YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 22

22
ဂျော်ဒန်မြစ်အရှေ့ဘက်အမွေမြေသို့ ပြန်သွားခြင်း
1ထို့နောက်မှ ယောရှု​သည် ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​နှင့် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ကို ခေါ်​၍ 2“​ထာဝရဘုရား​၏​အစေအပါး​မောရှေ မှာကြား​ခဲ့​သည့်​အတိုင်း သင်​တို့​ပြု​ကြ​သည့်​နည်းတူ ငါ​မှာကြား​သမျှ​ကို​လည်း သင်​တို့​လိုက်နာ​ကြ​ပြီ​။ 3သင်​တို့​သည် ယနေ့​အထိ သင်​တို့​၏​ညီအစ်ကို​တို့​ကို​မ​စွန့်​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​မှာကြား​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီ​။ 4ယခု​တွင်​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ညီအစ်ကို​တို့​အား အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် သင်​တို့​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပေး​ခဲ့​သည့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ သင်​တို့​ပိုင်ဆိုင်​ရာ​ပြည်​၊ သင်​တို့​၏​အိမ်​ရှိ​ရာ​သို့​ပြန်​သွား​ကြ​လော့​။ 5သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ရ​မည်​၊ တရားလမ်း​တော်​ရှိသမျှ​အတိုင်း​လိုက်လျှောက်​ရ​မည်​၊ ပညတ်တော်​များ​ကို​စောင့်ထိန်း​ရ​မည်​၊ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​၊ သင်​တို့​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​ရ​မည်#တရား 6:5၊ မ 22:37၊ မာ 12:30,33၊ လု 10:27။​ဟူ၍ သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​မိန့်မှာ​ထား​သည့် ပညတ်တော်​၊ တရားတော်​တို့​ကို​စောင့်ထိန်း​မည့်​အကြောင်း အထူး​သတိပြု​ကြ​လော့​”​ဟု မှာကြား​လေ​၏​။
6ထို့နောက် ယောရှု​သည် သူ​တို့​ကို​ကောင်းချီးပေး​ပြီး ပြန်​စေ​သဖြင့် သူ​တို့​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။ 7မောရှေ​က မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား ဗာရှန်​ပြည်​ကို အမွေမြေ​အဖြစ်​ပေး​ခဲ့​၏​။ ယောရှု​က ကျန်​မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား သူ​တို့​၏​ညီအစ်ကို​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​အနောက်ဘက်ခြမ်း​ကို အမွေမြေ​အဖြစ်​ပေး​၏​။ သူ​တို့​ကို အိမ်​သို့​ပြန်​စေ​သောအခါ ယောရှု​သည် ကောင်းချီးပေး​၍ 8“​သင်​တို့​၏​ရန်သူ​တို့​ထံမှ တိုက်ယူ​သော​ပစ္စည်း​များ​ကို သင်​တို့​၏​ညီအစ်ကို​တို့​နှင့်အတူ ခွဲဝေယူ​ကြ​လော့​။ တိရစ္ဆာန်​၊ ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ အဝတ်အထည်​မှစ၍ စည်းစိမ်ဥစ္စာ​အမြောက်အမြား​တို့​ကို ယူ​၍ သင်​တို့​၏​အိမ်​သို့​ပြန်သွား​ကြ​လော့​”​ဟု သူ​တို့​အား​ဆို​လေ​၏​။
ဂျော်ဒန်မြစ်အရှေ့ဘက်ရှိမျိုးနွယ်တို့ ယဇ်ပလ္လင်တည်ခြင်း
