YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 19

19
ဇက္ခဲထံ ယေရှုဝင်ရောက်တည်းခိုတော်မူခြင်း
1ထို့နောက် ကိုယ်တော်​သည် ဂျေရိခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်မူ​၏။ 2ထို​အရပ်​တွင် ဇက္ခဲ​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အခွန်​ကောက်ခံ​သူ​တို့​၏​အကြီးအကဲ​ဖြစ်​ပြီး ချမ်းသာ​သော​သူ​ဖြစ်​၏။ 3သူ​သည် ယေရှု​မည်သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုးစား​သော်လည်း အရပ်​ပု​သောကြောင့် လူထု​ပရိသတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။ 4ထို့ကြောင့် သူ​သည် ကိုယ်တော်​ကို​တွေ့မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သဖန်းပိုးစာ​ပင်​ပေါ်သို့​တက်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ထို​နေရာ​ကို​ဖြတ်​သွား​တော့မည်​ဖြစ်​၏။
5ယေရှု​သည် ထို​နေရာ​သို့​ရောက်​သောအခါ မော့ကြည့်​လျက်“ဇက္ခဲ၊ သင့်​အိမ်​တွင် ယနေ့ ငါ​တည်းခို​ရ​မည်​ဖြစ်၍ အမြန်​ဆင်း​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ 6ဇက္ခဲ​သည်​အမြန်​ဆင်း​လာ​၍ ကိုယ်တော်​ကို ဝမ်းမြောက်​စွာ လက်ခံ​ကြိုဆို​၏။
7ဤ​အခြင်းအရာ​ကို မြင်​သော​သူ​အပေါင်း​တို့​က “ကိုယ်တော်​သည် အပြစ်သား​၏​အိမ်​သို့​ဝင်​၍​တည်းခို​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။
8ဇက္ခဲ​သည်​ရပ်​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တို့​အား​ပေး​ပါ​မည်။ ထို့ပြင် တစ်စုံတစ်ဦး​ထံမှ တစ်စုံတစ်ရာ​ကို မတရား​တောင်းခံ​ထား​သည်​ဆိုလျှင် လေးဆ​ပြန်​ပေး​ပါ​မည်”​ဟု သခင်​ဘုရား​အား​လျှောက်​လေ​၏။ 9ယေရှု​က​လည်း“ယနေ့​ပင် ကယ်တင်​ခြင်း​သည် ဤ​အိမ်​ပေါ်သို့​သက်ရောက်​လေ​ပြီ။ အကြောင်းမူကား သူ​သည်​လည်း အာဗြဟံ​၏​သား​ဖြစ်​၏။ 10အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။
ငွေဆယ်မိနာ့ပုံဥပမာ
11ကိုယ်တော်​သည် ဤ​အကြောင်းအရာ​တို့​ကို နားထောင်​နေ​သော​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​ကို​ထပ်မံ​၍​ပေး​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​သဖြင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ချက်ချင်း​ပေါ်ထွန်း​လာ​မည်​ဟု သူ​တို့​ထင်မှတ်​ကြ​သောကြောင့်​ဖြစ်​၏။
12ကိုယ်တော်​က“မြင့်မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး​ပြန်လာ​ရန် ဝေးလံ​သော​တိုင်းပြည်​သို့ ခရီး​သွား​လေ​၏။ 13ခရီး​မ​ပြု​မီ မိမိ​၏​အစေအပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိနာ့​ပေး​လျက် ‘ငါ​ပြန်လာ​သည်​အထိ စီးပွား​ရှာ​ကြ​လော့’​ဟု မှာထား​ခဲ့​၏။
14 သို့သော် သူ​၏​ပြည်သူ​ပြည်သား​တို့​သည် သူ့​ကို​မုန်း​သဖြင့် သူ့​နောက်မှ သံတမန်​ကို​စေလွှတ်​၍ ‘အကျွန်ုပ်​တို့​အပေါ် ဤ​သူ​အုပ်ချုပ်​မည်​ကို အကျွန်ုပ်​တို့​အလို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။
15 ထို့နောက် သူ​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး ပြန်လာ​သောအခါ ငွေ​ပေး​ထား​ခဲ့​သော​အစေအပါး​တို့​သည် စီးပွား​ရှာ​၍ အမြတ်​မည်မျှ​ရ​ကြ​သည်​ကို သိရှိ​နိုင်​မည့်​အကြောင်း သူ​တို့​ကို မိမိ​ထံသို့​ခေါ်​လာ​ရန် အမိန့်​ရှိ​၏။ 16ပထမ​တစ်​ဦး​သည် လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ဆယ်​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။ 17သခင်​က​လည်း ‘ကောင်းလေစွ။ အစေအပါး​ကောင်း၊ သင်​သည် သေးငယ်​သော​အမှု​၌ သစ္စာရှိ​သောကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​လေ​၏။ 18ဒုတိယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ငါး​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။ 19သခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​၏။ 20ထို့နောက် အခြား​တစ်​ဦး​သည်​လာ​၍ ‘သခင်၊ ကြည့်​ပါ။ ပဝါ​ထဲ၌ အကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သခင်​၏​ငွေ​တစ်​မိနာ့​ရှိ​ပါ​သည်။ 21သခင်​သည် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ပြီး မိမိ​မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​လျက် မိမိ​မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သောကြောင့် အကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။ 22သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် 23အဘယ်ကြောင့် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ မ​အပ်ထား​သနည်း။ အပ်ထားလျှင် ငါ​ပြန်လာ​သောအခါ ၎င်း​ကို အတိုး​နှင့်တကွ ငါ​ရရှိ​ခဲ့​ပေ​လိမ့်မည်’​ဟု ဆို​လေ​၏။ 24ထို့နောက် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိနာ့​ကို သူ့​ထံမှ​ယူ​၍ ငွေ​ဆယ်​မိနာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။ 25သူ​တို့​က​လည်း ‘သခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိနာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင် 26သခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ 27ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။
