YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 21

21
မုဆိုးမ၏အလှူ
1ထို့နောက် ကိုယ်တော်​သည် မျှော်ကြည့်​၍ ချမ်းသာ​သော​သူ​တို့​သည် အလှူခံ​သေတ္တာ​ထဲသို့ မိမိ​တို့​၏​အလှူ​ငွေ​များ​ထည့်​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။ 2ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည်​လည်း ထို​အလှူခံ​သေတ္တာ​ထဲသို့ လတ္တာ​နှစ်​ပြား​ထည့်​နေ​သည်​ကို မြင်​တော်မူ​၏။ 3ထိုအခါ ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အခြား​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။ 4အကြောင်းမူကား ဤ​သူ​အားလုံး​တို့​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ အလှူ​ငွေ​ကို​ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သော​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။
ဗိမာန်တော်ပျက်စီးမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
5ဗိမာန်​တော်​ကို လှပ​သော​ကျောက်တုံး​များ​မှစ၍ လှူဒါန်း​ထား​သော​ဝတ္ထု​ပစ္စည်း​များ​ဖြင့် တန်ဆာဆင်​ထား​ကြောင်း လူ​အချို့​တို့​က​ပြောဆို​နေ​ကြ​၏။ 6ကိုယ်တော်​က“ဤ​အရာ​များ​ကို သင်​တို့​မြင်​ရ​ကြ​၏။ ၎င်း​ထဲမှ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍​မ​ရှိ​သော​နေ့ရက်​ကာလ​ရောက်​လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ကပ်ကမ္ဘာကုန်ဆုံးချိန်၏နိမိတ်လက္ခဏာများ
7သူ​တို့​က​လည်း “ဆရာ၊ သို့ဖြစ်လျှင် ထို​အခြင်းအရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​လာ​မည်နည်း။ ၎င်း​တို့​ဖြစ်ပျက်​လာ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ပေါ်ထွန်း​လာ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။ 8ကိုယ်တော်​က​လည်း“သင်​တို့​သည် လှည့်ဖြား​ခြင်း​မ​ခံရ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ့​အဖြစ်​အယောင်ဆောင်​လျက်​ရောက်လာ​၍ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟူ၍​လည်းကောင်း၊ ‘အချိန်​နီးကပ်​လာ​ပြီ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ ထို​သူ​တို့​၏​နောက်​သို့​မ​လိုက်​ကြ​နှင့်။ 9သင်​တို့​သည် စစ်ပွဲ​များ​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​အကြောင်း​တို့​ကို ကြား​ရ​သောအခါ ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည် ဦးစွာ​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည် ချက်ချင်း​မ​ရောက်​သေး”​ဟု မိန့်​တော်မူ​၏။ 10ထို့နောက် ကိုယ်တော်​က“လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ 11အရပ်ရပ်​တို့​၌ ပြင်းထန်​သော​ငလျင်​လှုပ်​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်မည်။ မိုး​ကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​ရာ​များ​နှင့် ကြီးမား​သော​အတိတ်​နိမိတ်​များ​ပေါ်ထွန်း​ကြ​လိမ့်မည်။
12 သို့သော် ဤ​အခြင်းအရာ​အားလုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်းဆီး​၍ ညှဉ်းဆဲ​ကာ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲသို့ ပို့​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ​၏​နာမ​ကြောင့် ရှင်ဘုရင်​များ​နှင့်​ဘုရင်ခံ​များ​ရှေ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ 13ဤ​အမှုအရာ​သည် သင်​တို့​သက်သေ​ခံရ​သော​အခွင့်အရေး​ဖြစ်လာ​လိမ့်မည်။ 14ထို့ကြောင့် မည်သို့​ချေပ​ပြောဆို​ရ​မည်​ကို ကြိုတင်​၍​မ​စဉ်းစား​ရန် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ဆုံးဖြတ်​ထား​ကြ​လော့။ 15အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။ 16သင်​တို့​၏​မိဘ၊ ညီအစ်ကို၊ ဆွေမျိုး​နှင့် မိတ်ဆွေ​တို့​ပင်လျှင် သင်​တို့​ကို​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​တွင် အချို့​တို့​သည် အသေ​သတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ 17လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ 18သို့သော် သင်​တို့​ဦးခေါင်း​မှ ဆံပင်​တစ်​ပင်​မျှ​မ​ပျက်စီး​ရ။ 19သင်​တို့​သည် သည်းခံ​သော​အားဖြင့် သင်​တို့​အသက်​ကို​ရရှိ​ကြ​လိမ့်မည်။