9သို့ဖြစ်၍ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​မြို့​မှ​ထွက်ခွာ​၍ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ထား​သည့်​အတိုင်း မိမိ​တို့​အပိုင်​ရရှိ​ခဲ့​သော​ဂိလဒ်​ပြည်​သို့ ပြန်​သွား​ကြ​၏​။ 10ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​၊ မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် ခါနာန်​ပြည်​၊ ဂျော်ဒန်​မြစ်​အနီး​သို့​ရောက်​သောအခါ ထင်ရှားမြင်သာ​သော ယဇ်ပလ္လင်​ကြီး​တစ်​ခု​ကို တည်​လေ​၏​။ 11“ကြည့်ရှု​လော့​။ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​နယ်မြေ​၊ ဂျော်ဒန်​မြစ်​အနီး​၊ ခါနာန်​ပြည်​နယ်စပ်​၌ ယဇ်ပလ္လင်​တည်​ကြ​ပြီ”​ဟု ပြောဆို​ကြ​သည်​ကို အစ္စရေး​အမျိုးသား​တို့​ကြား​ကြ​၏​။ 12ထိုသို့ ကြား​ရ​သောအခါ အစ္စရေး​လူထု​အပေါင်း​တို့​သည် ရှိလော​မြို့​၌ စုရုံး​ကြ​၍ သူ​တို့​ကို တိုက်ခိုက်​ရန် စစ်ချီ​ကြ​၏​။
ယဇ်ပလ္လင်နှင့်ပတ်သက်သောရှင်းပြချက်
13အစ္စရေး​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​ရှိ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​ထံသို့ ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​နှင့်တကွ 14အစ္စရေး​အမျိုးအနွယ်​တစ်နွယ်စီ​မှ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ခေါင်းဆောင်​တစ်ယောက်စီ စုစုပေါင်း​ခေါင်းဆောင်​ဆယ်​ယောက်​တို့​ကို​စေလွှတ်​၏​။ ထို​သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​တစ်စုစီ​မှ မျိုးနွယ်စု​အကြီးအကဲ​များ ဖြစ်​၏​။ 15သူ​တို့​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်လာ​၍ သူ​တို့​အား 16“​ထာဝရဘုရား​၏​လူ​အပေါင်း​တို့​က ‘​သင်​တို့​သည် အပြစ်​ပြု​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ပြစ်မှား​ကြ​ပါ​သည်​တကား​။ ယခု သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​၍ မိမိ​တို့​အဖို့ ယဇ်ပလ္လင်​တည်​ခြင်း​ဖြင့် ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လမ်းလွဲ​သွား​ကြ​ပြီ​တကား​။ 17ပေဂုရ​တောင်​၌ ငါ​တို့​ပြု​ခဲ့​မိ​သော​အပြစ်​သည် မ​လုံလောက်​သေး​သလော​။ ယခု​အချိန်​ထိ ထို​အပြစ်​နှင့် ငါ​တို့​မ​ကင်းရှင်း​သေး​။ ထို​အပြစ်​များ​ကြောင့်​လည်း ထာဝရဘုရား​၏​လူ​များ​အပေါ်​သို့ ဘေးဒဏ်​ကျရောက်​ခဲ့​ပြီ​။ 18ယခု​လည်း သင်​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လမ်းလွဲ​သွား​ကြ​ပြီ​။ ယနေ့ ထာဝရဘုရား​ကို သင်​တို့​ပုန်ကန်​လျှင် မနက်ဖြန်​တွင် အစ္စရေး​လူ​အပေါင်း​တို့​ကို အမျက်ထွက်​တော်မူ​လိမ့်မည်​။ 19သင်​တို့​အပိုင်ရ​သော​ပြည်​သည် မစင်ကြယ်​လျှင် ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်​ရာ ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ပြည်​သို့ ကူးလာ​၍ ငါ​တို့​နှင့်အတူ အမွေခံ​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ တည်​ထား​သော​ယဇ်ပလ္လင်​မှတစ်ပါး