YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 20

20
ခိုလှုံရာမြို့များ
1ထို့နောက်မှ ယောရှု​အား ထာဝရဘုရား​က 2“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘မောရှေ​မှတစ်ဆင့် ငါ​မိန့်မှာ​ခဲ့​သည့်​အတိုင်း သင်​တို့​အဖို့ ခိုလှုံ​ရာ​မြို့​ကို ရွေးချယ်​ထား​လော့​။ 3မရည်ရွယ်​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​မြို့​တို့​သို့​ပြေးသွား​နိုင်​၏​။ ထို​မြို့​တို့​သည် လက်စားချေ​မည့်​သူ​၏​လက်​မှ လွတ်မြောက်​ရန် သင်​တို့​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။ 4လူသတ်သမား​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ပြေးသွား​သောအခါ မြို့​တံခါး​အဝင်ဝ​၌​ရပ်​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​အား မိမိ​အမှုကိစ္စ​များ​ကို ပြောပြ​ရ​မည်​။ အကြီးအကဲ​တို့​သည် လူသတ်သမား​ကို မြို့​ထဲသို့​ခေါ်သွား​၍ နေရာ​ချပေး​ရ​မည်​။ သူ​တို့​နှင့်အတူ နေထိုင်​စေ​ရ​မည်​။ 5သူ​သည် မိမိ​အိမ်နီးချင်း​အပေါ် အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​ခြင်း​ဖြစ်​သောကြောင့် လက်စားချေ​သော​သူ​သည် သူ့​နောက်သို့​လိုက်လာ​သောအခါ သူ့​ကို လက်စားချေ​သူ​လက်​သို့ မ​အပ်​ရ​။ 6လူသတ်သမား​သည် လူထု​ရှေ့​တွင် ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ​၊ ထို​ကာလ​ရှိ ယဇ်ပုရောဟိတ်​မင်း မ​ကွယ်လွန်​မီ ထို​မြို့​၌ နေ​ရ​မည်​။ ထို့နောက်မှ သူ​ထွက်ပြေး​လာ​ခဲ့​သော သူ့​မြို့​၊ သူ့​အိမ်​သို့ ပြန်လာ​ခွင့်​ရှိ​၏​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
7ထို့ကြောင့် သူ​တို့​သည် ဂါလိလဲ​ပြည်​၊ နဿလိ​တောင်ပေါ်ဒေသ​ရှိ ကေဒေရှ​မြို့​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​၊ ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​တို့​ကို ရွေးချယ်​၏​။ 8ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် ရုဗင်​အမျိုးအနွယ်​ပိုင် ကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုးအနွယ်​ပိုင် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုးအနွယ်​ပိုင် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​တို့​ကို ရွေးချယ်​၏​။
9ဤ​မြို့​များ​ကား အစ္စရေး​အမျိုးသား​များ​ဖြစ်စေ​၊ သူ​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​များ​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ မည်သူမဆို လူထု​ရှေ့​တွင် တရားစီရင်​ခြင်း​မ​ခံရ​မီ လက်စားချေ​မည့်​သူ​၏​လက်​၌ မ​သေ​ရ​မည့်​အကြောင်း ပြေးသွား​၍​ခိုလှုံ​ရန် ရွေးချယ်​ထား​သော​မြို့​များ ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