ဂျေရုဆလင်မြို့၏ပျက်စီးခြင်း
20 ဂျေရုဆလင်​မြို့​အား စစ်မက်​ဗိုလ်ခြေ​တို့​ဝိုင်းရံ​ကြ​သည်​ကို​သင်​တို့​တွေ့မြင်​ကြ​သောအခါ ထို​မြို့​၏​ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နီးကပ်​လာ​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။ 21ထိုအခါ ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ မြို့​ထဲ​၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​ကြ​စေ။ ကျေးလက်​ဒေသ​၌​ရှိ​သော​သူ​တို့​သည်​လည်း မြို့​ထဲသို့​မ​ဝင်​ကြ​စေ​နှင့်။ 22အကြောင်းမူကား ထို​နေ့ရက်​များ​သည် ကျမ်းစာ​၌​ရေး​ထား​သော​အရာ​အားလုံး​ပြည့်စုံ​မည့် ပြစ်ဒဏ်​ပေး​ရာ​နေ့ရက်​များ​ဖြစ်​၏။ 23ထို​နေ့ရက်​များ​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဤ​ပြည်​အပေါ်​၌ ကြီးစွာ​သော​ဒုက္ခ​ဆင်းရဲ​ခြင်း​ကျရောက်​၍ ဤ​လူမျိုး​အပေါ်၌​အမျက်​တော်​သက်ရောက်​လိမ့်မည်။ 24သူ​တို့​သည် ဓား​ဘေး​ဖြင့်​ကျဆုံး​၍ အခြား​သော​ပြည်​အရပ်ရပ်​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ လူမျိုးခြား​တို့​သည်​လည်း မိမိ​တို့​အချိန်အခါ​များ​ပြည့်စုံ​သည်​အထိ ဂျေရုဆလင်​မြို့​ကို နင်းချေ​ကြ​လိမ့်မည်။
လူ့သားပြန်ကြွလာခြင်း
25 ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။ 26အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။ 27ထိုအခါ လူ့သား​သည် တန်ခိုး​နှင့် ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​ကို​စီး​လျက် ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။#မ 24:30၊ မာ 13:26၊ ဗျာ 1:7၊ ဒံ 7:13။ 28ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
သဖန်းပင်ပုံဥပမာ
29ထို့နောက် ကိုယ်တော်​သည် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“သဖန်းပင်​နှင့် အခြား​သစ်ပင်​အားလုံး​တို့​ကို ကြည့်​ကြ​လော့။ 30ရွက်နု​ထွက်လာ​သောအခါ သင်​တို့​သည်​မြင်​၍ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း အလိုအလျောက်​သိ​ကြ​၏။ 31ထိုနည်းတူ ဤ​အရာ​များ​ဖြစ်ပျက်​နေ​သည်​ကို သင်​တို့​မြင်​ရ​သောအခါ ဘုရားသခင်​၏​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။ 32သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်​အခါ​မျှ ကွယ်ပျောက်​လိမ့်မည်​မဟုတ်။ 33ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။
ထိုနေ့၊ ထိုအချိန်ကို မည်သူမျှမသိ
34 သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။ 35အကြောင်းမူကား ထို​နေ့ရက်​သည် မြေ​တစ်ပြင်လုံး​၌​နေထိုင်​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လာ​လိမ့်မည်။ 36ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
37ကိုယ်တော်​သည် နေ့​အခါ​များ​၌ ဗိမာန်​တော်​တွင် သွန်သင်​တော်မူ​ပြီး ည​အခါ​များ​၌​မူ အပြင်​သို့​ထွက်သွား​၍ သံလွင်​အမည်​ရှိ​သော​တောင်​ပေါ်၌ ည​ကို​ကုန်လွန်​စေ​တော်မူ​၏။ 38လူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​၏​တရား​တော်​ကို​ကြားနာ​ရန် နံနက်​စောစော ဗိမာန်​တော်​၌​ရှိ​သော​ကိုယ်တော်​ထံသို့ လာ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။