ကိုယ့်​အဖို့​ယဇ်ပလ္လင်​ကို​တည်​ခြင်း​ဖြင့် ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​နှင့်​။ ငါ​တို့​ကို​လည်း မ​ပုန်ကန်​ကြ​နှင့်​။ 20ဇေရ​အမျိုးသား​အာခန်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို​ယူ​ခြင်း​ဖြင့် အပြစ်​ပြု​သောကြောင့် သူ​တစ်ယောက်တည်း သေ​သည်​မ​ဟုတ်​။ အစ္စရေး​လူထု​တစ်ရပ်လုံး အမျက်​တော်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော​’​ဟူ၍ ပြောဆို​ကြ​သည်​”​ဟု ဆို​၏​။ 21ထိုအခါ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​က အစ္စရေး​မျိုးနွယ်စု​အကြီးအမှူး​တို့​အား 22“​တန်ခိုးကြီး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ တန်ခိုးကြီး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား သိ​တော်မူ​ပါ​၏​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း သိ​စေ​တော်မူ​ပါ​။ ထာဝရဘုရား​ကို​ပုန်ကန်​မိ​လျှင်​၊ ပြစ်မှား​မိ​လျှင် ယနေ့ အကျွန်ုပ်​တို့​ကို ချမ်းသာ​ခွင့်​မ​ပေး​ပါ​နှင့်​။ 23ထာဝရဘုရား​၏​နောက်​တော်​သို့ မ​လိုက်​ဘဲ​လမ်းလွဲ​၍ ယဇ်ပလ္လင်​ကို​တည်​လျှင်​၊ ထို​ယဇ်ပလ္လင်​ပေါ်၌ မီးရှို့ရာယဇ်​နှင့်​ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်​၊ ထို​ယဇ်ပလ္လင်​ပေါ်၌ မိတ်သဟာယယဇ်​များ​ကို ပူဇော်​လျှင် ထာဝရဘုရား​ကိုယ်တော်တိုင် စစ်ကြောစီရင်​တော်မူ​ပါ​။ 24ငါ​တို့ ဤသို့​ပြု​ကြ​သည်​မှာ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ငါ​တို့​၏​သားမြေး​တို့​အား ‘​သင်​တို့​နှင့် အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မည်သို့​ဆိုင်​သနည်း​။ 25အို ရုဗင်​သားမြေး​နှင့်​ဂဒ်​သားမြေး​တို့​၊ ထာဝရဘုရား​သည် သင်​တို့​နှင့်​ငါ​တို့​ကြား​၌ ဂျော်ဒန်​မြစ်​ကို နယ်နိမိတ်​အဖြစ်​ခြား​ထား​တော်မူ​ပြီ​။ ထာဝရဘုရား​ထံ၌ သင်​တို့​အဖို့​ဝေစု​မ​ရှိ​’​ဟု ဆို​လျက် သင်​တို့​၏​သားမြေး​တို့​က ငါ​တို့​၏​သားမြေး​တို့​အား ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​မ​ရှိ​အောင် ပြု​ကြ​မည်​ကို ငါ​တို့​စိုးရိမ်​သောကြောင့် ဤ​အမှု​ကို ပြု​ခြင်း​ဖြစ်​၏​။ 26ထို့ကြောင့် ငါ​တို့​က ‘​ငါ​တို့​အဖို့ ယဇ်ပလ္လင်​တည်​ကြ​စို့​။ သို့သော် မီးရှို့ရာယဇ်​အတွက်​မ​ဟုတ်​၊ ယဇ်ပူဇော်​ရန်​အတွက်​လည်း မ​ဟုတ်​။ 27ငါ​တို့​သည် ငါ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​၊ မိတ်သဟာယယဇ်​များ​ဖြင့် ထာဝရဘုရား​၏​ရှေ့​တော်​၌ ကိုယ်တော်​ကို​ဝတ်ပြု​တတ်​ကြ​ကြောင်း သင်​တို့​နှင့်​ငါ​တို့​အကြား​၊ နောင်လာမည့်​ငါ​တို့​၏​မျိုးဆက်​အစဉ်အဆက်​ကြား​၌ သက်သေ​ဖြစ်​စေရန်​သာ​ဖြစ်​၏​။ သို့မှ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​သည် ငါ​တို့​၏​သားမြေး​တို့​အား “ထာဝရဘုရား​၌ သင်​တို့​အဖို့​ဝေစု​မ​ရှိ”​ဟူ၍ ပြော​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်’​ဟု