YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 21

21
လေဝိအမျိုးအနွယ်တို့အမွေရသောမြို့များ
1လေဝိ​အမျိုး​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​အရပ်​သို့​လာ​၍ 2“​အကျွန်ုပ်​တို့​နေစရာ​မြို့​နှင့် အကျွန်ုပ်​တို့​တိရစ္ဆာန်​များ​အတွက် စားကျက်မြေ​များ​ကို အကျွန်ုပ်​တို့​အား ပေး​ရ​မည်​ဟူ၍ မောရှေ​မှတစ်ဆင့် ထာဝရဘုရား မိန့်မှာ​ခဲ့​ပါ​သည်​”​ဟု ဆို​ကြ​၏​။ 3ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​ရ​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။ 4မဲချ​ရာ​တွင် ကောဟတ်​အမျိုး​တို့ မျိုးနွယ်စု​အလိုက် မဲကျ​၏​။ လေဝိ​အမျိုးအနွယ်​၊ ယဇ်ပုရောဟိတ်​အာရုန်​၏ သားမြေး​တို့​သည် ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရရှိ​၏​။ 5မဲချ​ရာ​တွင် ကျန်​ကောဟတ်​အမျိုး​တို့​သည် ဧဖရိမ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ ဒန်​အမျိုးအနွယ်​၊ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​ဆယ်​မြို့​ကို ရရှိ​၏​။ 6မဲချ​ရာ​တွင် ဂေရရှုန်​အမျိုး​တို့​သည် ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရရှိ​၏​။ 7မေရာရိ​အမျိုး​သည် မျိုးနွယ်စု​အလိုက် ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​နှစ်​မြို့​ကို ရရှိ​၏​။ 8ဤသို့ဖြင့် မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို မဲချ​ခွဲဝေ​ပေး​လေ​၏​။
အာရုန်သားမြေးတို့အမွေရသောမြို့များ
9ယုဒ​အမျိုးအနွယ်​နှင့် ရှိမောင်​အမျိုးအနွယ်​တို့​ရ​သော​အမွေမြေ​ထဲမှ မြို့​များ​ကို​အမည်​နှင့်တကွ မဲချ​ခွဲဝေ​ပေး​ခြင်း​ဖြစ်​၏​။ 10လေဝိ​အမျိုးအနွယ်​၊ ကောဟတ်​မျိုးနွယ်စု​များ​ထဲမှာ အာရုန်​၏​သားမြေး​များ​သည် ပထမဆုံး​မဲကျ​သောကြောင့် သူ​တို့​အား ထို​မြို့​များ​ကို ခွဲဝေ​ပေး​၏​။ 11သူ​တို့​အား ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ပေး​လေ​၏​။ (​အာဘ​သည် အာနက​၏​ဖခင်​ဖြစ်​၏​။​) 12ထို​မြို့​ဝန်းကျင်​ရှိ​ကျေးရွာ​နှင့် လယ်မြေ​များ​ကို ယေဖုန္နာ​၏​သား ကာလက်​အား အပိုင်​ပေး​လေ​၏​။ 13ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ လိဗန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သားမြေး​တို့​အား ပေး​၏​။ (​ဟေဗြုန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။​) 14ယတ္တိရ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဧရှတမော​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 15ဟောလုန်​မြို့​နှင့်​စားကျက်မြေ​များ​၊ ဒေဗိရ​မြို့​နှင့်​စားကျက်မြေ​များ​၊ 16အဣန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယုတ္တ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်​ဖြင့် မြို့​ကိုး​မြို့​ကို အမျိုးအနွယ်​နှစ်​နွယ်​ရ​သော​အမွေမြေ​မှ ခွဲဝေ​ပေး​ခြင်း​ဖြစ်​၏​။ 17ဗင်္ယာမိန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိဗောင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဗ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 18အာနသုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာလမုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။ 19အာရုန်​၏​သားမြေး​ဖြစ်​သော​ယဇ်ပုရောဟိတ်​တို့​သည် မြို့​ပေါင်း​တစ်ဆယ့်​သုံး​မြို့​နှင့် ထို​မြို့​တို့​ဝန်းကျင်​ရှိ စားကျက်မြေ​တို့​ကို ရ​လေ​၏​။
ကောဟတ်သားမြေးတို့အမွေရသောမြို့များ
20လေဝိ​အမျိုး ကောဟတ်​သားမြေး​တို့​မှ​ကျန်ရှိ​သော ကောဟတ်​သားမြေး​တို့​၏​မျိုးနွယ်စု​တို့ မဲကျ​သော​မြို့​များ​မှာ ဧဖရိမ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဖြစ်​၏​။ 21သူ​တို့​အား ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ (ရှေခင်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။) 22ကိဗဇိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။ 23ဒန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဧလတေက​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂိဗ္ဗသုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 24အာယလုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို​လည်း ပေး​၏​။ 25မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ တာနက်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​နှစ်​မြို့​ကို​လည်း ပေး​၏​။ 26ကျန်ရှိ​သော​ကောဟတ်​သားမြေး​၏​မျိုးနွယ်စု​တို့ ရရှိ​သော​မြို့​စုစုပေါင်း​မှာ မြို့​ဆယ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။
