထွ 3:6၊ 3:15-16။ဟု​ခေါ်​၍ သေလွန်​သော​သူ​တို့​၏​ထမြောက်​ခြင်း​အကြောင်း​ကို ဖော်ပြ​ခဲ့​၏။ 38ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​သည် ဘုရားသခင်​၌ အသက်ရှင်​လျက်​ရှိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။
39ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဆရာ၊ ဆရာ​သည် လျောက်ပတ်​စွာ​ဖြေကြား​လေ​ပြီ”​ဟု လျှောက်​ကြ​၏။ 40ထို​အချိန်​မှစ၍ သူ​တို့​သည် ကိုယ်တော်​အား မည်သည့်​အရာ​ကို​မျှ မ​မေး​ဝံ့​တော့ချေ။
ခရစ်တော်နှင့်ပတ်သက်သည့်မေးခွန်း
41ထို့နောက် ကိုယ်တော်​က“ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု မည်သို့​ပြောဆို​နိုင်​ကြ​မည်နည်း။ 42အကြောင်းမူကား ဒါဝိဒ်​ကိုယ်တိုင်​သည် ဆာလံ​ကျမ်း​တွင် ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား 43သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’#မ 22:44၊ မာ 12:36၊ တ 2:35၊ ဟေဗြဲ 1:13၊ 10:12-13၊ 12:2၊ ဆာ 110:1။ဟူ၍ ဆို​ထား​၏။ 44ထိုသို့ ဒါဝိဒ်​သည် ခရစ်တော်​ကို သခင်​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။
ကျမ်းပြုဆရာတို့ကိုသတိထားကြလော့
45လူ​အပေါင်း​တို့​သည် နားထောင်​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား 46“ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​လျက် သွားလာ​ရန် အလိုရှိ​ကြ​၍ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။ 47သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