ပြောဆို​တိုင်ပင်​ကြ​၏​။ 28နောင်ကာလ​၌ သူ​တို့​က ငါ​တို့​နှင့်​ငါ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​ကို ထိုသို့​ပြော​လျှင် ငါ​တို့​က ‘​ကြည့်ရှု​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​နှင့်​ပုံသဏ္ဌာန်​တူ​သော ယဇ်ပလ္လင်​ကို​တည်​ခဲ့​သည်​မှာ မီးရှို့ရာယဇ်​အတွက်​မ​ဟုတ်​၊ ယဇ်ပူဇော်​ရန်​အတွက်​လည်း မ​ဟုတ်​၊ ငါ​တို့​နှင့်​သင်​တို့​အကြား​၌ သက်သေ​ဖြစ်​ရန်​အတွက်​သာ​ဖြစ်​၏​’​ဟု ပြန်ပြော​နိုင်​ရန်​ဖြစ်​၏​။ 29ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ရှေ့​၌​ရှိ​သော ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​မှတစ်ပါး မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ ယဇ်ကောင် စသည်​တို့​ကို​ပူဇော်​ရန် အခြား​သော​ယဇ်ပလ္လင်​တည်​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပုန်ကန်​သော​အမှု​၊ ယနေ့ ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လမ်းလွဲ​သွား​သော​အမှု​တို့​သည် ငါ​တို့​နှင့်​ဝေး​ပါစေ​”​ဟု ဆို​ကြ​၏​။
အငြင်းပွားမှုကို ဖြေရှင်းခြင်း
30ယဇ်ပုရောဟိတ်​ဖိနဟတ်​နှင့်တကွ လူထု​ခေါင်းဆောင်​များ​ဖြစ်​သော အစ္စရေး​မျိုးနွယ်စု​တို့​၏​အကြီးအမှူး​များ​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တို့​ပြော​သော​စကား​ကို​ကြား​သောအခါ ကျေနပ်​နှစ်သက်​ကြ​၏​။ 31ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​က​လည်း ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တို့​အား “​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို ယနေ့ ငါ​တို့​သိ​ရ​ပြီ​။ အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ကို​မ​ပြစ်မှား​ခဲ့​ကြ​ပေ​။ ယခု သင်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ထာဝရဘုရား​လက်​တော်​မှ​ကယ်နုတ်​လေ​ပြီ​”​ဟု ဆို​လေ​၏​။ 32ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​နှင့်​ခေါင်းဆောင်​တို့​သည် ဂိလဒ်​ပြည်​ရှိ ရုဗင်​သားမြေး​နှင့် ဂဒ်​သားမြေး​တို့​ထံမှ အစ္စရေး​အမျိုးသား​တို့​ရှိ​ရာ ခါနာန်​ပြည်​သို့​ပြန်လာ​၍ ထို​သူ​တို့ ပြော​သော​စကား​ကို ပြန်ပြောပြ​ကြ​၏​။ 33ထို​စကား​ကို အစ္စရေး​အမျိုးသား​တို့​ကြား​သောအခါ ကျေနပ်​နှစ်သက်​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဘုရားသခင်​ကို​ကောင်းချီးထောမနာ​ပြု​ကြ​၏​။ သူ​တို့​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​နေထိုင်​ရာ​ပြည်​ကို စစ်ချီ​တိုက်ခိုက်ဖျက်ဆီး​မည့်​အကြောင်း မ​ပြော​ကြ​တော့​ပေ​။ 34ရုဗင်​သားမြေး​နှင့်​ဂဒ်​သားမြေး​တို့​က “​ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း ထို​ယဇ်ပလ္လင်​သည် ငါ​တို့​တွင် သက်သေ​ဖြစ်​၏​”​ဟု ဆို​၍ ထို​ယဇ်ပလ္လင်​ကို “​သက်သေ​”​ဟု ခေါ်ဝေါ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