ဩဘာပေးခြင်းခံရလျက် ဂျေရုဆလင်မြို့သို့ကြွဝင်တော်မူခြင်း
28ကိုယ်တော်​သည် ထိုသို့​မိန့်​တော်မူ​ပြီးနောက် ရှေ့သို့​ခရီးသွား​လျက် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ 29သံလွင်​ဟု​ခေါ်​သော​တောင်​အနီး​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ 30“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်​သည်​နှင့် မည်သူမျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။ 31တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့်​ကြိုး​ဖြေ​ကြ​သနည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။
32စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ထွက်သွား​၍ သူ​တို့​အား​ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း တွေ့မြင်​ကြ​၏။ 33သူ​တို့​သည် မြည်း​ကလေး​ကို​ကြိုး​ဖြေ​နေ​ကြ​စဉ် ၎င်း​၏​ပိုင်ရှင်​တို့​က “အဘယ်ကြောင့် မြည်း​ကလေး​ကို​ကြိုး​ဖြေ​ကြ​သနည်း”​ဟု မေး​ကြ​၏။ 34သူ​တို့​က​လည်း “သခင်​ဘုရား​အလို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။ 35ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​ပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​၍ ယေရှု​အား​စီး​စေ​ကြ​၏။ 36ကိုယ်တော်​ကြွ​တော်မူ​စဉ်​တွင် လူ​တို့​သည် မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။
37ကိုယ်တော်​သည် သံလွင်​တောင်​၏​အဆင်း​လမ်း​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​အစုအဝေး​အပေါင်း​တို့​သည် မိမိ​တို့​တွေ့မြင်​ခဲ့​ရ​သည့် တန်ခိုး​လက္ခဏာ​အားလုံး​အတွက် ဝမ်းမြောက်​လျက် ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​ကို​ချီးမွမ်း​ကာ 38“ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​ရှင်ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း။#ဆာ 118:26။ ကောင်းကင်​၌ ငြိမ်သက်​ခြင်း​ရှိ​၍ အမြင့်ဆုံး​သော​အရပ်​၌ ဘုန်း​ကြီး​တော်မူ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ 39ထိုအခါ လူထု​ပရိသတ်​ထဲမှ ဖာရိရှဲ​အချို့​တို့​က “ဆရာ၊ ဆရာ့​တပည့်​များ​ကို​ဆုံးမ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ 40ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်ခဲ​တို့​သည် ကြွေးကြော်​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
ဂျေရုဆလင်မြို့အတွက် ငိုကြွေးတော်မူခြင်း
41ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​၍ ထို​မြို့​ကို​မြင်​တော်မူ​လျှင် ၎င်း​အတွက် ငိုကြွေး​လျက် 42“သင်​သာ ငြိမ်သက်​ခြင်း​ကို​ရ​စေ​သည့်​အရာ​တို့​ကို ယနေ့​ပင်​သိ​ခဲ့​လျှင်... သို့ရာတွင် ထို​အရာ​သည် ယခု​သင်​၏​မျက်စိ​ရှေ့မှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​၏။ 43အကြောင်းမူကား သင်​၏​ရန်သူ​တို့​သည် ကတုတ်​တည်​၍ သင့်​ကို​ဝိုင်းရံ​လျက် အဘက်ဘက်​မှ သင့်​ကို​ပိတ်ဆို့​ထား​ကာ 44သင်​မှစ၍ သင့်​အထဲ၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို မြေ​နှင့်​တစ်ညီ​တည်း​ဖြစ်​စေ​သဖြင့် သင့်​အထဲတွင် ကျောက်တုံး​တစ်​တုံး​ကို​မျှ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌​မ​ကျန်ရစ်​စေ​မည့် အချိန်​ကာလ​သည် ရောက်လာ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သင့်​ထံ အကြည့်အရှု​ကြွလာ​တော်မူ​သော​အချိန်​ကို သင်​မ​သိ​သောကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
ဗိမာန်တော်ကိုသန့်ရှင်းစေတော်မူခြင်း
45ထို့နောက် ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို နှင်ထုတ်​တော်မူ​ပြီး 46ထို​သူ​တို့​အား“ ‘ငါ့​အိမ်​သည် ဆုတောင်း​ရာ​အိမ်​ဖြစ်​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သော်လည်း သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား”#မ 21:13၊ မာ 11:17၊ ဟေရှာ 56:7၊ ယေ 7:11။​ဟု မိန့်​တော်မူ​၏။
47ကိုယ်တော်​သည် ဗိမာန်​တော်​၌ နေ့စဉ်​နေ့တိုင်း သွန်သင်​လျက်​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​ခေါင်းဆောင်​များ​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သော်လည်း 48လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို အာရုံစိုက်​၍​နားထောင်​နေ​ကြ​သောကြောင့် မည်သို့​မျှ​မ​ပြု​နိုင်​ကြ​ချေ။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။