ဂေရရှုန်သားမြေးတို့အမွေရသောမြို့များ
27လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​ဖြစ်​သော​ဂေရရှုန်​သားမြေး​တို့​ကို​ကား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေရှတေရ​မြို့​နှင့် စားကျက်မြေ​များ​ကို​ပေး​၏​။ (​ဂေါလန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။​) 28ဣသခါ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း ကိရှုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 29ယာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အင်္ဂန္နိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။ 30အာရှာ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း မိရှာလ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာဗဒုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 31ဟေလကတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရဟောဘ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။ 32နဿလိ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း ဂါလိလဲ​ပြည်​၊ ကေဒေရှ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟမ္မုန်ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကာတံ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​သုံး​မြို့​ကို ပေး​၏​။ (​ကေဒေရှ​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။​) 33ဂေရရှုန်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​စုစုပေါင်း​မှာ တစ်ဆယ့်​သုံး​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။
မေရာရိသားမြေးတို့အမွေရသောမြို့များ
34လေဝိ​အမျိုး​ထဲမှ​ကျန်ရှိ​သော မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​တို့​အား ဇာဗုလုန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ယောကနမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကာတ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 35ဒိမန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ နဟာလာလ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို​ပေး​၏​။ 36ရုဗင်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဗေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဟတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 37ကေဒမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မေဖတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။ 38ဂဒ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 39ဟေရှဘုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​ပေါင်း​လေး​မြို့​ကို ပေး​၏​။ (​ရာမုတ်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။​) 40လေဝိ​မျိုးနွယ်စု​ထဲမှ​ကျန်ရှိ​သော မေရာရိ​သားမြေး​တို့ မျိုးနွယ်စု​အလိုက် မဲချ​၍ သူ​တို့​ရ​သော​မြို့​စုစုပေါင်း​မှာ တစ်ဆယ့်​နှစ်​မြို့ ဖြစ်​၏​။ 41အစ္စရေး​သားမြေး​တို့ ပိုင်​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့ ရရှိ​သော​မြို့​စုစုပေါင်း​မှာ လေးဆယ့်​ရှစ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။ 42ထို​မြို့​အားလုံး​တို့​၏​ပတ်ပတ်လည်​တွင် စားကျက်မြေ​များ​ရှိ​၏​။
ထာဝရဘုရား၏ကတိတော်များပြည့်စုံလာခြင်း
43ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို ပေး​မည်​ဟု ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သူ​တို့​အား​ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​ကို သိမ်းပိုက်​၍​နေထိုင်​ကြ​လေ​၏​။ 44ထာဝရဘုရား​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​နေလေရာရာ​၌ အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏​။ သူ​တို့​ရှေ့​တွင် မည်သည့်​ရန်သူ​မျှ မ​ခံရပ်​နိုင်​။ ထာဝရဘုရား​သည် သူ​တို့​၏​ရန်သူ​ရှိသမျှ​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၏​။ 45ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ကောင်းစား​စေ​မည်​ဟု မိန့်မှာ​တော်မူ​ခဲ့​သည့်​ကတိ တစ်စုံတစ်ခု​မျှ မ​ပျက်ကွက်​ဘဲ အလုံးစုံ​ပြည့်စုံ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